ဧပြီလ ၂၆ ရက်ထိပ်တန်းသတင်းများ- ကရင်အမျိုးသားအစည်းအရုံးရဲ့ ၁၇ ကြိမ်မြောက် ညီလာခံ ကျင်းပနေ

၂၀၁၇ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ၁၆ ကြိမ်မြောက် KNU ညီလာခံ

ဓာတ်ပုံ ရင်းမြစ်, KNU

ဓာတ်ပုံ ပုံစာ, ၂၀၁၇ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ၁၆ ကြိမ်မြောက် KNU ညီလာခံ
ရေးသားခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ၁၇ ကြိမ်မြောက် ညီလာခံကို လေးဝါးဌာနချုပ်မှာ ဧပြီလ ၂၄ ရက်နေ့ကစလို့ စတင်ကျင်းပနေပါတယ်။

အဲဒီညီလာခံကို ၅ ရက်ကြာ ကျင်းပမှာဖြစ်ပြီး ဗဟိုအမြဲတမ်းကော်မတီဝင်တွေနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေက လူကိုယ်တိုင် တက်ရောက်နေကြပြီး တပ်မဟာ ကိုယ်စားလှယ်တွေကတော့ အွန်လိုင်းကနေ တက်ရောက်နေကြတယ်လို့ ဘီဘီစီကစုံစမ်း သိရှိရပါတယ်။

လက်ရှိ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီတို့ဟာ အပစ်ခတ်ရပ်စဲမှုသဘောတူညီချက်စာချုပ်(NCA) လမ်းကြောင်းနဲ့ ဆက်သွားဖို့ ဆွေးနွေးဖို့ ရှိနေပြီး ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်း‌ရေးမှူချုပ်နဲ့ ဒုစစ်ဦးစီးချုပ်တို့ကတော့ စစ်အာဏာသိမ်းမှုအပြီးပေါ်ပေါက်လာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းတာနဲ့ တိုက်ခိုက်ရေးလမ်းစဥ်ကို ဆွေးနွေးနိုင်တယ်လို့ ယူဆချက်တွေလည်းရှိနေပါတယ်။

ကိုဗစ်ကပ်ရောဂါဘေးနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်း ကေအဲန်ယူ ညီလာခံ မကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။

ကရင်အရပ်ဘက်အဖွဲ့အစည်းတွေက ကေအဲန်ယူအဖွဲ့အစည်းအတွင်းက ခေါင်းဆောင်ပိုင်းတွေအပေါ် မေးခွန်းထုတ်မှုတွေနဲ့ ညီလာခံခေါ်ယူဖို့ တိုက်တွန်းတာတွေရှိခဲ့အပြီးမှာ အခုညီလာခံ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၆ ကြိမ်မြောက် ညီလာခံတုန်းကတော့ ဗဟိုအမြဲတမ်းကော်မတီ (၄၁) ဦးကို လျှို့ဝှက်မဲနဲ့ ရွေးချယ်ခဲ့ပြီး ဗဟိုအလုပ်မှုဆောင် ကော်မတီ (၁၄) ဦးအပါအဝင် အစည်းအရုံးရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စုစုပေါင်း (၅၅) ဦးကို ရွေးချယ်တင်မြှောက် အတည်ပြုခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုအပြီးနောက် လက်နက်ကိုင်တော်လှန်ရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်နေတဲ့ ကေအဲန်ယူရဲ့ လမ်းစဥ်တစ်ခုကို အခုညီလာခံအပြီးမှာ မြင်တွေ့ရမှာဖြစ်တာကြောင့် ညီလာခံကို အများက စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။

မြန်မာ့အရေးဆွေးနွေးပွဲကို ဒေလီမှာ လျှို့၀ှက်ပြုလုပ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ ဒေလီမြို့မှာ ၂၀၁၉ ခုနှစ်တုန်းကတွေ့ဆုံချိန်

ဓာတ်ပုံ ရင်းမြစ်, အိန္ဒိယဝန်ကြီးချုပ်ရုံး

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ ဒေလီမြို့မှာ ၂၀၁၉ ခုနှစ်တုန်းကတွေ့ဆုံချိန်

အစိုးရအရာရှိတွေရော၊ အစိုးရမဟုတ်တဲ့တတ်သိပညာရှင်တွေပါ ပါဝင်တဲ့ မြန်မာ့အရေးဆိုင်ရာ (Track 1.5 Dialogue) ဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ မနေ့ ဧပြီလ ၂၅ ရက်တုန်းက ကျင်းပခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအောက်မှာ ဖွဲ့စည်းထားတဲ့ အိန္ဒိယ ကမ္ဘာ့ရေးရာ ကောင်စီ(ICWA) က ဦးဆောင်ကျင်းပနေတာဖြစ်ပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာန သတင်းဖော်ပြပါတယ်။

ဒီဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့ မတ်လတုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲ ဆွေးနွေးမှုဖြစ်ပြီး အဲဒီတုန်းက တိုးတက်မှုတစုံတရာရှိခဲ့တာကြောင့် အခုဆွေးနွေးပွဲ ထွက်ပေါ်လာတာလို့ သိရပါတယ်။

ဒေလီမှာကျင်းပနေတဲ့ ဒီဆွေးနွေးပွဲကိုတော့ အိန္ဒိယ၊ တရုတ်နဲ့ မြန်မာအပါအဝင် လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

‘’လက်ရှိ မြန်မာ့အခြေအနေအပြင်၊ အကြမ်းဖက်မှုလျှော့ချဖို့၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို တုံ့ပြန်ဖို့၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးပို့ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်’’ လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အိန္ဒိယသတင်းကွန်ရက် ABP လည်း သတင်းဖော်ပြပါတယ်။

ရိုက်တာသတင်းဌာနကတော့ ဆွေးနွေးပွဲမှာပါဝင်သူတွေဟာ အခုလိုဆွေးနွေးပွဲလုပ်ငန်းစဥ်မှာ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ဘက်ကိုပါ ပါဝင်စေလိုတဲ့ဆန္ဒရှိတဲ့အကြောင်းပြသခဲ့တယ်လို့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တွေက ပြောထားတယ်လို့ ဆိုပါတယ်။

အစိုးရတွေ အချင်းချင်းဆွေးနွေးတဲ့အခါ Track 1၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဆွေးနွေးတဲ့အခါ Track 2 လို့ ခေါ်ဝေါ်ပေမဲ့ အခု ဒေလီမှာဆွေးနွေးတဲ့ပွဲကတော့ အစိုးရအရာရှိတွေရော၊ အရပ်ဘက် တတ်သိပညာရှင်တွေပါ ပါဝင်တာကြောင့် Track 1.5 ဆွေးနွေးပွဲလို့ သုံးနှုန်းတာဖြစ်ပါတယ်။

တပ်ကုန်းမြို့နယ်မှာ ကုန်ရထား လမ်းချော်မှုဖြစ်

ရထားလမ်းချော်မှုဖြစ်

ဓာတ်ပုံ ရင်းမြစ်, MOI

နေပြည်တော်၊ တပ်ကုန်းမြို့နယ်ထဲက မန္တလေး-ရန်ကုန် မီးရထားလမ်းပိုင်းမှာ ကုန်ရထားတွဲ ဒီနေ့ ဧပြီလ ၂၆ ရက် မနက်ပိုင်းက လမ်းချော်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တွဲဆိုင်း ၃၂ တွဲပါတဲ့ အဲဒီကုန်ရထားဟာ တပ်ကုန်းမြို့နယ်၊ ရွှေမြို့ကျေးရွာအုပ်စု၊ ရွှေမြို့ဘူတာကနေ နေပြည်တော် ဘူတာကြီးဘက်ကို အထွက်မှာ လမ်းချော်မှုဖြစ်ခဲ့တာပါ။

အဲဒီရထားဟာ သကြားနဲ့ ပြောင်းကုန်တွေတင်လာတဲ့ရထားလို့ သိရပြီး ရထားတွဲချော်မှုကြောင့် အစုန်/အဆန် ရထားလမ်း ပိတ်ဆို့မှုဖြစ်ခဲ့ပေမဲ့ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။

အခုနှစ်အတွင်း မီးရထားလမ်းမှာ မိုင်းဆွဲခံရလို့ ရထားလမ်းချော်တာ၊ တွဲဆိုင်းပြတ်ကျန်တာတွေ မကြာခဏဖြစ်နေပြီး အခုလ အစောပိုင်းတုန်းကလည်း မော်လမြိုင်-ရန်ကုန်ရထားဟာ သထုံမြို့နယ်ထဲမှာ တွဲဆိုင်းပြတ်ကျန်မှုဖြစ်ခဲ့တာကြောင့် ခရီးသည်တွေဟာ သထုံကနေတဆင့် ကားနဲ့ ခရီးဆက်ခဲ့ရပါတယ်။

တန့်ဆည်မြို့နယ်ထဲက စစ်တပ်နဲ့ပျူစောထီးစခန်း တိုက်ခိုက်ခံရ

ကန့်ဘလူနယ်ထဲက ညောင်ဇင်ရွာမှာမြင်ရတဲ့ ပျူစောထီးစခန်းလို့ ဒေသတွင်း အခြေစိုက် infinity group က ရေးသားဖော်ပြ

ဓာတ်ပုံ ရင်းမြစ်, Infinity Group

ဓာတ်ပုံ ပုံစာ, ကန့်ဘလူနယ်ထဲက ညောင်ဇင်ရွာမှာမြင်ရတဲ့ ပျူစောထီးစခန်းလို့ ဒေသတွင်း အခြေစိုက် infinity group က ရေးသားဖော်ပြ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ နားဋောင်းကျကျေးရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရှိနေတဲ့နေရာကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီရွာထဲက စစ်တပ်နဲ့ ဒေသခံတွေအခေါ် စစ်တပ်ယိမ်း ပျူစောထီးလက်နက်ကိုင်တွေရှိတဲ့နေရာကို မနေ့ ဧပြီလ ၂၅ ရက် မနက်ပိုင်းမှာ ရွှေဘိုခရိုင်ထဲမှာရှိတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ၁၀ ဦးထက်မနည်းသေဆုံးပြီး သေနတ် ၇လက်အပြင် လက်နက်ခဲယမ်းနဲ့ စစ်ဝတ်စုံတွေရရှိခဲ့တယ်လို့ ပူးပေါင်းအဖွဲ့တွေဘက်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နားဋောင်းကျကျေးရွာဟာ တည့်ဆည်နဲ့ ကန့်ဘလူမြို့နယ်နယ်စပ်၊ မူးမြစ်ကမ်းဘေးမှာရှိပြီး အဲဒီနေရာတွေဟာ စစ်ကောင်စီတပ်ကို ထောက်ခံတဲ့ပျူစောထီးတွေ ကျင်လည်နေတဲ့နေရာဖြစ်တယ်လို့ ဒေသတွင်း သီတင်းတွေမှာ ဖော်ြပပါတယ်။

စစ်ကောင်စီဘက်ကတော့ နား‌ဋောင်းကျရွာဖြစ်စဥ်နဲ့ပတ်သက်ပြီး တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

တာ့ခ်ခရိုင်မှာ မြန်မာ ၂ ဦး မိုးကြိုးပစ်ခံရပြီးသေဆုံး

အခင်းဖြစ်တဲ့နေရာ

ဓာတ်ပုံ ရင်းမြစ်, AEC ASEAN News

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖော့ဖရာမြို့နယ်ထဲမှာ မြန်မာလုပ်သား ၂ ဦး မိုးကြိုးပစ်ခတ်ခံရပြီးနောက် သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။

သေဆုံးသူ ၂ ဦးဟာ မနေ့ ဧပြီလ ၂၅ ရက်မှာ မိုးသက်လေပြင်းကျချိန် ဖော့ဖရာမြို့နယ်ထဲက ဟွာဖိုင်ရွာအဆုံး တောလမ်းမှာ မိုးကြိုးပစ်ခတ်ခံရပြီး သေဆုံးခဲ့တာလို့ဆိုပါတယ်။

သေဆုံးသူတွေဟာ အသက် ၂၁ နှစ်အရွယ် အမျိုးသား ကိုအားဆင်နဲ့ အသက် ၂၀ အရွယ် အမျိုးသမီး မမွှေးတို့ဖြစ်ပြီး ဆိုင်ကယ်စီးလာချိန် မိုးကြိုးပစ်ခတ်ခံခဲ့ရတာလို့ မျက်မြင်တွေကို ကိုးကားပြီး ထိုင်းသတင်းဌာန AEC အာဆီယံက သတင်းဖော်ပြပါတယ်။

ခြံအလုပ်သမားအဝတ်တွေ ဝတ်ထားတဲ့ သူတို့ရဲ့အလောင်းတွေကိုတော့ စီးလာတဲ့ဆိုင်ကယ်အနီးမှာပဲ တွေ့ခဲ့ရတာလို့လည်း ဆိုပါတယ်။

အပူချိန် ၄၂ ဒီဂရီ စင်တီဂရိတ် အထိ ဖြစ်ခဲ့တဲ့ ရန်ကုန်မှာ မိုးရွာပါဦးမလား

Yangon

အပူချိန်လွန်ကဲလို့ ရုတ်တရတ် သေဆုံးသူတချို့လည်းရှိနေ

မြန်မာနိုင်ငံရဲ့ အထင်ကရမြို့တော် ရန်ကုန်မှာ ဧပြီ ၂၅ ရက်နေ့မှာ အပူချိန် ၄၂ ဒီဂရီ စင်တီဂရိတ်ကို ရောက်ရှိခဲ့ပြီး ဒါဟာနှစ်စဥ် အပူချိန်တွေမြင့်တက်လေ့ရှိတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာ၊ မကွေးတိုင်းချောက် တို့ရဲ့အပူချိန်လောက်ထိ ရှိလာတာကို မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ တွေ့ရှိရပါတယ်။

မိုးဇလထုတ်ပြန်ချက်အရ ဧပြီ ၂၅ ရက်နေ့မှာအမြင့်ဆုံးအပူချိန်တွေအဖြစ် မကွေးတိုင်းချောက်၊ တောင်တွင်းကြီးနဲ့ မကွေးမြို့တို့မှာ ၄၂ ဒီဂရီ စင်တီဂရိတ်အထိ ရှိခဲ့တာကိုတွေ့ရပြီး ရန်ကုန်မှာတော့

မှော်ဘီနဲ့ ခရမ်းမြို့နယ်တွေမှာ အမြင့်ဆုံးအပူချိန် ၄၂ ဒီဂရီ စင်တီဂရိတ်ထိရောက်ခဲ့ပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ် ဘားအံနဲ့ မွန်ပြည်နယ်ဘီးလင်းတို့မှာလည်း အမြင့်ဆုံးအပူချိန် ၄၂ ထိ ရောက်ခဲ့တာတွေ့ရသလို သိမ်ဖြူဇရပ်မြိုန့ယ်ဆိုရင်တော့ အမြင့်ဆုံးအပူချိန် ၄၃ ထိ ရောက်ခဲ့ကာ မနေ့ကတစ်ရက်လုံးမှာ သိမ်ဖြူဇရပ်ဟာ တစ်နိုင်ငံလုံးမှာ အမြင့်ဆုံးအပူချိန်ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။

သင်္ကြန်အပြီး ဧပြီလလယ်ကစလို့ နိုင်ငံတဝန်းအပူချိန် တွေပိုမိုမြင့်တက်လာရာကနေ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာဆို မြို့နယ်တချို့မှာ အမြင့်ဆုံးအပူချိန်ဟာ ၄၄ နဲ့ ၄၅ အထိ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ဧပြီ ၂၁ ရက်ညနေပိုင်းမှာ စစ်ကိုင်းတိုင်းကနီ၊ နေပြည်တော်လယ်ဝေးတို့မှာ လေပြင်းတွေတိုက်လို့ အိမ်ရာချီ ပျက်စီးဆုံးရှုံးကာ လူ ၈ ဦးလည်း သေဆုံးခဲ့ပါတယ်။

မန္တလေးတိုင်းမှာဆိုရင်လည်း မိုးသည်းထန်စွာရွာသွန်းတာတွေရှိခဲ့ပါတယ်။

ဒါပေမဲ့ အပူချိန် ၄၂ ထိရောက်လာခဲ့တဲ့ ရန်ကုန်မှာတော့ အခု ဧပြီ ၂၆ ရက်မွန်းလွဲပိုင်းထိ မိုးရွာသွန်းတာ မရှိသေးသလို မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ ထုတ်ပြန်တဲ့ မိုးလေဝသ ခန့်မှန်းချက်အရလည်း ဧပြီ ၂၆ ရက်ကနေ နောက်ထပ် နှစ်ရက်အထိ မိုးရွာသွန်းမယ့်ဒေသတွေထဲ ရန်ကုန်မြို့မပါဝင်သလို ဒီနေ့ညနေထိ ခန့်မှန်းချက်အရလည်း ရန်ကုန်တဝိုက်တိမ်အသင့်အတင့်ဖြစ်ထွန်းမယ်လို့ပါရှိပါတယ်။

ရန်ကုန်မန္တလေးအပါအဝင် အပူချိန် မြင့်မားတဲ့ဒေသတချို့မှာအပူချိန်ကြောင့် ရုတ်တရက် အသက်ဆုံးရှုံးတာတွေရှိနေကြောင်း အဲဒီလိုလူနာတွေကို သယ်ဆောင်ပေးရတဲ့ ပရဟိတအသင်းတချို့က ထုတ်ပြန်ထားတာတွေရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်တုန်းက မရမ်းကုန်းမြို့နယ်မင်းဓမ္မလမ်းမှာ အပူချိန်ပြင်းထန်မှုကြောင့် အသက် ၇၀ အရွယ်အမျိုးသားတစ်ဦး မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ လဲကျသေဆုံးသွားခဲ့ကြောင်း မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့က ပြောကြားထားသလို ဧပြီ ၁၀ ရက်နေ့ကလည်း ဗဟန်းမြို့နယ်အတွင်းမှော်ဘီကနေ စက်ဘီးစီးပြီးပြန်လာသူအမျိုးသားတစ်ဦး လဲကျသေဆုံးခဲ့တဲ့ဖြစ်စဥ်တွေရှိခဲ့ပါတယ်။

နိုင်ငံရေးပါတီ ၅ ခုကို မှတ်ပုံတင်တွေ ဆက်တိုက်ချပေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး

ဓာတ်ပုံ ရင်းမြစ်, UEC

ဓာတ်ပုံ ပုံစာ, ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကို ဧပြီ ၂၀ ရက်နေ့မှာ မှတ်ပုံတင်ခွင့်ပြုပြီးတဲ့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်ပတ်အတွင်း ပါတီ ၅ ခုကို မှတ်ပုံတင်ခွင့်ပြုခဲ့ပါတယ်။

လက်ရှိ အချိန်အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တို့ကို မှတ်ပုံတင်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ တည်ဆဲပါတီ ၅၀ က အရင်ဆုံးမှတ်ပုံတင်ပြန်လျှောက်တဲ့ ပါတီတွေကို အစဉ်လိုက်ခွင့်ပြုပေးနေတာ တွေ့ရပါတယ်။

ဒါပေမဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ထက် အရင်မှတ်ပုံတင်ခဲ့တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ(PNO) နဲ့ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ် တို့ကိုတော့ မှတ်ပုံတင်ခွင့်ပြုတာ မတွေ့ရပါဘူး။

ဒါကြောင့် ပါတီခေါင်းဆောင်တချို့က သူတို့ပါတီတွေကိုမှတ်ပုံတင်မချပေးတာနဲ့ ပတ်သက်လို့ ဒီကနေ့ မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စုံစမ်းတာတွေရှိခဲ့ပါတယ်။

“ကော်မရှင်က ကျွန်တော်တို့ကို မှတ်ပုံတင်ခွင့်မပြုဘူးလို့တော့ မပြောဘူး။ ပြည်ထဲရေးက စိစစ်နေတာတွေ ပြန်မပို့သေးလို့ မှတ်ပုံတင်မချပေးသေးတာလို့ ပြောတယ်။ စိစစ်ဆဲဆိုတဲ့သဘောပေါ့’’ လို့ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းကပြောပါတယ်။

ဒါ့အပြင် ပါတီသစ် ၁၃ ပါတီ လျှောက်ထားတဲ့အထဲက ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီ ကို ဧပြီ ၂၅ ရက်မှာ ပထမဆုံး တည်ထောင်ခွင့်ချပေးလိုက်ပါတယ်။

တည်ထောင်ခွင့်ချတဲ့ပါတီဟာ ရက်ပေါင်း ၃၀ အတွင်း ပါတီမှတ်ပုံတင် ထပ်မံလျှောက်ထားရမှာဖြစ်ပါတယ်။

မစ္စတာဘန်ကီမွန်းနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံမှုကို NUG ယာယီသမ္မတ ရှုတ်ချပြောဆို

NUG ယာယီသမ္မတ

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ပုံစာ, NUG ယာယီသမ္မတ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာပြည်တွင်း ခရီးစဥ်ဟာ ကျင့်ဝတ်အားဖြင့် မလျော်ကန်တဲ့ ကိစ္စ ဆိုပြီး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဧပြီလ ၂၅ ရက်တုန်းက ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတကပြော လိုက်တာဖြစ်ပါတယ်။

“နိုင်ငံတကာ ဇာတ်ခုံမှာ လူမိုက်ကို ပွဲထုတ်နေတယ်လို့ ယူဆပါတယ်။ ဒါဟာ ကျင့်ဝတ်အားဖြင့် မလျော်ကန်တဲ့ ကိစ္စလို့လည်း ယူဆပါတယ်။ နိုင်ငံတကာအစုအဖွဲ့ကိုယ်စားလှယ်တွေဟာ အကြမ်းဖက် စစ်ကောင်စီကို ယဉ်ကျေးအောင် ချော့မြူနိုင်ဖို့ ကြိုးစားနေဟန်ရှိပါတယ်။ ယခင် စစ်အစိုးရ အဆက်ဆက်မှာလည်း ဒီလို ပုံသေနည်းနဲ့ ချည်းကပ်ခဲ့လို့၊ ကျွန်တော်တို့ နိုင်ငံမှာ စစ်အာဏာရှင်ဟာ သက်ဆိုးရှည်နေခဲ့တာ တွေ့ရတယ်’’လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဥ်ကို မူအားဖြင့် ရှုတ်ချသင့်သလို စစ်အာဏာာရှင်တွေကို သက်ဆိုးရှည်အောင်နဲ့ အသက်ရှုပေါက်ချောင်အောင် လုပ်နေတယ်လို့ ယူဆတယ်ဆိုပြီးတော့လည်း သူက ပြောပါတယ်။

ကုလအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းဟာ ငြိမ်းချမ်းရေးနဲ့လူ့အခွင့်အရေးအတွက် ကမ္ဘာ့ ခေါင်းဆောင်တွေနဲ့ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌ အနေနဲ့ မြန်မာနိုင်ငံကိုလာရောက် ခဲ့တာဖြစ်ပါတယ်။

မစ္စတာ ဘန်ကီမွန်းကတော့ သူ့ခရီးစဥ်ဟာ ရေရှည်တည်တံ့ ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်ထွန်းရေး၊ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးပေါ်ပေါက်ဖို့ ရည်ရွယ်တယ်လို့ ပြောထားပြီး အကြမ်းဖက်မှု လျှော့ချဖို့၊ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်ကောင်စီဘက်ကတော့ စစ်ခေါင်းဆောင်နဲ့ မစ္စတာဘန်ကီမွန်းတို့တွေ့ဆုံချိန် နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ပဲ သတင်းထုတ်ပြန်ထားပါတယ်။

The elders အဖွဲ့ကို ၂၀၀၇ ခုနှစ်မှာ တောင်အာဖရိကသမ္မတဟောင်း နယ်ဆင်မန်ဒဲလားက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေနဲ့လူထုကြား ကျော်ကြားထင်ရှားတဲ့ သူတွေ ပါဝင်စုဖွဲ့ထားတာဖြစ်လို့ နိုင်ငံရေးရာထူးလက်ကိုင်မရှိတော့ပေမဲ့လည်း သက်ဆိုင်ရာနိုင်ငံတွေပေါ်မှာ သြဇာလွှမ်းမိုးမှုရှိတဲ့ ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

အခုလာရောက်တဲ့မစ္စတာဘန်ကီမွန်းဟာ နအဖ စစ်အစိုးရလက်ထက်မှာ ဖမ်းဆီးအကျဥ်းကျခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အဲဒီတုန်းက စစ်အစိုးရခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လာရောက်တွေ့ဆုံတောင်းဆိုခဲ့တာလည်းရှိခဲ့ဖူးပါတယ်။

ခရမ်း PDF ၇ ဦးကို လက်နက်တွေနဲ့ဖမ်းမိ

ဖမ်းဆီးခံရသူတွေနဲ့အတူ သိမ်းဆည်းမိတယ်ဆိုတဲ့ လက်နက်ခဲယမ်း

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံရသူတွေနဲ့အတူ သိမ်းဆည်းမိတယ်ဆိုတဲ့ လက်နက်ခဲယမ်း

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိတယ်ဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

သူတို့ထဲက ၆ ဦးကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်နဲ့ ဒေါပုံမြို့နယ်တွေမှာ ၃ ယောက်စီ ခွဲပြီး တိမ်းရှောင်နေတုန်းမှာ ဖမ်းမိခဲ့တာဖြစ်ပြီး နောက် ၁ ဦးကိုတော့ သံလျင်မြို့နယ်ထဲမှာ အခုတစ်ပတ်အတွင်း ဖမ်းမိခဲ့တာလို့ စစ်ကောင်စီဘက်က ဧပြီလ ၂၅ ရက်မှာ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သင်္ကြန်ကာလအတွင်း ခရမ်းမြို့နယ်ရဲစခန်းကို PDF တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်လို့ ရဲ ၂ ဦးသေဆုံးပြီး နောက်ထပ် ၂ ဦးထက်မနည်း ဒဏ်ရာရတဲ့ဖြစ်ရပ်ဖြစ်အပြီးမှာ ခရမ်း PDF တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရမှု ထွက်ပေါ်လာတာပါ။

စစ်ကောင်စီဘက်ကတော့ အခုဖမ်းဆီးခံရသူ ၆ ဦးနဲ့ နောက်ထပ်ဖမ်းဆီးဖို့ ကျန်သူ အမျိုးသား ၂၀ ထက်မနည်းဟာ ခရမ်းမြို့နယ်ထဲ အမျိုးသား ၃ ဦးသတ်ဖြတ်ခံရမှု၊ ရဲကင်းစခန်းနဲ့ စစ်ဆေးရေးဂိတ်တွေ ပစ်ခတ်တိုက်ခိုက်ခံရမှုတွေပြုလုပ်ခဲ့တယ်ပြောပါတယ်။

ခရမ်း PDF ကတော့ အဖွဲ့ဝင် ၆ ဦးဖမ်းဆီးခံရပြီးတဲ့နောက် စစ်ကောင်စီက သူ့တို့ကနေတဆင့် ကွင်းဆက်တွေကို ဖမ်းဆီးတာ၊ မြို့ခံတွေကို ဖမ်းဆီးတာတွေလုပ်နေတာကြောင့် ဖမ်းဆီးခံရသူတွေနဲ့ အဆက်အသွယ်မလုပ်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လူမှုကွန်ရက်ကနေ ပြောထားပါတယ်။