ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မတ် ၂ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - ရမခတိုင်းမှူး အပါအဝင် စစ်တပ်အရာရှိ ၄ ဦး စစ်ဆေးခံနေရ
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) တိုင်းမှူးသစ်အဖြစ်တာဝန်ယူထားတဲ့ ဗိုလ်ချုပ်မြင့်ကျော်ထွန်း၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးထွန်းနိုင်စိုး အပါအဝင် စစ်တပ်အရာရှိ ၄ ဦးကို နေပြည်တော်မှာ ထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေလုပ်နေတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က တပ်တွင်းသတင်းအရင်းအမြစ်ကို ကိုးကားပြီး ပြောသလို နေပြည်တော် စစ်ဖက်ရင်းမြစ်ကလည်း အတည်ပြုပါတယ်။
စစ်ဆေးခံနေရတဲ့ ၄ ဦးထဲမှာ မိုင်းရယ်စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးမြတ်မော်အောင်နဲ့ တန့်ယန်းအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းတင် တို့ ပါဝင်ပြီး ပြီးခဲ့တဲ့ တစ်ပတ်ကစပြီး စစ်ဆေးနေတာလို့ဆိုပါတယ်။
ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ် MNDAA တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုင်းစစ်ဌာနချုပ်ကို လားရှိုးရဲ့ အရှေ့တောင်ဘက် မိုင် ၄၀ ခန့် အကွာက မိုင်းရယ်မြို့မှာ ပြန်လည်စုဖွဲ့ထားတာဖြစ်ပါတယ်။
ရမခ စစ်ဌာနချုပ်နေရာသစ်ကို တိုင်းမှူးအသစ်အဖြစ် ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်မြင့်ကျော်ထွန်း က တာဝန်ယူထားတာ ဖြစ်ပါတယ်။
ဘာကြောင့် စစ်ဆေးခံနေရတယ်ဆိုတာကို ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပြီး သတင်းရင်းမြစ်တချို့ကတော့ ကျားဖြန့်ဂိုဏ်းတွေနဲ့ ဆက်စပ်တယ်လို့ ပြောပါတယ်။
" ကျားဖြန့်ကိစ္စနဲ့စစ်ဆေးခံရတာဖြစ်မယ်။ ဒီ ၄ ယောက် ဆက်ဖော်ရင် တော်တော်များများဆက်ပြီး ဖမ်းဆီးခံရမယ့်အနေအထားဖြစ်လာနိုင်တယ်" လို့ သူကပြောပါတယ်။
တရုတ်ပြည်သူ့လုံခြုံရေးဌာနက စစ်ကောင်စီကို အမည်စာရင်း ပေးတာကြောင့် စစ်ဆေးခံနေရတာလို့ ဗိုလ်ကြီးဇင်ယော်က တပ်တွင်းသတင်းအရင်းအမြစ်ကို ကိုးကားပြီး ဖြည့်စွက်ပြောပါတယ်။
ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ရမခတိုင်းမှူးနေရာကို ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အေးမင်းဦးကို အစားထိုးခန့်ထားပြီး ကျန် ၃ ယောက်ကိုတော့ ဘယ်သူတွေနဲ့ အစားထိုးခန့်တယ်ဆိုတာ စိစစ်နေဆဲပဲရှိပါသေးတယ်လို့ ဗိုလ်ကြီးဇင်ယော်ကပြောပါတယ်။
တရုတ်ဟာ ရှမ်းမြောက်ကကျားဖြန့် နှိမ်နင်းရေးမှာ ကိုးကန့်ဒေသထဲက အချမ်းသားဆုံး ပယ် မိသားစု၊ မြီ မိသားစု၊ ဝေ မိသားစု နဲ့ လျို မိသားစု တို့ကို ဖမ်းဆီးထားသလို တရုတ်တရားရုံးမှာ ရုံးတင်စစ်ဆေးမှုတွေလုပ်နေပါတယ်။
မြန်မာက အာရှမှာ တတိယအဆင်းရဲဆုံး နိုင်ငံဖြစ်လာ
မြန်မာဟာ အာဖဂန်နစ္စတန်နဲ့ နီပေါပြီးရင် အာရှရဲ့ တတိယအဆင်းရဲဆုံးနိုင်ငံဖြစ်လာတယ်လို့ ကမ္ဘာ့လူဦးရေတိုးပွားမှု၊ တိုးတက်မှုအချက်အလက်တွေထုတ်ပြန်ပေးနေတဲ့ World Population Review အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အစီရင်ခံစာအရ စစ်အာဏာသိမ်းမှုလေးနှစ်ကျော်ရှိလာတဲ့ မြန်မာနိုင်ငံမှာ အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှေးတာ၊ ပြည်တွင်းပဋိပက္ခတွေနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာ စတဲ့အကြောင်းရင်းတွေကြောင့် အာရှရဲ့ တတိယ အဆင်းရဲဆုံးနိုင်ငံဖြစ်လာတာလို့ ဆိုပါတယ်။
ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကလည်း မတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေတွေ၊ ကုန်စျေးနှုန်းကြီးမြင့်မှု တွေနဲ့ လျှပ်စစ်မီးလို အခြေခံအဆောက်အဦဆိုင်ရာ လိုအပ်ချက်တွေတိုးလာလို့ ကောင်းကောင်း လည်ပတ် နိုင်ခြင်းမရှိတော့ဘူးလို့ စီးပွားရေးသမားတွေက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း စစ်တပ်အာဏာသိမ်းမှုကြောင့် စီးပွားရေးပိတ်ဆို့ခံထားရတဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာကြတာတွေရှိလာလို့ လာမယ့်နှစ်တွေမှာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားနိုင်တယ်လို့ စီးပွားရေးပညာရှင်တစ်ဦး သုံးသပ်ထားပါတယ်။
"ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံမှု ပတ်ဝန်းကျင် တစ်ခုလုံးပျက်စီးသွားတဲ့ အနေအထားမျိုးမှာရှိတယ်လေ။ ဒါကို နလံပြန်ထူအောင်လုပ်နိုင်ဖို့ အတွက်ကျတော့ အဓိက နိုင်ငံရေးတည်ငြိမ်သွားဖို့လိုတယ်" လို့ သူကဆိုပါတယ်။
ပြည်တွင်းစစ်ကြောင့် နိုင်ငံခြားဝင်ငွေကျဆင်းပြီး ပြည်တွင်းဝင်ငွေကိုအထောက်အကူပြုတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်နိုင်တော့တာကြောင့် အခုထက်တောင် ပိုဆိုးသွားမယ့် အနေအထား ရှိနေတယ်လို့ သူက ဖြည့်ပြောပါတယ်။
အခြေခံစားသောက် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကြောင့် ဝင်ငွေထွက်ငွေမလောက်ငှတဲ့ အခြေအနေ ကြုံနေရတယ်လို့ ရန်ကုန်က အိမ်ရှင်မ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
"ပြီးခဲ့တဲ့လေးနှစ်တုန်းက ကန်စွန်းရွက်တစ်စည်း သုံးရာလောက်ဟာ အခုတစ်ထောင်လောက်ဖြစ်နေပြီ၊ ဘယ်လိုလုပ်လောက်မှာလဲ။ သုံးဆလောက် အရာရာခုန်တက်သွားတာ"လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ နိုင်ငံတဝန်းက မြို့နယ် အများအပြားမှာ တိုက်ပွဲတွေဖြစ်ပွားနေသလို တချို့မြို့နယ် တွေမှာလည်း တိုက်ပွဲတွေနဲ့ နီးကပ်တာကြောင့် စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်ပြီး အလုပ် လက်မဲ့ ဦးရေလည်းတိုးနေတာ ဖြစ် ပါတယ်။
ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍ တိုးလုပ်ပြီး ပြည်ပက တင်သွင်းမှုတွေ လျှော့ချမယ်လို့ စစ်ခေါင်းဆောင်ပြော
နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍ တိုးတက်အောင်လုပ်ပြီး နိုင်ငံခြားကနေ တင်သွင်းနေရတဲ့ စားအုန်းဆီ၊ ချည်နဲ့ ချည်ထွက်ပစ္စည်း၊ အဝတ်အထည်တွေ တင်သွင်းမှုကို လျှော့ချသွားမယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ မတ် ၂ ရက်မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာမှာ ထည့်ပြောပါတယ်။
စိုက်ပျိုးရေးကဏ္ဍအတွက် မျိုး၊မြေ၊ရေ၊နည်း ဆိုတဲ့ နည်းလမ်း ၄ ခု နဲ့ နိုင်ငံတော်က ဖြည့်ဆည်းပေး နေသလို မွေးမြူရေးကဏ္ဍကိုလည်း ပံ့ပိုးပေးနေတာကြောင့် တောင်သူလယ်သမားတွေအနေနဲ့ လုပ်ငန်းတွေကို တိုးတက်အောင်လုပ်ဖို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားပါတယ်။
ဈေးနှုန်းမှန်တဲ့ သွင်းအားစုတွေကို တောင်သူတွေသုံးစွဲနိုင်ရေး မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့ ထိန်းကျောင်းလုပ်ဆောင်ပေးနေတယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ မတ် ၂ ရက်မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် တောင်သူလယ်သမားနေ့မှာ ပြောပါတယ်။
စစ်ခေါင်းဆောင်က ဈေးနှုန်းမှန်ရေးလုပ်ပေးနေတယ်ပြောပေမဲ့ စစ်အာဏာသိမ်းပြီးတဲ့နောက် ကျပ်ငွေတန်ဖိုးကျဆင်းပြီး ဒေါ်လာငွေတန်ဖိုးမြင့်တက်လို့ ပြည်တွင်းက စိုက်ပျိုးရေးသုံးပစ္စည်းစျေးကွက်ထဲမှာ မြေဩဇာနဲ့ ပိုးသတ်ဆေးတွေ စျေးအဆမတန် ကြီးမြင့်နေတယ်လို့ ရန်ကုန် ခရမ်း/သုံးခွဘက်က စပါးစိုက်တောင်သူအချို့က ဘီဘီစီကို အစောပိုင်း ၂၀၂၄ မိုးစပါးပျိုးချိန်မှာ ပြောထားပါတယ်။
နိုင်ငံအနှံ့မှာ ရေလှောင်တမံ ၂၄၆ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ကန် ၇၂ ခု၊ ရေတံခါး ၁၉၉ ခု၊ ရေတင်လုပ်ငန်း ၂၁၉ ခု၊ စုစုပေါင်း ၈၈၀ ခု တို့ လည်ပတ်နေတယ်လို့လည်း ထည့်ပြောပြီး ဒီဆောင်ရွက်ချက်ကြောင့် စိုက်ပျိုးသီးနှံဧက ၃၁ သိန်းကျော်ကို အကျိုးပြုနေတယ်လို့လည်း သူက ပြောပါတယ်။
စစ်ကောင်စီက စိုက်ပျိုး၊မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၂၄ ဒီဇင်ဘာ ၁၈ ရက်မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေး ကော်မရှင်ကိုဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်နဲ့ မန္တလေးက ပုဂ္ဂလိကဆေးရုံတချို့ ပိတ်သိမ်းရပ်နားခံရ
စစ်ကောင်စီလက်အောက် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ ရဲ့ ညွှန်ကြားချက်ကြောင့် ရန်ကုန်နဲ့ မန္တလေးက ပုဂ္ဂလိက ဆေးရုံတချို့ မတ် ၁ ရက်ကစပြီး ရပ်နားပိတ်သိမ်းထားရတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ပိတ်သိမ်းရတဲ့အကြောင်းအရင်းတွေထဲမှာ CDM ကျန်းမာရေးဝန်ထမ်းတချို့ကို ခန့်အပ်တာနဲ့ ကုသရေးပိုင်းမှာ ပေါ့လျော့တာကြောင့်လူနာ သေဆုံးမှုရှိခဲ့ရတဲ့ အကြောင်းပြချက်တွေပါတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကဆိုပါတယ်။
ဘီဘီစီရဲ့ ကျန်းမာရေးအသိုင်းအဝိုင်း သတင်းအရင်းအမြစ်ရဲ့ ပြောပြချက်အရ ၃ လကနေ ၁ နှစ်အထိ ပိတ်ရမယ့် ဆေးရုံ ၆ ခု ရှိပါတယ်။
ပိတ်သိမ်းစာရင်းထဲပါဝင်တဲ့ ဆေးရုံတချို့ကတော့ ယာယီပိတ်ကြောင်း လူမှုကွန်ရက်စာမျက်နှာ ကြေညာထားပါတယ်။
"ဘယ်တော့ ပြန်ဖွင့်ရမယ်ဆိုတာ မသိသေးပါဘူး။ လူနာအသစ်တွေ လက်ခံတာကို ပိတ်ရမဲ့အကြောင်းကြား စာရကတည်းကတော့ ရပ်ထားတယ်။ လူနာတွေနဲ့ ဝန်ထမ်းတွေ အခက်အခဲဖြစ်ကုန်တာပေါ့" လို့ ရန်ကုန်က ပိတ်ရတဲ့ ဆေးရုံတစ်ခုရဲ့ တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။
အခုညွှန်ကြားချက်တွေကို စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ က စိစစ်ထုတ်ပြန်တာလို့ ကျန်းမာရေးအသိုင်းအဝိုင်းကဆိုပါတယ်။
"CDMခန့်ထားရင် လိုင်စင်မရှိသော ဆရာဝန်၊သူနာပြုကို ခန့်အပ်ခြင်းကြောင့်ဆိုပြီးစာပို့ပြီး ပိတ်ခိုင်းတယ်။ CDMတွေကို အခြေမတည်မိအောင် ဘဝပျက်အောင် လုပ်နေတာလို့ ယူဆတယ်" လို့ အထူးကုဆရာဝန်ကြီး တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ကနေ တစ်နိုင်ငံလုံးမှာ ပုဂ္ဂလိက ဆေးရုံ ၂၈၇ ရုံ ဖွင့်ခွင့်ပြုထားတယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း လိုင်စင်စည်းကမ်းတွေကို လိုက်နာမှုမရှိဘူးဆိုပြီး စီမံခန့်ခွဲရေးနည်းလမ်း အရ လုပ်ငန်းပေါင်း ၃၁ ခုကိုအရေးယူထားပြီး အမှုဖွင့်ထားတဲ့ လုပ်ငန်းပေါင်း ၆ ခုရှိတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ၂၀၂၄ ဧပြီလမှာထုတ်ပြန်ထားပါတယ်။
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကို ဖြည့်စွက်ပြင်ဆင်တဲ့ ဥပဒေကိုလည်း အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ၂၀၂၅ ဇန်နဝါရီက ပြုလုပ်တဲ့ ဗဟိုအဖွဲ့အစည်းမှာ ဒေါက်တာသက်ခိုင်ဝင်းကဆိုထားပါတယ်။
ရိုဟင်ဂျာအရေးမှာ ပြဿနာရဲ့ ဇာစ်မြစ် စစ်တပ်ကို ဖြေရှင်းဖို့ ကုလမှာ ဦးကျော်မိုးထွန်း တိုက်တွန်း
ရိုဟင်ဂျာအရေး ဖြေရှင်းမူမှာ ရေရှည်တည်တံ့တဲ့ အဖြေရရှိရေးအတွက် ပြဿနာရဲ့ ဇာစ်မြစ်ဖြစ်တဲ့ စစ်တပ်နဲ့ စစ်အာဏာရှင်စနစ်ကို ကိုင်တွယ်ဖြေရှင်းဖို့လိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
ရိုဟင်ဂျာများ ဘေးကင်းလုံခြုံစွာ ဆန္ဒအလျောက်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး သင့်လျော်တဲ့ အခြေအနေတစ်ရပ် ဖန်တီးပေးရေးကလည်း အထူးလိုအပ်တယ်လို့ သူက ထောက်ပြပြောဆိုပါတယ်။
အမေရိကန်နိုင်ငံ၊နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ အခြားသော လူနည်းစုများဆိုင်ရာ အဆင့်မြင့် နိုင်ငံတကာကွန်းဖရင့် ကျင်းပ ပြုလုပ်ရေး Modality အဆိုမူကြမ်းကို ပထမအကြိမ် အလွတ်သဘော ဆွေးနွေးတဲ့ အစည်းအဝေးမှာ ဦးကျော်မိုးထွန်း ကပြောခဲ့တာဖြစ်ပါတယ်။
"မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒ၊အကျိုးစီးပွားတွေနဲ့အညီ ပိုကောင်းမွန်တဲ့ အဆိုမူကြမ်းဖြစ်လာမယ်လို့ မျှော် လင့်ပါတယ်။ ရိုဟင်ဂျာတွေနေရပ်ပြန်ရေးအတွက် သင့်တော်တဲ့အခြေအနေတစ်ရပ် ဖန်တီးပေးဖို့က အထူးလိုအပ်ပါတယ်" လို့ ဦးကျော်မိုးထွန်းက ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ၄ နှစ်ကျော်ကာလအတွင်း စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေ အကြောက်တရားနဲ့ နေထိုင်နေရပြီး ရခိုင်ပြည်နယ်က နေထိုင်သူအပါအဝင် ပြည်သူအားလုံးလုံခြုံမှုမရှိကြဘူးလို့ အစည်းအဝေးမှာ သံအမတ်ကြီးက တင်ပြခဲ့ပါတယ်။
နိုင်ငံရေးအရ အဖြေရရှိအောင် ဆောင်ရွက်ဖို့မှာ နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် အိမ်နီးချင်းနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ အပြုသဘောဆောင်တဲ့ အကူအညီတွေလိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။
ထိုင်းရဲ့ ဖြတ်တောက်မှုတွေက လူသားချင်းစာနာမှုကင်းမဲ့တဲ့ လုပ်ရပ်လို့ BGF ပြစ်တင်
ကျားဖြန့် နဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအတွက်ဆိုပြီး မြန်မာဘက်ခြမ်း ကို လျှပ်စစ်မီး၊စက်သုံးဆီနဲ့ အသုံးအဆောင်တွေ ရောင်းချမှု ဖြတ်တောက်ထားတာဟာ လူသားချင်းစာနာမှုကင်းမဲ့တဲ့လုပ်ရပ် လို့ ကရင်နယ်ခြားစောင့်တပ် BGF က ထုတ်ပြန်ပြောဆိုလာပါတယ်။
အဲဒီထုတ်ပြန်စာထဲမှာ BGF က ထိုင်းနိုင်ငံလို့ တိုက်ရိုက်သုံးနှုန်းပြောဆိုထားတာမရှိပေမဲ့ တဖက်နိုင်ငံလို့ထည့်သွင်းပြောဆိုထားသလို လျှပ်စစ်မီး၊စက်သုံးဆီ ဖြတ်တောက်မှုတွေကို ထိုင်းဘက်ကပြုလုပ်ထားတာဖြစ်လို့ ထိုင်းနိုင်ငံကို ပြောဆိုမှုလို့ နားလည်ရပါတယ်။
မတ် ၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ BGF ရဲ့ ကျားဖြန့်နှိမ်နင်းရေးကို မျက်ကွယ်ပြုခံနေရတယ် လို့လည်း ဆိုထားပါတယ်။
BGF အနေနဲ့ နိုင်ငံပေါင်း ၃၀ ကျော်က နိုင်ငံခြားသား ၇,၀၀၀ ကျော်ရဲ့ နေထိုင်စားသောက်ရေး၊ကျန်းမာရေးနဲ့လုံခြုံရေးတွေကို အခက်အခဲကြားက ကူညီဆောင်ရွက်ပေးနေပြီး သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးဖို့ အဆင်သင့် စောင့်ဆိုင်းနေတယ်လို့ဆိုပါတယ်။
ထိုင်းဘက်က လျှပ်စစ်၊ စက်သုံးဆီနဲ့ အင်တာနက် ဖြတ်တောက်မှုတွေကြောင့် ကျားဖြန့်လုပ်ငန်းတွေကနေ ဖမ်းဆီးထားတဲ့ တရားမဝင်နဲ့ လူကုန်ကူးခံရသူ နိုင်ငံခြားသားတွေကို လူသားချင်းစာနာကူညီစောင့်ရှောက်တဲ့လုပ်ငန်းတွေမှာ အခက်အခဲတွေဖြစ်စေတယ်လို့ BGF က ထည့်ပြောထားပါတယ်။
တဖက်မှာလည်း ကျားဖြန့်ရုံတွေကနေ ထိန်းသိမ်းထားသူတွေကို ယာယီထားတဲ့နေရာတွေမှာ လူဦးရေနဲ့ အိမ်သာလုံလောက်မှုမရှိတာကြောင့် မြဝတီ/ ရွှေကုက္ကိုမှာ ဝမ်းရောဂါဖြစ်လာနိုင်ခြေ ကို မြဝတီအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေက စိုးရိမ်နေကြပါတယ်။
"ကျားဖြန့်က လူတွေကို BGF ထားတဲ့နေရာက လူတွေတအားများပြီး အိမ်သာကနည်းတာတွေ့ရတယ်။ ကြာရင် ဝမ်းရောဂါနဲ့ တခြားကူးစက်ရောဂါတွေ ဖြစ်လာမှာစိုးရိမ်ရတယ်။ အဲဒီထဲကနေ နေမကောင်းလို့ မြဝတီ ဆေးရုံကို ပို့ရတာတွေရှိတယ်" လို့ မြဝတီမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
BGF ကတော့ သက်ဆိုင်ရာနိုင်ငံတွေက သူတို့နိုင်ငံသားတွေကို အမြန်ဆုံးလာ ရောက် ခေါ်ယူဖို့ နဲ့ ထိုင်းဘက်က မြန်မာကို ပိတ်ဆို့ဖြတ်တောက်တာ ပယ်ဖျက်ဖို့ တိုက်တွန်းတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကရင်၊ ကော့ကရိတ်အပါအဝင် ဒေသအချို့မှာ စစ်တပ်နဲ့ KNU/PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ပြင်းထန်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အာရှလမ်းကြောင်းတလျှောက်ရွာတွေ၊ လှိုင်းဘွဲ့- ပိုင်ကျုံမြို့နယ်ထဲနဲ့ ဖာပွန်ခရိုင် ကမမောင်းဘက်အပါအဝင် ဒေသ ၃ ခု ထက်မနည်းမှာ စစ်တပ်နဲ့ KNU/PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့ ဘီဘီစီရဲ့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
ကော့ကရိတ်မြို့နယ်တောင်ဘက်နဲ့ ရန်ကုတ် ၊ ကော့နွဲ့၊ နောင်နိုးရွာတွေမှာ ဒီကနေ့ မတ် ၂ ရက်အထိ တိုက်ပွဲရှိနေပြီး ကော့ကရိတ်အခြေစိုက် စကခ ၁၂ နဲ့ လှိုင်ဝ အမြောက်တပ်က အနီးဝန်းကျင်ရွာတွေကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာရှိတယ်လို့ ဆိုပါတယ်။
"လေကြောင်းကြဲတာလည်းရှိတယ်။ မနေ့က ကင်းထောက်လေယာဉ်ပျံနေတယ်" လို့ စစ်ရေးအရင်း အမြစ်က ပြောပါတယ်။
အာရှလမ်း နယ်မြေပြန်လည်စိုးမိုးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကတော့ အာရှလမ်းအစပ်နားကနေ ရှေ့တိုးမရတဲ့အခြေအနေမှာ ဆက်ရှိနေတယ်လို့ သူကဆိုပါတယ်။
ကမမောင်းဘက်မှာတော့ ကမမောင်း စစ်ကောင်စီစခန်း မြောက်ဘက်မှာရှိတဲ့ ကတိုင်တိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေတာဖြစ်ပါတယ်။ စစ်တပ်ကလည်း အဲဒီနေရာတဝိုက်ကို လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်နေတယ်လို့ ကရင်သတင်းဌာန ကေအိုင်စီက ဖော်ပြထားပါတယ်။
KNU/KNLA ပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲ ထိုးစစ်ဆင်နေတဲ့ တပ်မဟာ ၇ နယ်မြေ၊ ပိုင်ကျုံထဲက ပူလူတူစခန်းဘက်မှာလည်း တိုက်ပွဲရှိခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု တချို့ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ကတော့ မြန်မာစစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ထိုင်းလေတပ်က သူ့နယ်စပ်လုံခြုံရေးအတွက် တိုက်လေယာဥ် ပျံသန်းကင်းထောက်တာ ရှိခဲ့ပါတယ်။
ဖေဖော်ဝါရီလကုန်ပိုင်းနဲ့ မတ်လဆန်းအထိ ဆက်ရှိနေတဲ့ တိုက်ပွဲတွေကြောင့် ကရင်ဘက်ခြမ်းကနေ ထိုင်းနိုင်ငံဘက်ကို စစ်ရှောင်ဝင်ရောက်လာသူ ၅၄၅ ဦးရှိတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။