ဖေဖော်ဝါရီ ၇ ရက်ထိပ်တန်းသတင်းများ - ဇရပ်ကြီးမြို့က စစ်တပ်ခြေလျင်တပ်ရင်းတိုက်ခိုက်ခံရ

ဇရပ်ကြီးမြို့ပေါ်မှာတွေ့ရတဲ့ BPLA တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, BPLA

ဓာတ်ပုံ ပုံစာ, ဇရပ်ကြီးမြို့ပေါ်မှာတွေ့ရတဲ့ BPLA တပ်ဖွဲ့ဝင်တွေ
ရေးသားခဲ့သည်။

ပဲခူးတိုင်းအရှေ့ခြမ်း၊ ထန်းတပင်မြို့နယ်ထဲက ဇရပ်ကြီးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၇၃ ခြေလျင်တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက်ကစလို့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ခလရ ၇၃၊ ချောင်းခြားစခန်း၊ မြို့စိုးစခန်း၊ ရှားစေလိုစခန်းစတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မွန်းလွဲပိုင်းအထိ တိုက်ခိုက်နေတယ်လို့သိရပါတယ်။

‘‘မဟာမိတ်ပူးပေါင်းတပ်ဖွဲတွေနဲ့အတူ ခလရ ၇၃ ကို အဓိကထား ဝင်တိုက်ခဲ့ပြီး ၈၀ ရာခိုင်နှုန်းခန့် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ စကစ(စစ်ကောင်စီ)ဘက်ကလည်း လေယာဉ်၊ လက်နက်ကြီးတွေနဲ့တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေတာတွေရှိပါတယ်။ ကျွန်တော်တို့ BPLA က ရဲဘော် နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိထားပါတယ်’’ လို့ တိုက်ပွဲမှာပါဝင်နေတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်ဖွဲ့ဘက်က ဘီဘီစီကို အတည်ပြုပါတယ်။

စစ်ကောင်စီတပ်ရဲ့ခလရ ၇၃ တပ်ကို ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒေသခံတွေကတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေဆဲလို့ ဒေသခံတွေက လူမှုကွန်ရက်မှာ ရေးသားပြောဆိုနေကြပါတယ်။

တိုက်ပွဲကြောင့် ဇရပ်ကြီးက ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြပေမဲ့ တိုက်ပွဲအတွင်း ပိတ်မိနေသူတွေလည်းရှိနေတယ်လို့ ဘီဘီစီက အဆက်အသွယ်ရတဲ့ဒေသခံအချို့က ပြောပါတယ်။

ဇရပ်ကြီးဟာ KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖော်ဆောင်နေတဲ့ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ် ပဲခူးတိုင်းအရှေ့ခြမ်းမှာရှိပြီး ပဲခူးတိုင်းအနောက်ခြမ်းမှာတော့ စစ်ကောင်စီတပ်က ထိန်းချုပ်မှု ပိုတင်းကြပ်ထားပါတယ်။

NUG နဲ့ တိုင်းရင်းသားအဖွဲ့အချို့ရဲ့ ဘုံသဘောတူညီချက်ထဲ KIO ပါဝင်လာ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင်တွေကို ကြည့်ရှုစစ်ဆေးနေတဲ့ NUG ယာယီ သမ္မတ

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ပုံစာ, ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင်တွေကို ကြည့်ရှုစစ်ဆေးနေတဲ့ NUG ယာယီ သမ္မတ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ တိုင်းရင်းသားအဖွဲ့အချို့ကြား ရရှိထားတဲ့ ဘုံသဘောတူညီချက်ထဲကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO)လည်း ပါဝင်လာတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ပြောလာပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ NUG တို့ကြားရရှိထားတဲ့ ဘုံသဘောတူညီချက်ထဲကို ကချင်အဖွဲ့ (KIO) လည်း ပါဝင်လာတာလို့ NUG ယာယီသမ္မတက ဖေဖော်ဝါရီလ ၆ ရက်မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမိန့်ခွန်းမှာ ပြောလာတာဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

NUG ယာယီသမ္မတ ပြောတဲ့ ဘုံသဘောတူညီချက်ဆိုတာဟာ စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်တဲ့ ဇန်နဝါရီလ ၃၁ ရက်မှာ NUG၊ KNU၊ KNPP၊ CNF တို့က စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးဆိုတဲ့ အဓိက ရည်မှန်းချက် ၂ ခုကိုဖော်ပြထားတဲ့ ထုတ်ပြန်ချက်ကို ရည်ညွှန်းတာဖြစ်ပါတယ်။

အခုတော့ အဲဒီကြေညာချက် ထုတ်ပြန်ပြီး တစ်ပတ်ခန့်အကြာမှာ ဘုံသဘောတူညီချက်ထဲ KIO လည်း ပါဝင်လာတာလို့ နားလည်ရပါတယ်။

‘‘လောလောဆယ်အားဖြင့် [K3C] လို့ခေါ်တဲ့ KIO, KNU, KNPP, CNF တွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားမဟာမိတ်အစုအဖွဲ့တွေကြားမှာ သဘောတူညီချက်အားဖြင့် ခိုင်ခိုင်မာမာ ရရှိထားတဲ့ အချက်တွေ ဖြစ်သလို ဆက်လက်ပြီးတော့ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းတွေရဲ့ စုရုံးသဘောတူညီစေမှုကို ဆက်လက်ကြိုးပမ်းရမှာ ဖြစ်ပါတယ်’’ လို့ NUG ယာယီ သမ္မတက ပြောပါတယ်။

ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ ပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ရဲ့ အခန်းကဏ္ဍ အရေးကြီးတဲ့အကြောင်းနဲ့ ရှမ်းပြည်နယ်အတွင်းမှာ အဓိကအခန်းကဏ္ဍမှာပါတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး သဘောတူညီချက်တွေ ဖွဲ့စည်းနိုင်ရေးကိုလည်း ကြိုးပမ်းရမယ်လို့ သူက အစည်းအဝေးမှာ ပြောထားပါတယ်။

မင်းပြားက စစ်တပ် ခြေမြန်တပ်ရင်း ၂ ခုကို AA သိမ်း

မြောက်ဦးမြို့က ခမရ ၅၄၀ ကို ပြီးခဲ့တဲ့တစ်ပတ်တုန်းက သိမ်းပိုက်ပြီးချိန် ရရှိတဲ့လက်နက်တွေလို့ အေအေက ထုတ်ပြန်ခဲ့

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, မြောက်ဦးမြို့က ခမရ ၅၄၀ ကို ပြီးခဲ့တဲ့တစ်ပတ်တုန်းက သိမ်းပိုက်ပြီးချိန် ရရှိတဲ့လက်နက်တွေလို့ အေအေက ထုတ်ပြန်ခဲ့

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ အမှတ် ၃၇၉ နဲ့ ၅၄၁ ခြေမြန်တပ်ရင်း(ခမရ)တွေကို ရက္ခိုင့်တပ်တော်(အေအေ) သိမ်းလိုက်လိုက်ပြီလို့ အေအေပါဝင်တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ကျောက်တော်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်က ခြေမြန်တပ်ရင်း ၁၀ ရင်းကို အေအေက ထိုးစစ်ဆင်တိုက်ခိုက်နေတာ တစ်လ အထိရှိနေပြီဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်မှာ ခြေမြန်တပ်ရင်း ၂ ခု ထပ်မံသိမ်းပိုက်နိုင်တာကြောင့် အခုဆိုရင် ရခိုင်ပြည်နယ်မှာ အေအေ သိမ်းပိုက်တဲ့ ခြေမြန်တပ်ရင်း ၈ ခုအထိ ရှိလာပြီဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အေအေက ဖေဖော်ဝါရီလ ၄ ရက်ကတည်းက စတင်တဲ့ ထိုးစစ် ၃ ရက်မြောက်မှာ မောင်တောမြို့နယ်ထဲက တောင်ပြို(လက်ဝဲ) စခန်းကို အေအေက သိမ်းပိုက်လိုက်နိုင်ပြီလို့ လည်း သိရပါတယ်။

ဒီတိုက်ပွဲတွေအတွင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ခြမ်းကို လက်နက်တွေနဲ့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀၀ နဲ့ အထက်ရှိသွားပြီလို့လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ က ထုတ်ပြန်ပြောဆိုပါတယ်။

ရှမ်းမြောက်မှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကြား ရှမ်းမြောက်မှာ အပစ်အခတ်ရပ်စဲထားဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ညီနောင်မဟာမိတ်ထဲ ပါဝင်တဲ့ အေအေနဲ့ စစ်တပ်ကြားမှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

အေအေကတော့ ရခိုင်ပြည်နယ်ထဲက ရမ်းဗြဲ၊ အမ်းနဲ့ မြေပုံမြို့နယ်တွေမှာ အရင်ရက်တွေနည်းတူ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။