နိုဝင်ဘာ ၂၄ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - တရုတ် ပြန်လွှဲတဲ့ စစ်သားရာချီ မူဆယ် စစ်တပ်ကုန်းမှာတပ်စွဲ

စစ်ကောင်စီတပ်သားတွေကို မူဆယ်မြို့ကနေ ပြန်လွှဲပြောင်းနေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay News Agency

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်သားတွေကို မူဆယ်မြို့ကနေ ပြန်လွှဲပြောင်းနေတဲ့မြင်ကွင်း
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

တရုတ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ကြလို့ တရုတ်- မြန်မာ နယ်စပ်၊ မူဆယ်မြို့မှာ တရုတ်စစ်တပ်က မနေ့က မြန်မာစစ်တပ်ဆီကို မနေ့တုန်းက ပြန်လည်လွှဲပြောင်းလိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီဟာ မူဆယ်မြို့အထွက်နားက စစ်တပ်ကုန်းတစ်ခုမှာပဲ တပ်စွဲအထိုင်ချနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်မြို့ဖြစ်တဲ့ ကံပိုင်တည်(ကန်ပိုက်တီ)မြို့ တိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ဝန်းကျင်ကို တရုတ်အာဏာပိုင်တွေက လုံခြုံရေးယူပေးပြီး တရုတ်ဘက်ခြမ်း ‌ရွှေလီ(ကြယ်ခေါင်)ကနေ မူဆယ်မြို့၊ မန့်ဝိန်းဂိတ်ပေါက်အထိ ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။

“ပြန်လွှဲတဲ့ မနေ့ (နိုဝင်ဘာ ၂၃ ရက်)က လုံခြုံရေးတော်တော်တင်းကျပ်ထားတယ်၊ အရပ်ဝတ်နဲ့ စောင့်တဲ့ မြို့အထွက်ဂိတ်တွေတောင် မနေ့က စစ်ယူနီဖောင်းအပြည့်အစုံနဲ့ မြင်ရတယ်” လို့ မြို့ခံတစ်ဦးကဆိုပါတယ်။

လက်ရှိမှာ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မူဆယ်ကနေ နမ့်ခမ်းမြို့ဘက်အထွက် (နောင်လောင်းရွာသွားတဲ့ဘက်ခြမ်း) ဆုတောင်းပြည့်ဘုရားအနီးက တပ်စခန်းကုန်းတစ်ခုမှာ တပ်စွဲအထိုင်ချထားတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီတပ်စခန်းဟာ မူဆယ်မြို့ပေါ်ကနေ ၃ မိုင်ဝန်းကျင်လောက်သာ ကွာဝေးပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ တိုက်ပွဲဖြစ်နေတာ မရှိပေမယ့် တရုတ်က ပြန်လွှဲပေးလိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီကို မူဆယ်မြို့စစ်တပ်စခန်းကုန်းမှာပဲ ဆက်ပြီးတပ်စွဲစေတာက ရှမ်းမြောက်ရဲ့ တခြားနေရာတွေမှာ ထိုးစစ်ပြန်စရင် အင်အားအလွယ်တကူဖြည့်တင်းနိုင်အောင် စစ်ပြင်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ထွက်ပေါ်နေပါတယ်။

စစ်ကောင်စီကတော့ ကံပိုင်တည် တိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တရုတ်ပြန်လွှဲပြောင်းလိုက်တာနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

အာဆီယံ ကြည်းတပ်တွေ သေနတ်ပစ်ပြိုင်ပွဲမှာ မြန်မာကြည်းတပ် တတိယ အဆင့်ရ

 စစ်ကောင်စီသေနတ်ပစ်အသင်းကို ဒုတိယဗိုလ်မှူးကြီးအပါအဝင် အသင်းဝင်နဲ့နည်းပြ ၄၀ ကျော် ပါဝင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီသေနတ်ပစ်အသင်းကို ဒုတိယဗိုလ်မှူးကြီးအပါအဝင် အသင်းဝင်နဲ့နည်းပြ ၄၀ ကျော် ပါဝင်ခဲ့

ဖိလစ်ပိုင်နိုင်ငံမှာကျင်းပပြီး အာဆီယံနိုင်ငံအလိုက် ကြည်းတပ်တွေ ပါဝင်ခဲ့တဲ့ ၃၂ ကြိမ်မြောက် သေနတ် ပစ်ပြိုင်ပွဲမှာ မြန်မာက နိုင်ငံအလိုက် တတိယအဆင့်ရခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန် လာပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အိမ်ရှင် ဖိလစ်ပိုင်က ပထမ၊ အင်ဒိုနီးရှားက ဒုတိယနဲ့ မြန်မာစစ်တပ်က ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၄ ခု နဲ့ ကြေးတံဆိပ် ၇ ခုတို့ တတိယရခဲ့တယ်လို့ စစ်ကောင်စီက အဲဒီသေနတ်ပစ်ပြိုင်ပွဲဝင်တွေ နေပြည်တော်ကို ပြန်လာတဲ့သတင်းကို နိုဝင်ဘာ ၂၃ မှာ ထုတ်ပြန်ရင်း ပြောလာတာဖြစ်ပါတယ်။

အဲဒီသေနတ်ပစ်ပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ကောင်စီသေနတ်ပစ်အသင်းကို ဒုတိယဗိုလ်မှူးကြီးအပါအဝင် အသင်းဝင်နဲ့နည်းပြ ၄၀ ကျော် ပါဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အဲဒီသေနတ်ပစ်ပြိုင်ပွဲမှာ မနှစ်ကထက် ဒီနှစ်မှာ ပြိုင်ပွဲဝင်အရေအတွက် ၂ ဆတိုး ပါဝင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက အာဆီယံ မြန်မာစစ်ခေါင်းဆောင်နဲ့ သူ့လက်အောက်နိုင်ငံခြား ရေးဝန်ကြီး တွေဟာ ထိပ်သီးအစည်းအဝေးပွဲ တွေကို တက်ရောက်ခွင့် တားမြစ်ခံရပြီး နိုင်ငံရေးအရ ကိုယ်စားမပြုသူတွေပဲ တက်ရောက်ခွင့်ရနေပါတယ်။

ဒါပေမဲ့ အာဆီယံ စစ်တပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာတော့ အာဆီယံနဲ့ မြန်မာစစ်ကောင်စီတပ်တို့ကြား မပြတ်ဆက်ရှိနေပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ (၂၅) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (ACAMM)ကို မြန်မာစစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်နေတယ်လို့ စစ်ကောင်စီ က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၁ ရက်က စလုပ်ခဲ့တဲ့ အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးကို ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း ကိုယ်စား ဗိုလ်ချုပ်ကြီး မောင်မောင်အေး သွားတက်ခဲ့တာဖြစ်တယ်။

စစ်တပ်ပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း ပြည်သူ ၈ ဦးသေဆုံးတယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်

တောင်ပိုင်းစစ်ဒေသထဲ လက်နက်ကြီးထိမှန်ပျက်စီးသွားတဲ့ စာသင်ကျောင်းဆောင် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ပုံစာ, တောင်ပိုင်းစစ်ဒေသထဲ လက်နက်ကြီးထိမှန်ပျက်စီးသွားတဲ့ စာသင်ကျောင်းဆောင် (ပုံဟောင်း)

အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက်‌အောက်ခံ၊ တောင်ပိုင်းစစ်ဒေသကနေ တစ်ပတ်အတွင်း စစ်တပ်ပစ်ခတ်မှုကြောင့် အရပ်သား ၈ ဦသေဆုံးခဲ့တယ်လို့ ဒီကနေ့မှာ အသိပေးသတင်းထုတ်ပြန်လာပါတယ်။

အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ၂၈ ဒဏ်ရာရခဲ့သလို ဖမ်းဆီးခံထားရတဲ့ အရပ်သားအရေအတွက် ၅၁ ဦးရှိပြီလို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ဒါ့အပြင် ထုတ်ပြန်ချက်ထဲမှာ ဖမ်းဆီးခံရတဲ့သူတချို့ဆီမှာ ပါလာတဲ့ပစ္စည်းတွေကို စစ်တပ်ဘက်က သိမ်းဆည်းထားပြီး ခြိမ်းခြောက်ငွေညှစ်ပြီးမှ ပြန်လွှတ်လိုက်တာတွေရှိသလို အများစုကိုတော့ ပြန်မလွှတ်ပေးဘဲ စစ်မှုထမ်းခိုင်းဖို့ ရည်ရွည်နေတယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံထားရတဲ့သူတွေရဲ့အခြေအနေနဲ့ ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

တစ်ပတ်အတွင်း တိုက်ပဲဖြစ်ပွားတာမရှိတဲ့နေရာတွေကိုပါ စစ်တပ်က တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေကို အကြိမ်ရေ ၄၀ ကျော်ပြုလုပ်ခဲ့ပြီး ဗုံးသီးအလုံးရေ (၁၀၀) ကျော်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ တောင်ပိုင်းစစ်ဒေသကပြောပါတယ်။

NUG ရဲ့ တောင်ပိုင်းစစ်ဒေသဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ပူးပေါင်းလှုပ်ရှားကြတဲ့‌ဒေသဖြစ်ပြီး ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ပါဝင်တယ်လို့ နားလည်ရပါတယ်။

စစ်ကောင်စီကတော့ တောင်ပိုင်းစစ်ဒေသရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

စစ်ကိုင်း၊ ကျွန်းလှမှာ စစ်တပ်စစ်ကြောင်းဆက်ထိုးနေ

နိုဝင်ဘာ ၁၆ ရက်မှာ ကျွန်းလှမြို့အနောက်ဘက်ခြမ်းရွာတစ်ခုက လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ နေအိမ်တစ်လုံး

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၁၆ ရက်မှာ ကျွန်းလှမြို့အနောက်ဘက်ခြမ်းရွာတစ်ခုက လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ နေအိမ်တစ်လုံး

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့မြောက်ဘက်ခြမ်းက ရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကြောင်းဆက်ထိုးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်အထိ စစ်တပ်ဘက်က ကျွန်းလှထဲက ရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေသလို မုံရွာအခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ-မုံရွာ)ကနေ တက်လာတဲ့ တိုက်လေယာဉ်တွေလည်း ကျွန်းလှမြို့တဝိုက်အပေါ် ဝဲပျံနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးပြောပါတယ်။

ကျွန်းလှအခြေစိုက် တော်လှန်ရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ကတော့ ဒီနေ့မနက်မှာပဲ ကျွန်းလှမြို့နယ်ထဲက တစ်နေရာကို စစ်တပ်က လေကြောင်းကနေ ၂ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ‌ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ကျွန်းလှမြို့ထဲက ထွက်လာတဲ့ စစ်ကြောင်းစာ ကံပေါက်ရွာကတဆင့် မြို့မြောက်ဘက်က လွှတ်တိုက်ရွာနဲ့ ကုက္ကိုကုန်းရွာကို စစ်ကြောင်းပတ်ထိုးနေပြီး ကုက္ကိုကုန်းရွာတိုက်နယ်ဆေးရုံထဲမှာ စစ်တပ်က အထိုင်ချတပ်စွဲထားတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

မနေ့ နိုဝင်ဘာ ၂၃ ရက်ကတော့ စစ်ကောင်စီတပ်က လွှတ်တိုက်ရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး ဗုံးကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

"လေယာဉ်လာတာက အသံကြားရတယ်။ ဒရုန်းနဲ့ဗုံးကြဲတာက ခန့်မှန်းလို့မရတော့၊ ပြေးရတာ ပိုခက်လာတယ်။ ဩဂုတ်လကစပြီး စစ်ကိုင်းဘက်က စစ်တပ်စစ်ကြောင်းတွေမှာ ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ခပ်စိစိပ်ဖြစ်လာတယ်” လို့ တော်လှန်ရေးအင်အားစုဘက်ကလည်း ပြောပါတယ်။

လက်ရှိမှာ လွှတ်တိုက်နဲ့ ကုက္ကိုကုန်းရွာတွေမှာ ဖုန်းလိုင်းတွေလည်း ပြတ်‌တောက်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေရှိပေမယ့် အရေအတွက်အတိအကျသိရဖို့ ခက်ခဲနေတယ်လို့ မြေပြင်မှာ ကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ရှင်းပြပါတယ်။

အလားတူ မနေ့ကလည်း စစ်တပ်စစ်ကြောင်းထိုးတဲ့ လွှတ်တိုက်နဲ့ မဒေါင်ရွာတွေက အရပ်သားနေအိမ်တွေ မီးရှို့ခံလိုက်ရတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတွေကပြောပါတယ်။

“စစ်ကြောင်းလာလို့ ထွက်ပြေးနေကြတာဆိုတော့ ဘယ်နှစ်အိမ်ပါသွားလဲ မသိရဘူး၊ မီးခိုးငွေ့တွေပဲ လှမ်းမြင်နေရတာ” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ် စစ်ကြောင်းအခြေချထားတဲ့ ကုက္ကိုကုန်းရွာမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်တုန်းက အရပ်သားနေအိမ်တချို့ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီကတော့ ကျွန်းလှမြို့ဘက်က စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

ရှမ်းမြောက်မှာ ကျားဖြန့် နှိမ်နင်းနိုင်ပြီလို့ တရုတ်ပြော

နိုဝင်ဘာ ၁၉ ရက်က "ဝ"တပ်ဖွဲ့ တရုတ်ကိုလွှဲပြောင်းပေးခဲ့တဲ့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ကိုင်သူတွေ

ဓာတ်ပုံ ရင်းမြစ်, Wa News Land

ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၁၉ ရက်က "ဝ"တပ်ဖွဲ့ တရုတ်ကိုလွှဲပြောင်းပေးခဲ့တဲ့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ကိုင်သူတွေ

တရုတ်လူမျိုး ၅ သောင်းကျော် ဖမ်းဆီးရမိထား

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ လည်ပတ်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)အကြီးစားတွေရဲ့ လိမ်လည်မှုဆောင်ရွက်တဲ့ လုပ်ငန်းစင်တာတွေ အားလုံးကို တရုတ်နဲ့ မြန်မာ ရဲတပ်ဖွဲ့တွေ ပူးပါင်းပြီး ရှင်းလင်းသုတ်သင်နိုင်ခဲ့တယ်လို့ တရုတ်အစိုးရဘက်က ဒီတစ်ပတ်ထဲမှာပဲ ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ရာဇဝတ်မှုတွေများလာတဲ့နောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်း အတွင်း ၂၀၂၃ ခုနှစ်ကတည်းက မြန်မာက အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နင်းတဲ့လှုပ်ရှားမှုကို တရုတ်က စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

နှစ်နိုင်ငံပူးပေါင်းစတင်တိုက်ဖျက်ချိန်ကစလို့ လက်ရှိအချိန်အထိ ငွေလိမ်ဂိုဏ်းမှာ အလုပ်လုပ်တဲ့ တရုတ်နိုင်ငံသား ၅၃,၀၀၀ ကျော်ကို ဖမ်းဆီးရမိထားတယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဌာန ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၉ ရက်ကလည်း “ဝ”တပ်ဖွဲ့တွေ ဝင်ရောက်နေရာယူထားတဲ့ ရှမ်းမြောက်၊ တန့်ယန်းမြို့ထဲကနေ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)လုပ်ကိုင်သူ ၁,၀၀၀ ‌ကျော်ကို “ဝ”တပ်ဖွဲ့ဘက်က ဖမ်းဆီးခဲ့ပြီးနောက် တရုတ်ဘက်ကို လွှဲပေးခဲ့ပါတယ်။

ဖမ်းမိတဲ့ ၁,၀၀၀ ကျော်ထဲ တရုတ်နိုင်ငံသား ၇၆၂ ဦးပါဝင်ပြီး မြန်မာကတော့ အယောက် ၃၀၀ ဝန်းကျင်ဖြစ်တယ်လို့ လားရှိုးမြို့ “ဝ”ဆက်ဆံရေးအရာရှိ ဦးညီရမ်းက အစောပိုင်းကတည်းက ပြောဆိုထားပါတယ်။

တန့်ယန်းမှာ အခုနောက်ဆုံး ဖမ်းမိတဲ့ ကျားဖြန့်လုပ်သူ ရာချီကို ဝ က တရုတ်ဘက်ကို လွှဲပြောင်းပြီးနောက်မှာ ရှမ်းမြောက်မှာ ကျားဖြန့် နှိမ်နင်းနိုင်ပြီလို့ တရုတ်ဘက်က ပြောလာတာဖြစ်ပါတယ်။

ဖယ်ခုံမြို့မှာ ထောက်ခံစာပါမှ မြို့ဝင်မြို့ထွက်လုပ်ဖို့ စစ်တပ် တင်းကြပ်

ဖယ်ခုံမြို့မြင်ကွင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဖယ်ခုံမြို့မြင်ကွင်း (ပုံဟောင်း)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယား(ကရင်နီ)ပြည်နယ်နဲ့ကပ်လျက်က ဖယ်ခုံမြို့မှာ စစ်ကောင်စီတပ်က မြို့ဝင်၊ မြို့ထွက်တွေကို စစ်ကောင်စီရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကပေးတဲ့ ထောက်ခံစာပြမှ ဝင်ထွက်သွားလာခွင့်ပေးထားတယ်လို့ မြို့ခံတွေက ဘီဘီစီကိုပြောလာပါတယ်။

“တော်လှန်ရေးဘက်ကလူတွေ ဒေသခံတွေနဲ့ ရောယောင်ပြီးဝင်မလာအောင် စစ်တပ်ဘက်က စစ်ဆေးတင်းကြပ်ထားတဲ့သဘော” လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ဖယ်ခုံမြို့ဟာ လက်ရှိမြို့တောင်ဘက်က တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမြို့နဲ့ ၁၀ မိုင်ဝန်းကျင်လောက်သာကွာဝေးတာကြောင့် ဒေသခံအများစုကတော့ မြို့ထဲခဏဝင်ပြီး လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတချို့ ပြန်ယူကြတာတွေရှိတယ်လို့ဆိုပါတယ်။

“တချို့က အိမ်မှာ ပြန်နေတယ်၊ တချို့မနေရဲတဲ့သူတွေကတော့ သန့်ရှင်းရေးဝင်လုပ်ပြီး ပြန်ထွက်သွားကြတယ်” လို့ နောက်ထပ်ဒေသခံတစ်ဦးကပြောပါတယ်။

တစ်ဖက် တော်လှန်ရေးအင်အားစုဘက်က‌တော့ ဖယ်ခုံမြို့ခံတွေ မြို့ထဲပြန်ဝင်နေကြဖို့ စည်းရုံးနေတယ်လို့ ဖယ်ခုံတော်လှန်ရေးအဖွဲ့ဘက်က ဒေသတွင်းမီဒီယာတချို့မှာ ပြောထားတာကို တွေ့ရပါတယ်။

“မြို့ထဲပြန်ဝင်ဖို့ ဖိအားပေးတိုက်တွန်းတာတော့ မရှိဘူး၊ ထောက်ခံစာလုပ်တော့လည်း ငွေပေးရတာ မရှိဘူး။ မြို့ဝင်၊ မြို့ထွက်ကိုတော့ တင်းကြပ်ထားတယ်။ မြို့ခံတွေကလည်း စစ်ရှောင်ရတာ တစ်နှစ်နီးပါးရှိလာတော့ အိမ်ပြန်ချင်ကြတာလည်းပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

၂၀၂၄ နှစ်စပိုင်းမှာ စစ်တပ်နဲ့ တော်လှန်‌ရေးတပ်ဖွဲ့တွေကြား တကျော့ပြန်တိုက်ပွဲပြန်ဖြစ်ခဲ့ပြီးနောက် မြို့ကို တော်လှန်‌ရေးအင်အားစုဘက်က ထိန်းချုပ်ထားခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

တစ်နှစ်ပြည့်ခါနီး နိုဝင်ဘာ တတိယအပတ်မှာမှ စစ်ကောင်စီက ပြန်လည်ရယူထိန်းချုပ်နိုင်ခဲ့တာလို့ သူကဆက်ပြောပါတယ်။

ဖယ်ခုံမြို့တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) အပါအဝင် ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ (ခမရ-၄၂၁) နဲ့ (ခမရ-၃၃၆) စတဲ့ တပ်ရင်းတွေမှာ တပ်စွဲပြီး မြို့ကိုထိန်းချုပ်ထားတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေကဆိုပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ဖယ်ခုံက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။