စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပေါ်လာတဲ့ ဒီဂျစ်တယ်ထီများ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ အခုနောက်ပိုင်းမှာ ရန်ပုံငွေအတွက် ထီလက်မှတ်တွေ၊ ဒီဂျစ်တယ်ထီတွေ ရောင်းချလာတာတွေ ရှိနေပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေတဲ့ကာလမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့ဖို့၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဒေသအခြေစိုက် လူမှုအဖွဲ့အစည်းတွေက အင်တာနက်အွန်လိုင်းကနေ ဒီဂျစ်တယ် ထီတွေကို ရောင်းချလာကြတာ ဖြစ်ပါတယ်။
ထီတွေအများစုကတော့ ထီရောင်းရငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် သတ်မှတ်ပြီး ၇၀ ရာခိုင်နှုန်းကို ရန်ပုံငွေအဖြစ် သုံးစွဲကြတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရပ်နားထားရတဲ့ စာသင်ကျောင်းပေါင်း ၃၀၀ ကျော်ရဲ့ ရန်ပုံငွေအတွက် တအာင်းအမျိုးသားပညာရေးကော်မတီ TNEC က ပညာရေးမြှင့်တင်ရေး တအာင်းအောင်ဘာလေထီကို စတင်ရောင်းချပါတယ်။
ဒေသခံကလေးတွေ ကျောင်းလာအပ်ရင်မိဘတွေဆီက ငွေမတောင်းရအောင်နဲ့ ဆရာ၊ဆရာမတွေလစာပေးဖို့နဲ့ တအာင်း အမျိုးသားပညာရေး ရေရှည် ရပ်တည်လာဖို့ ရည်ရွယ်ပါတယ်လို့ ထီရောင်းရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ TNEC တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CREP
TNEC အဖွဲ့ဟာ ဒေသအခြေစိုက် တအာင်းတိုင်းရင်းသား လူမှုအဖွဲ့အစည်းတွေ စုပေါင်းထားတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
တအာင်းဒေသတွင်း ပညာရေးကို ထောက်ပံ့ပေးနိုင်ဖို့၊ ထီမပေါက်ရင်လည်း ငွေကြေးကူညီရာရောက်သလို ထီပေါက်ရင်လည်း လှူဒါန်းနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထီထိုးသူတွေ ရာချီရှိနေတယ်လို့ နမ့်ဆန်မြို့က တအာင်းထီကိုယ်စားလှယ်တစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း တော်လှန်ရေးကို ထောက်ပံ့ကူညီသလို ဖွံ့ဖြိုးရေးအတွက် ကဏ္ဍအလိုက် လိုအပ်ချက်တွေကို ပံ့ပိုးဖို့အတွက် သူးလေထီကို ရောင်းချနေပါတယ်။
နောက်ပြီး စစ်ကောင်စီရဲ့အဖမ်းဆီးတွေကြောင့် လွတ်မြောက်နယ်မြေကို လာရောက်ခိုလှုံသူတွေအနေနဲ့ မိသားစုနဲ့ ဝေးကွာတာ၊ တခြားလူမှုရေးအဖွဲ့အစည်းတွေမှာ ပါဝင်နေတာ၊ အလုပ်အကိုင်မရှိတာတွေကြောင့် သူးလေထီ အရောင်းကိုယ်စားလှယ်အနေနဲ့ အကျိုးခံစားခွင့်တွေ ပေးထားတယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ချင်းပြည်က တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ပံ့ဖို့အတွက်လည်း တူမီးထီဆိုပြီး ရောင်းချနေတာရှိပါတယ်။
တူမီးထီကနေ ထိုက်သင့်တဲ့ ရန်ပုံငွေ လစဥ်ရရှိနေတယ်လို့ တူမီးထီ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောပါတယ်။
စစ်အာဏာသိမ်းမှု စတင်ချိန်မှာ တနိုင်ငံလုံးအတိုင်းတာနဲ့ ရောင်းချနေတဲ့ အောင်ဘာလေထီဟာ စစ်ကောင်စီအတွက် အခွန်ငွေဖြစ်သွားတဲ့အတွက် ထီကံစမ်းသူ တော်တော်များများ မထိုးခဲ့ကြပါဘူး။ စစ်ကောင်စီကလည်း ဒီဇွန် လဆန်းပိုင်းအတွင်းမှာ အွန်လိုင်းကနေ ထီထိုးနိုင်ဖို့ လုပ်ဆောင်လာတာတွေ ရှိနေပါတယ်။
စစ်ကောင်စီရဲ့ ထီဆုငွေက သိန်း ထောင်ဂဏန်းရှိနေပြီး တော်လှန်ရေးထီတွေရဲ့ ဆုငွေက သိန်းရာဂဏန်းလောက်သာ ရှိနေတာကိုလည်းတွေ့ရပါတယ်။
CDM ဝန်ထမ်းတွေကို ထောက်ပံ့ဖို့ ဆိုပြီး လွန်ခဲ့တဲ့ တစ်နှစ်က စတင်ခဲ့တဲ့ NUG ရဲ့နွေဦးထီကလည်း ပုံမှန်ရောင်းချနေပြီး အပတ်စဥ် ၂၀ ခန့်အထိ ရှိလာပြီ ဖြစ်ပါတယ်။
စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ပြည်သူတွေရှိနေသရွေ့ တော်လှန်ရေးထီတွေ ဆက်ရောင်းနိုင်မယ်လို့ ယုံကြည်တယ်လို့လည်း ဒီဂျစ်တယ်ထီရောင်းသူတွေဘက်က ပြောပါတယ်။








