ဂျပန်ဝန်ကြီးချုပ်ဟောင်း အာဘေးရဲ့ ဈာပနစရိတ်က ဘာလို့ ယူကေဘုရင်မကြီး ဈာပနထက်တောင် များနေတာလဲ

ဓာတ်ပုံ ရင်းမြစ်, EPA
ယူကေမှာ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ဈာပနအခမ်းအနား ကုန်ကျစရိတ်ကို တရားဝင် မကြေညာခဲ့ပေမယ့် ယူကေရဲ့ Daily Mirror သတင်းစာအရ ပေါင်စတာလင်ငွေ ၈ သန်း ရှိတယ်လို့ ဆိုပါတယ်။
မကြာသေးခင်က လုပ်ကြံခံလိုက်ရတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးရဲ့ ဈာပန အခမ်းအနားကတော့ ဂျပန်ယန်းငွေ ၁.၆၆ ဘီလျံ ကုန်ကျမယ်လို့ ဆိုပြီး ယူကေဘုရင်မကြီး ဈာပနစရိတ်ကို ဂျပန်ငွေနဲ့ တွက်ရင် ယန်းငွေ ၁.၃ ဘီလျံ သာရှိတာကို တွေ့ရပါတယ်။
အခုလို အာဘေးရဲ့ ဈာပနစရိတ်က များနေပြီးသား ဖြစ်တာတောင် အဲဒီထက် ပိုများနိုင်သေးတယ် ဆိုတဲ့ သုံးသပ်သူ အများအပြားလည်း ရှိနေပါတယ်။
သူတို့က ဥပမာ အနေနဲ့ ထောက်ပြကြတာကတော့ အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ ကုန်ကျခဲ့တဲ့ တိုကျို အိုလံပစ် အားကစားပြိုင်ပွဲဆိုရင် မူလက အဲဒီတဝက်သာ ကုန်ကျမယ်လို့ တွက်ထားတဲ့ကြားက နှစ်ဆ ဖြစ်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။
နိုင်ငံတော် အခမ်းအနားကတဆင့် နိုင်ငံရေးကစားမှု ရှိနေသလား
မစ္စတာ အာဘေးရဲ့ ဈာပနကို နိုင်ငံတော် အခမ်းအနားတခုအဖြစ် ကျင်းပရာမှာ တိုကျိုအခြေစိုက် မူရာယာမာ ကုမ္ပဏီ တခုကပဲ တင်ဒါတင်ပြီး အောင်ခဲ့ရာမှာ ယန်း ၁၇၆ သန်းတန် စာချုပ်ကို ရရှိခဲ့ပါတယ်။
ဒါပေမဲ့ ဒီကုမ္ပဏီဟာ မစ္စတာ အာဘေး ဂျပန်ဝန်ကြီးချုပ် ဖြစ်ခဲ့စဉ်က ဂျပန်မှာ နှစ်စဉ်ကျင်းပတဲ့ ချယ်ရီပန်းပွဲတော်အတွက် အသုံးပြုခဲ့ဖူးတဲ့ ကုမ္ပဏီပဲ ဖြစ်နေပြီး မစ္စတာ အာဘေးက သူ့ကို ထောက်ခံသူတွေကိုပဲ တဖက်စောင်းနင်း ဖိတ်ခေါ်ခဲ့လို့ ခရိုနီအားပေးတယ်ဆိုပြီး ဝေဖန်ခံထားရဖူးပါတယ်။
ဂျပန် ကျိုဒို သတင်းဌာနက မကြာသေးခင်က ကောက်ခဲ့တဲ့ စစ်တမ်းတခုမှာ ဆိုရင်လည်း ဂျပန်အစိုးရဟာ မစ္စတာ အဘေးရဲ့ ဈာပနအတွက် သုံးစွဲ စရိတ် များလွန်းတယ် ဆိုပြီး ၇၀ ရာခိုင်နှုန်း က ဖြေဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
အခုလို သုံးစွဲခဲ့တဲ့ ကုန်ကျစရိတ်ထဲမှာ တဝက်လောက်က လုံခြုံရေး တင်းကျပ်ဖို့အတွက် သုံးမယ်လို့ ဆိုပြီး သုံးပုံ တပုံလောက်ကတော့ နိုင်ငံတကာက ဧည့်သည်တွေကို ဧည့်ခံဖို့အတွက် အသုံးပြုမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
နိုင်ငံတော် အခမ်းအနားကတဆင့် သံတမန်ရေးရာ အသုံးချမှု ရှိနေသလား
လာမယ့် စက်တင်ဘာလ ၂၇ ရက် အင်္ဂါနေ့မှာ သုံးရက်ကြာ ကျင်းပမယ့် မစ္စတာ အာဘေးရဲ့ နိုင်ငံတော်အဆင့် ဈာပန အခမ်းအနားအတွက် နိုင်ငံတကာ ဧည့်သည်တော်တွေ ရောက်ရှိနေရာမှာ လက်ရှိ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါဆီကိုလည်း သွားရောက် တွေ့ဆုံနေကြပါတယ်။
ဒီလို အခြေအနေမျိုး ရှိနေတဲ့အတွက် ဈာပနအကြောင်းပြ သံတမန်ရေး လှုပ်ရှားမှု လုပ်နေတာလို့လည်း ပြောဆိုနေကြပါတယ်။
မစ္စတာ အာဘေးရဲ့ ဈာပနအခမ်းအနားအတွက် နိုင်ငံပေါင်း ၂၁၇ နိုင်ငံက ဧည့်သည်တော်ပေါင်း ၇၀ဝ လောက်ကို ဖိတ်ကြားထားပြီး အဲဒီအထဲမှာ အမေရိကန် ဒုသမ္မတ ကမာလာ ဟဲရစ်စ်၊ အိန္ဒိယနဲ့ သြစတြေးလျ ဝန်ကြီးချုပ်တွေ ဖြစ်ကြတဲ့ နရန်ဒရာ မိုဒီနဲ့ အန်တိုနီ အယ်လ်ဘနိစ် တို့လည်း အပါအဝင် ဖြစ်ပါတယ်။
အခုလို အမြောက်အများ ဖိတ်ကြားတယ် ဆိုပေမယ့်လည်း ယူကေဘုရင်မကြီးရဲ့ ဈာပနမှာလို လက်ရှိ ခေါင်းဆောင်အများစုက လာရောက်တာမဟုတ်ဘဲ ယခင် ခေါင်းဆောင်ဟောင်းတွေသာ အများစု လာကြမှာ ဖြစ်ပါတယ်။
ယခင် ဂျပန်ဝန်ကြီးချုပ်ဟောင်းတဦးရဲ့ နိုင်ငံတော် ဈာပနနဲ့ နှိုင်းယှဉ်ချက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဂျပန်နိုင်ငံမှာ စုစုပေါင်း ဝန်ကြီးချုပ်သက်တမ်း အများဆုံး ထမ်းဆောင်ခဲ့တဲ့ မစ္စတာ အာဘေးဟာ ရှားရှားပါးပါး မထင်မှတ်ဘဲ လုပ်ကြံခံရမှုကြောင့် အသက် ၆၇ နှစ်မှာ ကွယ်လွန်ခဲ့ပြီး ဂျပန်သမိုင်းမှာ ဒုတိယအကြိမ်မြောက် နိုင်ငံတော် အခမ်းအနားနဲ့ ဈာပန ကျင်းပတဲ့ ဂျပန်ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။
ဂျပန်သမိုင်းမှာ ဝန်ကြီးချုပ်တယောက်အတွက် ပထမဆုံး နိုင်ငံတော်အခမ်းအနားနဲ့ ဈာပန ကျင်းပမှုကိုတော့ လွန်ခဲ့တဲ့ ၅၅ နှစ်က မစ္စတာ ရှီဂယ်ရူ ယိုရှီဒါအတွက် ပြုလုပ်ခဲ့ပါတယ်။
မစ္စတာ ရှီဂယ်ရူ ယိုရှီဒါဟာ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံကို ခေါင်းဆောင်ခဲ့သူဖြစ်ပြီး ဂျပန်နိုင်ငံအတွက် စစ်အပြီး နိုင်ငံတိုးတက်မှု အရှိန်တင်ပေးနိုင်ခဲ့တဲ့ သူအနေနဲ့ ဂုဏ်ပြု ပြောဆိုခံရသူလည်း ဖြစ်ပါတယ်။
၁၉၆၇ ခုနှစ်က ကျင်းပခဲ့တဲ့ အဲဒီ ဝန်ကြီးချုပ်ရဲ့ ဈာပန ကုန်ကျစရိတ်ဟာ အဲဒီကာလက ယန်း ၁၈ သန်းသာ ရှိခဲ့ပြီး လက်ရှိ အချိန် ငွေကြေးနဲ့ တွက်ရင် ယန်း သန်း ၇၀ သာ ရှိတယ် ဆိုပြီးတော့လည်း ဂျပန်ဒေသခံ သတင်းဌာနတွေက ထောက်ပြနေကြတာကို တွေ့ရပါတယ်။
ဂျပန်နိုင်ငံမှာ ဆယ်စုနှစ်တခုအတွင်း ပထမဆုံးအနေနဲ့ ငွေကြွေးဖောင်းပွတဲ့ ပြဿနာ ရင်ဆိုင်နေရချိန်မှာ နိုင်ငံ့ဝင်ငွေကို ဝင်ငွေနည်း မိသားစုတွေအတွက် ဦးစားပေးသင့်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
ဒီလို မကျေမနပ်ဖြစ်မှုတွေ ရှိလာတာကြောင့် လက်ရှိ ဂျပန်ဝန်ကြီးချုပ် မစ္စတာ ကီရှီဒါ တက်လာပြီးနောက်ပိုင်း လူထုစစ်တမ်း ကောက်ခံမှုတွေအရ အခုအချိန်မှာ လူထုထောက်ခံမှုကလည်း အနည်းဆုံးဖြစ်လာတဲ့အထိ ကျဆင်းနေပါတယ်။











