တရုတ်လူဦးရေ ၂ သန်းကျော်လျော့ - ဒီဇင်ဘာ ၁၇ နိုင်ငံတကာ သတင်းများ

ဘေကျင်းမြို့မှာ စမတ်ဖုန်း အသုံးပြုနေတဲ့ အမျိုးသမီး တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, EPA

ရေးသားခဲ့သည်။

တရုတ်လူဦးရေ ၂ နှစ်ဆက်တိုက် ကျဆင်းပြီး လူ နှစ်သန်းကျော် လျော့သွားခဲ့ပါတယ်။

ဒါဟာ ၂၀၂၂ က ကျဆင်းမှုထက် နှစ်ဆပိုများပါတယ်။

ကိုဗစ်ကပ်ဘေးကြောင့် လူအများအပြားသေဆုံးခဲ့လို့ သေသူဦးရေ တိုးလာသလို မွေးနှုန်းကလည်း ထပ်မံကျဆင်းခဲ့ပါတယ်။

တရုတ်လူဦးရေကျနေတာက ကြာနေပါပြီ။ ဒါကို တုံ့နှေးသွားအောင် အာဏာပိုင်တွေ ကြိုးစားနေကြပါတယ်။

ဒီနှစ်မှာတော့ လူဦးရေ ကျဆင်းမှု လျော့မယ်လို့ မျှော်လင့်ထားကြပါတယ်။

တရုတ်စုံတွဲအများအပြား နောက်လ စမယ့် တရုတ်နဂါးနှစ်မှာ ကလေးယူကြဖို့ စိုင်းပြင်းနေလို့ ဖြစ်ပါတယ်။

china

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်လူဦးရေ ၂ နှစ်ဆက်တိုက် ကျဆင်း

ဂါဇာ ဓားစာခံတွေအတွက် ကာတာ ဆေးပို့

gaza

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အီဂျစ်ကို ရောက်လာတဲ့ ကာတာ အကူလေယာဉ်

ဂါဇာက ဓားစာခံတွေအတွက် ကာတာ စစ်လေယာဉ်နှစ်စင်းနဲ့ ပို့လိုက်တဲ့ ဆေးတွေ အီဂျစ်ကို ရောက်လာပါပြီ။

ဒီပို့ပေးတဲ့ ပစ္စည်းတွေကို အစ္စရေးနဲ့ ဟားမတ်စ်ကြား သဘောတူညီမှုနဲ့ ဂါဇာထဲ လွှဲပေးမှာ ဖြစ်ပါတယ်။

ဒီသဘောတူညီမှုရအောင် ပြင်သစ်က ကြားဝင် ညှိနှိုင်းပေးတာ ဖြစ်ပြီး အမေရိကန် အစိုးရက ကြိုဆိုခဲ့ပါတယ်။

ဓားစာခံတွေ ပြန်လွတ်ရေးအတွက် အမေရိကန်က အစွမ်းရှိသမျှ အားထုတ်သွားမယ်လို့လည်း အမေရိကန် အစိုးရရဲ့ ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။

ကာတာရဲ့ ကြားဝင်ပေးမှုနဲ့ ဂါဇာ ပဋိပက္ခ ပြီးဆုံးအောင် ဆက်ဆောင်ရွက်သွားမယ် လို့လည်း ကာတာဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်း လေကြောင်းအင်အား ဦးစားပေးမယ်

ukraine

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူကရိန်းတိုက်လေယာဉ်မောင်းတွေကို နေတိုးလေ့ကျင့်

၂၀၂၄ အတွက် ယူကရိန်းရဲ့ ဦးစားပေးက ရုရှားထက် လေကြောင်း အင်အားသာအောင် လုပ်ဖို့ဆိုပြီး ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ကောင်းကင်ကို စိုးမိုးနိုင်မှ ဘယ်အချိန်မှာ ဘယ်လို စစ်ပြီးမယ်ဆိုတာ ပြောနိုင်မယ်လို့လည်း ဒါဗို့စ်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလေဘာက ပြောကြားခဲ့ပါတယ်။

ယူကရိန်း တောင်ပိုင်းနဲ့ အရှေ့ပိုင်းက တပ်တွေကို ထောက်ပံ့ရေးအတွက် အဆင့်မြင့် တိုက်လေယာဉ်တွေ ပို့ပေးဖို့ အနောက်တိုင်း အစိုးရတွေကို ယူကရိန်း တောင်းဆိုတာ ကြာခဲ့ပါပြီ။

လတ်တလောမှာတော့ ယူကရိန်းလေယာဉ်မှူးတွေကို အမေရိကန်လုပ် F 16 ဂျက်လေယာဉ်တွေနဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေက လေ့ကျင့်ပေးနေကြပါတယ်။

ဒိန်းမတ်ကလည်း သူပိုင် လေယာဉ် ၁၉ စင်း ကို ဒီနှစ် ဒုတိယ သုံးလပိုင်းမှာ လွှဲပေးမယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ကူးတို့သင်္ဘောမြုပ်

Bangladesh

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကားအများအပြား သယ်လာတဲ့ ဘင်္ဂလားဒေ့ရှ် ကူးတို့သင်္ဘော

ဘင်္ဂလားဒေ့ရှ်မှာ ကားအများအပြားတင်ဆောင်လာတဲ့ ကူးတို့သင်္ဘောတစင်း နစ်မြုပ်ခဲ့ပါတယ်။

ဒါကာမြို့တော် အနောက်ဘက် မိုင် ၅ဝ လောက် ဝေးတဲ့နေရာမှာ ပဒ်မာမြစ်ကို ဖြတ်နေတုန်း မြူဆိုင်းလို့ ကုန်တင်သင်္ဘောနဲ့ တိုက်မိတာလို့ အာဏာပိုင်တွေက ဆိုပါတယ်။

သင်္ဘောပေါ်မှာ ကုန်တင်ကား ၉ စီးနဲ့ တခြားကားတွေ ပါလာတယ်လို့ သိရပါတယ်။

ရေထဲက လူ တဒါဇင်လောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ နှစ်တိုင်း ကူးတို့သင်္ဘောမှောက်လို့ လူဒါဇင်ချီ သေဆုံးလေ့ရှိသလို နိုင်ငံတွင်း ဖြန့်ကြက်ထားတဲ့ ရေလမ်းပို့ဆောင်ရေးရဲ့ လုံခြုံဘေးကင်းမှု အဆင့်ကလည်း နိမ့်ကျပါတယ်။