နိုဝင်ဘာ ၁၃ ရက် ထိပ်တန်းသတင်းများ - တိုက်ပွဲဆက်ပြင်းထန်နေတဲ့ လွိုင်ကော်မှာ အရပ်သားတွေပိတ်မိနေဆဲ

တိုက်ပွဲဆက်ပြင်းထန်နေတဲ့ လွိုင်ကော်မှာ အရပ်သားတွေပိတ်မိနေဆဲ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ် လွိုင်ကော်မြို့ပေါ်တိုက်ပွဲအတွင်း အရပ်သားတွေစစ်တိမ်းရှောင်မြင်ကွင်း
ရေးသားခဲ့သည်။

၁၁၁၁ စစ်ဆင်ရေးစတင်တဲ့ သုံးရက်မြောက်နေ့အထိ ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးစထိမှန်သေဆုံးတဲ့ အရပ်သားဦးရေလည်းမြင့်တက်နေတယ်လို့ ဒေသခံတွေပြောပါတယ်။

စစ်ဆင်ရေးစတဲ့ နိုဝင်ဘာ ၁၁ ရက်ကစပြီး ပြည်သူတွေ လွိုင်ကော်မြို့ပြင်မထွက်ဖို့ စစ်ကောင်စီက တားမြစ်ထားသလို လူမှုကူညီရေးအသင်းတွေကိုလည်း လူနာသယ်ယူပို့ဆောင်တာ၊ စစ်ရှောင်ရွှေ့ပြောင်းပေးတာတွေမလုပ်ဖို့ အမိန့်ထုတ်ထားတယ်လို့ လူမှုကူညီရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

"ဆေးရုံမှာဆိုရင် သုံးရက်အတွင်း လက်နက်ကြီးထိပြီးသေတဲ့ပြည်သူ အယောက် ၂၀ ရှိပြီလို့ သတင်းထွက်နေတယ်။ ပရဟိတအသင်းတွေဆိုလည်း နာမည်တွေတောင်ထုတ်မပြောရဲကြတော့ဘူး။ ၁၁ ရက်နေ့ကတည်းက တစ်သင်းရဲ့ လူနာတင်ကားနှစ်စီးသိမ်းသွားပြီ။ အသင်းတွေလည်း ဘယ်သူမှအပြင်မထွက်ရဲတော့ဘူး၊ ကူချင်ပေမဲ့ မကူရဲကြတော့ဘူး" လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာဆိုရင် အသက် ၁၇ နှစ်အရွယ် ပရဟိတလူငယ်တစ်ဦး လက်နက်ကြီးစထိမှန်သေဆုံးခဲ့ကြောင်း နီးစပ်သူတွေက အတည်ပြုသလို ဒေါနခူးဘက်မှာလည်း အမျိုးသမီးတစ်ဦး‌ကျည်ထိမှန်သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြောပါတယ်။

"မြို့တွင်းရပ်ကွက်နေရာ‌အမြင့်တွေမှာ စစ်တပ်ကအကုန်နေရာယူထားလိုက်ပြီ။ ပြည်သူတွေကို ရပ်ကွက်အပြင်မထွက်ဖို့တားထားတယ်။ ကိုယ်ပိုင်ကားရှိတဲ့ပြည်သူအချို့ကတော့ အလံဖြူထောင်ပြီးအပြင်ထွက်ဖို့ကြိုးစားနေရတယ်" လို့ ဒီကနေ့မနက် လွိုင်ကော်အခြေအနေနဲ့ပတ်သက်ပြီး KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ဘီဘီစီကို ပြောပါတယ်။

ဒေသခံတွေပြောကြားချက်အရလည်း ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းနဲ့လည်းတိုက်ခိုက်တာရှိတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့က ပါတီဆိုင်းဘုတ်တွေဖြုတ်ချခံရ

NLDပါတီ ဆိုင်းဘုတ်ဖြုတ်ချပြီးနောက်ခြံရှေ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Supplier

ရန်ကုန်မြို့ ၊ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ခွပ်ဒေါင်းပုံနဲ့ NLD နာမည်ပါရှိဆိုင်းဘုတ်တွေကို စစ်ကောင်စီလက်အောက်ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦး‌ဆောင်တဲ့အဖွဲ့က ဖြုတ်ချသွားတယ်လို့ ပြည်တွင်းနေ ပါတီဗဟိုကော်မတီဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက် ည၁၀ နာရီခွဲလောက်မှာလာရောက်ဖြုတ်ချတာဖြစ်ပြီး နေအိမ်ခြံဝင်းတံခါး မကြီး ဘေးနှစ်ဖက်မှာ တပ်ဆင်ထားတဲ့ ဆိုင်းဘုတ်တွေဖြုတ်ချခံရတာလို့ ဆိုပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အရပ်ဝတ်တွေဝတ်ဆင်ထားတဲ့လူတစ်စုက အကြောင်းကြားမှုမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းကို ရောက်ရှိလာတာဖြစ်ပြီး ခြံဝင်းရဲ့ အပြင်ဘက်မှာရှိတဲ့ရဲကင်းက ရဲတပ်ဖွဲ့ဝင်တွေကလည်း ‌မေးမြန်းပြောဆိုတာမရှိဘူးလို့ သိရပါတယ်။

'' သူတို့မနေ့ကညကလာဖြုတ်တာကတော့ ညွှန်ကြားချက်ရထားတယ်ဆိုပြီး ပြောပြီးတော့လာဖြုတ်တယ်။ ဒါပေမဲ့ ဒီမတိုင်ခင် ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးနဲ့စည်ပင်သာယာရေးတာဝန်ရှိသူတွေက ပြည်တွင်းကဗဟိုကော်မတီဝင်တစ်ဥဦးကိုခေါ်တွေ့ပြီးတော့ ရွှေဂုံတိုင်မှာရှိတဲ့ပါတီရုံးချုပ်ကဆိုင်းဘုတ်ကိုဖြုတ်ဖို့ပြောတယ်''လို့ ဖြစ်စဥ်အခြေအနေကိုသိရှိထားတဲ့ ဗဟိုကော်မတီဝင်က ဘီဘီစီကို ပြောပါတယ်။

ဆိုင်းဘုတ်ဖြုတ်မချခင်အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဒါပေမဲ့ ပြည်တွင်းဗဟိုကော်မတီဝင်တွေက လက်ရှိပြည်တွင်းမှာ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူအပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် CEC ၆ ဦးပဲရှိပြီး ဗဟိုကော်မတီဝင်တွေမှာ ဒီလိုဆုံးဖြတ်ပိုင်ခွင့်မရှိလို့ CEC တွေကိုပဲဆက်သွယ်ပြီး ဒီကိစ္စကိုဆက်လုပ်ပါဆိုပြီး အာဏာပိုင်တွေကိုတုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။

'' ရုံးချုပ်ကဆိုင်းဘုတ်တွေ က အင်္ဂတေတွေနဲ့အခိုင်အမာဆောက်ထားတော့ ဆိုင်းဘုတ်ကိုဖြုတ်မယ်ဆို ဖြိုချမှပဲရမှာ။ ဒါကြောင့် အိမ်ကဆိုင်းဘုတ်ကိုအရင်လာဖြုတ်တာလို့ထင်တယ်။ ဒီတိုင်းဆို ရုံးချုပ်ကဆိုင်းဘုတ်တွေလည်း မကြာခင် သူတို့လုပ်မယ်ထင်ပါတယ် '' လို့ ဒီဖြစ်စဥ်အခြေအနေကိုသိရှိထားတဲ့ ဗဟိုကော်မတီဝင်က ဘီဘီစီကို ပြောပါတယ်။

နီးစပ်သူတွေကတော့ NLD ပါတီကိုစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းကြောင်းကြေညာပြီးတဲ့နောက် အခုလိုပါတီဆိုင်းဘုတ်တွေကိုဖြုတ်ဖို့ စစ်တပ်အာဏာပိုင်တွေဘက်က ဖိအားပေးနေတာလို့ ပြောပါတယ်။

မြန်မာ - အိန္ဒိယနယ်စပ်က စစ်ကောင်စီနယ်ခြားစောင့်တပ်စခန်း CNF သိမ်းပိုက်

 ‌ရိဒ်ခေါဒါရ်မြို့ကို အိန္ဒိယဘက်ခြမ်းကနေ တွေ့မြင်ရစဉ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ‌ရိဒ်ခေါဒါရ်မြို့ကို အိန္ဒိယဘက်ခြမ်းကနေ တွေ့မြင်ရစဉ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာ - အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ ‌ရိဒ်ခေါဒါရ်မြို့အပိုင် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်မှာရှိတဲ့ စစ်‌ကောင်စီရဲ့ နယ်ခြားစောင့်တပ်စခန်းကို ချင်းအမျိုးသားတပ်ဦး CNF ဦးဆောင်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ CNF ကနေ သိရပါတယ်။

မနေ့ နိုဝင်ဘာ ၁၂ ရက်ညပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီး ဒီကနေ့မနက် ၆ နာရီမှာ စခန်းထဲဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုဖမ်းဆီးထားသလို လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတာလည်းရှိတယ်လို့ CNF က ပြောပါတယ်။

"ဒီစခန်းဟာ ကျွန်တော်တို့ ဝီတိုရီယဌာနချုပ် (Camp Victoria) အတွက်လည်း စိုးရိမ်ရတဲ့အနေအထားမှာရှိတဲ့ လက်ဦးမှုယူပြီးတော့ အရင်ဝင်သိမ်းလိုက်တာပါ" လို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

နယ်ခြားစောင့်တပ်စခန်းတိုက်ပွဲပြီးနောက် တပ်စခန်းတောင်ခြေမှာရှိတဲ့ စစ်ကောင်စီစခန်းငယ်ကို ဒီကနေ့မနက်ပိုင်းမှာ ဆက်လက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူအသုံးပြုခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အခုချင်းပြည်နယ်ကစခန်းသိမ်းတိုက်ပွဲတွေဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့ဆက်စပ်တိုက်ပွဲဖြစ်သလို စစ်ရေးပြင်းထန်နေတဲ့ရှမ်း‌ပြည်နယ်မြောက်ပိုင်းကိုပဲဖိပြီး စစ်ကောင်စီကတန်ပြန်တိုက်ခိုက်မှုမလုပ်နိုင်အောင် နေရာအစုံမှာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်လုပ်ဆောင်နေကြတာလို့လည်း CNF ကနေ သိရပါတယ်။

စက်သုံးဆီတင်သင်္ဘော‌ ၁၅ စီး ထပ်ရောက်ဖို့ရှိတယ်လို့ စစ်ကောင်စီပြော

စက်သုံးဆီတင်သင်္ဘော‌ ၁၅ စီး ထပ်ရောက်ဖို့ရှိတယ်လို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, CINCDS

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်အပါအဝင်မြို့ကြီးအချို့မှာ စက်သုံးဆီပြတ်လပ်တာကြုံတွေ့ခဲ့ရပြီးနောက်မှာပဲ စက်သုံးဆီသင်္ဘောတွေဆိုက်ကပ်လာပြီဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောလာပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်အတွင်း စက်သုံးဆီတင်သင်္ဘော ၄ စီးဆိုက်ကပ်ထားပြီး နောက်ထပ်သင်္ဘော ၁၅ စီးလည်း ထပ်ပြီးရောက်လာဖို့ရှိနေတယ်လို့ဆိုပါတယ်။

ရန်ကုန်မြို့ပေါ်မှာ စက်သုံးဆီပြတ်လပ်ခဲ့တာဟာ နိုဝင်ဘာ ၁၀ ရက်နေ့တုန်းက ဒီဇယ်ဆီ အောက်တိန်း ၉၂ တွေ နေ့စဉ်ပုံမှန်ရောင်းအားထက် ပိုပြီးရောင်းအားမြင့်ခဲ့တာကြောင့် စက်သုံးဆီသိုလှောင်ထားတဲ့ Terminal ၃ ခုကနေ အရောင်းဆိုင်တွေဆီ အချိန်မီမဖြန့်ဖြူးပေးနိုင်ခဲ့တာလို့ ပြောပါတယ်။

အဲဒီနေ့ညတွင်းချင်းမှာပဲ အရေးတကြီးလိုအပ်ချက်အဖြစ် စက်သုံးဆီတွေကို ဂါလံသန်းချီ ဖြန့်ဖြူးခဲ့သလို နောက်ထပ် ဂါလံသန်းချီလည်း လက်ကျန် စစ်ကောင်စီက စာရင်းနဲ့ဖော်ပြပါတယ်။

စက်သုံးဆီအမျိုးအစားအားလုံး အရန် ၁ လစာကျန်အောင် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ရှမ်း‌မြောက်က ၈ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာ

တအာင်းတပ် TNLA တပ်ဖွဲ့ဝင်တွေကို နမ့်ခမ်းမြို့ပေါ်မှာ နိုဝင်ဘာ ၁၀ ရက်နေ့က တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တအာင်းတပ် TNLA တပ်ဖွဲ့ဝင်တွေကို နမ့်ခမ်းမြို့ပေါ်မှာ နိုဝင်ဘာ ၁၀ ရက်နေ့က တွေ့ရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး နဲ့ သိန္နီမြို့နယ်တွေကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်ကြောင်းကြေညာပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ကုန်းကြမ်း နဲ့ လောက်ကိုင် မြို့နယ်တွေကိုတော့ ဒေသကွပ်ကဲရေးမှူးက စီရင်ပိုင်ခွင့်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

မနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ညမှာ စစ်ကောင်စီကစစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ ဒီ ၈ မြို့နယ်ထဲက ကွမ်းလုံ၊ နမ့်ခမ်း၊ သိန္နီ တို့ကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီလို့ တရားဝင်ကြေညာထားတာပါ။

အဲဒီထဲ နမ့်ခမ်းမြို့ပေါ်မှာတော့ မနေ့ည ၈ နာရီက လက်နက်ကြီးကျရောက်တာ‌ကြောင့် ပတ္တမြားခန်းမမီးလောင်ကျွမ်းခဲ့ပြီး ဒါဟာ စခန်းသစ်ကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးပစ်ခတ်လိုက်တာလို့ တအာင်းတပ် TNLA က ဒီနေ့မနက်မှာသတင်းထုတ်ပြန်ပါတယ်။

တခါ ကွတ်ခိုင်မြို့မှာတော့ မြို့ပေါ်တိုက်ပွဲမရှိပေမဲ့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ကာ အခြားမြို့တွေဆီ သွားလာလို့မရတော့တာကြောင့် စားနပ်ရိက္ခာပြတ်တောက်မှာကို စိုးရိမ်နေတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

"ကွတ်ခိုင်မှာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အကုန်မစိုးမိုးနိုင်သေးပေမဲ့ စိုးမိုးမယ့်အနေအထား‌တွေရှိနေပြီ။ မြို့ပေါ်တိုက်ပွဲ ဒီမနက်တော့မရှိပေမဲ့ ရှိလာရင်လည်း လားရှိုးလည်းသွားမရ၊ မူဆယ်လည်းသွားမရနဲ့။ ရွာတွေဘက်ကရော သိန္နီဘက်ကလည်း စစ်ရှောင်တွေက ကွတ်ခိုင်မြို့ပေါ်ရှိနေတာ" လို့ စစ်ရှောင်ကူညီရေးဆောင်ရွက်နေတဲ့ ကွတ်ခိုင်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီကတော့ အခုစစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေကို စီမံပိုင်ခွင့်အာဏာရရှိထားတဲ့ ရမခတိုင်းမှူး နဲ့ ဒေသကွပ်ကဲရေးမှူးတို့ဟာ အုပ်ချုပ်ရေး၊ စစ်ခုံရုံးနဲ့ အကျဉ်းနည်းစီရင်တဲ့ တရားစီရင်ရေးတွေကို ဆောင်ရွက်နိုင်ကြောင်းပြောထားပြီး ဒီမြို့နယ်တွေက အခြေအနေတွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီ တိုက်ရိုက်အစီရင်ခံရမယ်လို့ ဖော်ပြပါတယ်။

ရခိုင်မှာတိုက်ပွဲတွေစဖြစ်ပြီးနောက် စစ်တပ်က လမ်းတွေပိတ်ဆို့လာ

 ရခိုင်ပြည်နယ်တွင်းတစ်နေရာမှာလုံခြုံရေးယူနေတဲ့ စစ်သားတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, AFP

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ အေအေတို့အကြား တိုက်ပွဲတွေစတင်ခဲ့ကြတဲ့ နိုဝင်ဘာ ၁၃ ရက် ဒီနေ့မနက်ပိုင်းမှာပဲ ရန်ကုန် - စစ်တွေ အဝေးပြေးလမ်းမကြီးရဲ့ စစ်တွေမြို့နယ်အတွင်းက လမ်းပိုင်းကို စစ်ကောင်စီဘက်ကပိတ်ထားလိုက်ပြီဖြစ်တယ်လို့မြို့ခံတချို့ကပြောပါတယ်။

စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ ရဲနဲ့စစ်တပ်ပူးပေါင်းစစ်ဆေးရေးဂိတ်တစ်ခုဖြစ်တဲ့ ကျောက်တန်းဂိတ်နဲ့ စစ်တွေမြို့အဝင် တပ်ထိန်းဂိတ်တွေကိုပိတ်ထားတာလို့သိရပါတယ်။

အဲ့ဒီလမ်းကိုပိတ်လိုက်တာကြောင့် စစ်တွေကနေတစ်ခြားမြို့နယ်တွေကိုသွားလာမယ့် ခရီးသည်တွေလည်း ပိတ်မိနေကြပြီး ရေကြောင်းတစ်ခုတည်းကိုပဲ အသုံးပြုသွားလာနေကြရတယ်လို့သိရပါတယ်။

တချိန်တည်းမှာပဲ ဒီကနေ့ ရသေ့တောင်မြို့နယ်တိုက်ပွဲနဲ့အတူ မင်းပြားမြို့နယ်မှာလည်း စစ်ကောင်စီ ယာဉ် ၂ စီးကို ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်ခဲ့တာရှိသလို မြောက်ဦးမြို့မှာလည်း စစ်ကောင်စီတပ်က လက်နက်ငယ်တွေခြောက်လှန့်ပစ်ခတ်တာတွေရှိတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြနေပါတယ်။

"ရခိုင်မှာ အေအေ တိုက်ပွဲ‌ဖော်" ၊ စစ်တပ်နယ်ခြားစောင့်စခန်းတချို့ကို အေအေ ဝင်တိုက်ခိုက်

ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AA Info

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ထဲက ဒုံးပိုက်နဲ့ ချိန်ခါလီ ကျေးရွာတွေမှာ စစ်ကောင်စီ နယ်ခြားစောင့်စခန်းနဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား ဒီကနေ့မနက်အစောပိုင်း ၄ နာရီခန့်ကစပြီး တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ‌ရသေ့တောင်ဒေသခံအချို့ကအတည်ပြုပါတယ်။

လက်ရှိမှာ အဲဒီကျေးရွာတွေက ဒေသခံတွေလည်းလက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဘေးလွတ်ရာတောင်ပေါ်တွေဆီကိုထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ချိန်ခါလီရွာသားတစ်ဦးကပြောပါတယ်။

'' ချိန်ခါလီက နယ်ခြားစောင့်တပ်ရဲစခန်းကို အေအေက ဝင်တိုက်တာလို့ယူဆကြတယ်။မနက်အစောကြီး လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံတွေကိုရဲစခန်းဘက်ကနေတောက်လျှောက်ကြား‌နေရပါတယ်။ အခုရွာကတစ်ရွာလုံးတောင်ပေါ်ကိုပြေးကြပါပြီ။ အခုထိလည်းပစ်ခတ်နေကြပါတယ်'' လို့ ချိန်ခါလီဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ရသေ့တောင်မြို့နယ်ထဲက ဒုံးပိုက်နဲ့ချိန်ခါလီဟာ ၃ မိုင်ခန့်ကွာဝေးပြီး နှစ်ရွာလုံးမှာ နယ်ခြားစောင့်တပ်ရဲစခန်းတွေပဲရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသတွင်းသတင်းတွေမှာတော့ ဒုံးပိုက်နယ်ခြားစောင့်စခန်းနဲ့ ချိန်ခါလီ နယ်ခြားစောင့်စခန်းတွေကို AA က တိုက်ခိုက်နေပြီး ဒုံးပိုက်နယ်ခြားစောင့်စခန်းကို AA က သိမ်းပိုက်လိုက်ပြီလို့ ဖော်ပြတာတွေရှိနေပါတယ်။

ဒါနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိဘဲ လက်ရှိရသေ့တောင်ထဲက တိုက်ပွဲနဲ့ စစ်ရေးအခြေအနေကိုအေအေပြောခွင့်ရ ခိုင်သုခကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာတိုက်ပွဲပြင်းထန်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲအပြီးတည်းကစလို့ နှစ်ဖက်တိုက်ပွဲတွေ ရပ်တန့်သွားခဲ့ပေမဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လကစလို့တစ်ကျော့ပြန်တိုက်ပွဲတွေပြန်ဖြစ်ခဲ့တာကနေ ဒေသခံသောင်းနဲ့ချီစစ်ရှောင်ရတာ၊ဆယ်နဲ့ချီသေဆုံးခဲ့တာနဲ့ ရာနဲ့ချီဖမ်းဆီးခံရတာတွေကြောင့် စစ်တပ်နဲ့ အေအေတို့ကြား ၂၀၂၂ ခုနှစ် နိုဝင်ဘာမှာ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်ခဲ့တာဖြစ်ပါတယ်။

အခုနှစ် ၂၀၂၃ နိုဝင်ဘာ အပစ်ရပ်တစ်နှစ်ပြည့်ချိန်မှာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တိုက်ပွဲတွေ ပြန်ဖော်လာတာလို့ ရခိုင့်နိုင်ငံရေးအကဲခတ်တချို့ကပြောပါတယ်။