ဒီဇင်ဘာ ၂၄ ရက် ဘီဘီစီရဲ့ နောက်ဆုံးရသတင်းများ စုစည်းချက်- မြန်မာ့အရေးကူညီမယ့် NDAA ဥပဒေကို ကန်သမ္မတအတည်ပြု

ကန်သမ္မတ၊ NDAA

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာ့အရေးကူညီမယ့် NDAA ဥပဒေကို ကန်သမ္မတအတည်ပြု
ရေးသားခဲ့သည်။

အမေရိကန်အထက်လွှတ်တော်နှစ်ရပ်က အတည်ပြုထားတဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ဥပဒေကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးလိုက်အတည်ပြုလိုက်ပြီလို့ အမေရိကန်ကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီဥပ‌ဒေထဲ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ (Ethnic Armed Organizations – EAOs) တွေ ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွေ (PDFs) တွေကိုလက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေထောက်ပံ့ဖို့အချက်တွေ ထည့်သွင်းထားတာဖြစ်ပါတယ်။

လာမယ့် ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဒီဥပဒေအရ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀၀ ကျော် သုံးစွဲခွင့်ပြုထားပြီး စစ်ဘက်နဲ့ အရပ်ဘက်ဝန်ထမ်းတွေ ငွေကြေးဖောင်းပွမှုဒဏ်ကိုခံနိုင်အောင် မူလ တောင်းခံထားတာထက် ဒေါ်လာ ၄၅ ဘီလီယံ ပိုချပေးထားတာပါ။

၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော် ကာကွယ်ရေး အသုံးစရိတ် ဥပဒေ (Bill of National Defense Authorization Act - NDAA) က အတည်ဖြစ်လာပြီဖြစ်လို့ ဒါဟာ အမေရိကန်ရဲ့ မြန်မာနဲ့ ပတ်သက်တဲ့ မူဝါဒပိုင်းမှာ အရေးကြီးတဲ့ အရွေ့လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက မြင်ကြပါတယ်။

ဒီ NDAA ဥပဒေထဲမှာ Burma Unified through Rigorous Military Accountability (BURMA) Act of 2022 ကို ထည့်သွင်းလိုက်နိုင်တာက “ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေအတွက် ကြီးမားတဲ့ အောင်ပွဲ” လို့ ဒီမူကြမ်းကို ဦးဆောင်တင်သွင်းခဲ့တဲ့ လွှတ်တော်အမတ်လည်းဖြစ်၊ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဂရေဂရီ မိခ် က ပြောကြားထားပါတယ်။

ဒါ့အပြင် “စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေ၊ လူအခွင့်အ‌ရေး ချိုးဖောက် ခဲ့ကြသူတွေနဲ့ စစ်တပ်ကို ဘဏ္ဍာငွေထောက်ပံ့နေတဲ့ နိုင်ငံပိုင် ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူဆောင်ရွက်သွားဖို့ ဒီဥပဒေက အခွင့်အာဏာ ပေးထားတယ်” လို့လည်း မစ္စတာ မိခ်ကရှင်းပြထားတာပါ။

အရင်က မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေကို ကူညီဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေပေးဖို ရန်ပုံငွေတောင်းတာမျိုးတွေသာ ထည့်သွင်းလေ့ရှိတဲ့ အမေရိကန် လွှတ်တော်ရဲ့ ဒီလို ဥပဒေမှာ အခုတော့ လက်နက်မဟုတ်တဲ့ အကူအညီကို ခုခံဆန့်ကျင်ရေး အင်အားစုတွေကို ပေးဖို့အထိ ဖြစ်လာတာပါ။

ဒီဥပဒေ လွှတ်တော် ၂ရပ်မှာ အတည်ပြုချိန်က အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကကြိုဆိုထောက်ခံထားပြီး မြန်မာပြည်သူပြည်သားတွေနဲ့ NUG၊ NUCC၊ CRPH၊ CDM နဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုတို့အတွက် စစ်ကောင်စီကို ဆန့်ကျင့်တိုက်ပွဲဝင်နေကြတဲ့ မဟာမိတ်အဖွဲ့အစည်းတွေကို ထောက်ပံ့ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒကို ရှင်းရှင်းလင်းလင်း ဖေါ်ပြထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ အမေရိကန်ရဲ့ ခြေလှမ်းက အကြမ်းဖက်မှုတွေကို အားပေးဖို့ လုပ်တာလို့ တုံ့ပြန်ထားပါတယ်။

ဖရူဆိုမြို့မှာ လူပေါင်း ၄၀ ဝန်းကျင်မီးရှို့သတ်ခံရတဲ့ကိစ္စကို တရားစွဲဖို့ ပြင်ဆင်

စစ်အာဏာသိမ်း၊ မီးရှို့၊ အသတ်ခံရ၊

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာ အသတ်ခံခဲ့ကြရတာဖြစ်ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကယား- ကရင်နီပြည်နယ်မှာ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် လူပေါင်း ၄၀ ဝန်းကျင် မီးရှို့ခံခဲ့ရတာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး အဲဒီကိစ္စရပ်အတွက်ကျူးလွန်ခဲ့သူတွေကို တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ Karenni State Police KSP ကတာဝန်ရှိသူတစ်ဦး ဖြစ်တဲ့ ကိုဘိုဘိုက ပြောပါတယ်။

 

“KSP အနေနဲ့ တတ်နိုင်သမျှ သက်သေအချက်လက်တွေစုတယ်၊ နိုင်ငံတကာ မီဒီယာကို ချပြတာတွေ လုပ်ပြီးသွားပြီ။ IIMM(လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရား) ကိုလည်း ရထားတဲ့ အချက်လက်တွေ ပို့ထားတယ်။ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး သက်သေအချက်လက်တွေ ပို့ထားတာလည်း ရှိတယ်၊ တရားစွဲဖို့ လုပ်နေတယ်ပေါ့။ နောင်တချိန် ဒါတွေကို မှတ်တမ်းတွေတင်ထားပြီး ထိုက်တန်တဲ့ပြစ်မှုတွေအတွက် တရားစွဲဖို့ ပြင်ဆင်သွားမှာ”လို့ပြောပါတယ်။

 

ဖရူဆိုမြို့ က မိုဆိုရွာနားမှာ မော်တော်ယာဉ် ၆ စီး၊ ထော်လာဂျီ ၂ စီး၊ ဆိုင်ကယ် ၅ စီးနှင့်အတူ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအ၀င် လူပေါင်း ၄၀ ထက်မနည်း  မီးရှို့ခံခဲ့ရတာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာ ဖြစ်ပွားခဲ့တာပါ။

 

အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး KNDF ဒေသကာကွယ်ရေးတပ်ဘက်ကထုတ်ပြန်ချက်မှာတော့  ဖရူဆိုမြို့နယ်ထဲမှာ ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၁နာရီကနေ ညနေ ၅ နာရီအထိ ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားတိုးတက်ရေးတပ် KA ၊ KNDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့လို့ အဲဒီနားက ဒေသခံတွေက စစ်ဘေးရှောင်ထွက်ပြေးခဲ့ပြီး စစ်ရှောင်တချို့ မီးရှို့သတ်ဖြတ်ခံရတာတွေ ရှိခဲ့ကြောင်းနဲ့ မီးရှို့သတ်ဖြတ်ခံရသူ အရေအတွက်က ၃၅ ဦးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

 

ဒီဖြစ်စဥ်ကို စစ်ကောင်စီ သတင်းပြန်ကြားရေးဘက်က ထုတ်ပြန်တဲ့အထဲမှာတော့

ဖရူဆိုမှာ လုံခြုံရေးအတွက် ယာဥ် ၇ စီးကို စစ်ဆေးတာကို မရပ်တန့်ဘဲ လက်နက်ငယ်တွေနဲ့ စပစ်ပြီး ထွက်ပြေးလို့ ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဥ်ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို လက်မခံဘဲ မြန်မာ့အခြေခံမူဝါဒနဲ့သာ ရပ်တည်မယ်လို့ စစ်ကောင်စီပြော

စစ်အာဏာသိမ်း၊ လုံခြုံရေးကောင်စီ၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ကောင်စီ
ဓာတ်ပုံ ပုံစာ,  လုံခြုံရေးကောင်စီအစည်းအဝေး

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဒီဇင်ဘာ ၂၁ ရက် အစည်းအဝေးမှာ မြန်မာ့အရေး လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို မဲခွဲချမှတ်ခဲ့တာကို သိရှိရပြီး မြန်မာ့အရေးဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ထိခိုက်သက်ရောက်တာ မရှိဘဲ ပြည်တွင်းအရေးသာဖြစ်တဲ့အတွက် အခုလို ဆုံးဖြတ်ချက်အဆိုကို အတည်ပြုချမှတ်တာဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့ ညီညွတ်မှုမရှိဘူးလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ဟာ ကုလမဂ္ဂရဲ့ အခြေခံမူနဲ့ ရည်ရွယ်ချက်တွေကို ဆန့်ကျင်ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့အချက်တွေ ပါဝင်တဲ့အကြောင်း၊ ဒါ့အပြင် အဲဒီဆုံးဖြတ်ချက်မှာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ထည့်သွင်းထားပြီး အထွေထွေညီလာခံ တတိယကော်မတီနဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွေမှာ အကြိမ်ကြိမ် ဆွေးနွေးထားတဲ့ ကိစ္စတွေဖြစ်ပြီး လုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မရှိဘူးလို့လည်း စစ်ကောင်စီက ဆိုပါတယ်။

 

အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ဆုံးဖြတ်ချက်မှာလည်း တောင်းဆိုထားတာ တွေ့ရတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တည်ဆဲဥပဒေတွေနဲ့အညီ ဆောင်ရွက်နေတဲ့အတွက် NUG နဲ့ PDF တွေရဲ့ လုပ်ရပ်တွေကိုသာ ရှုတ်ချဖို့၊ အာဆီယံသဘောတူညီချက် ၅ ချက်ကို ဆောင်ရွက်တဲ့အခါ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဖို့နဲ့ အာဆီယံပဋိညာဉ်စာတမ်းပါ အချက်လက်ပေါ် အခြေခံပြီး ဆက်လက်ဆောင်ရွက်သွားမယ့်အကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးအတွက် စိစစ်လက်ခံဖို့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။

“ဘင်္ဂလား‌ဒေ့ရှ်ကနေ ပြန်ခေါ်မယ်ဆိုတာကလည်း နှစ်နိုင်ငံသဘောတူထားချက်နဲ့အညီ စိစစ်ပြီးမှ ပြန်ခေါ်မယ်လို့ ပြောတော့ စိစစ်ပြီးတော့ဆိုတဲ့ဟာက သူတို့လုပ်ပိုင်ခွင့်လမ်းကြောင်းကနေ စိစစ်ပြီး မခေါ်သင့်ဘူးဆိုရင်လည်း ခေါ်မှာမဟုတ်ဘူးပေါ့။ အာဆီယံဘုံသဘောတူညီချက်ကလည်း ယေဘုယျအားဖြင့် သူတို့လက်ခံထားတယ်။ ဒါပေမဲ့ အကောင်အထည်မဖော်ဘူးဆိုတာက မြန်မာပြည်ရဲ့အရေးကို မြန်မာပြည်လောက်မသိဘဲနဲ့ ဝင်ရောက်စွက်ဖက်နေလို့ အကောင်ထည်ဖော်လို့မရပါဘူးဆိုတဲ့ဟာကို ငြင်းချက်ထုတ်ဖို့ လမ်းစဖော်တဲ့သဘောပဲ“လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်နဲ့ပတ်သက်လို့  မှတ်ချက်ပေးပါတယ်။

မြန်မာနိုင်ငံအရေး ဆောင်ရွက်တဲ့အခါ တည်ဆဲဥပဒေ၊ အခြေခံမူတွေနဲ့သာ ရပ်တည်သွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သူတို့လုပ်ကိုင်တာ မှန်ကန်တယ်လို့ ယူဆနေတဲ့အတွက် လက်ရှိဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ကြောင်းထိုးတာတွေက ဆက်ရှိနေနိုင်တယ်လို့လည်း နိုင်ငံရေးကျွမ်းကျင်သူတွေကသုံးသပ်ပြောဆိုပါတယ်။

တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် ပွဲဈေးအနား ဗုံးပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

စစ်အာဏာသိမ်း၊ ပွဲဈေး၊ ဗုံးပေါက်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကျားကွက်သစ်ရပ်ကွက် ပွဲဈေးအနား ဗုံးပေါက်ကွဲ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ၊ ကျားကွက်သစ်ရပ်ကွက်၊ နိ‌ဂြောဓလမ်းမှာကျင်းပနေတဲ့ ပွဲဈေးနားမှာ ဗုံးပေါက်ကွဲမှုတစ်ခု ဒီဇင်ဘာ ၂၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 “ည ၈ နာရီလောက်မှာ အုန်းကနဲ အသံကြားတာ၊ သွားကြည့်တော့ အမျိုးသမီးတစ်ယောက် လဲနေတယ်။ လူမှုကူညီရေးအသင်းက ကားတချို့ရောက်လာတယ်၊ ရှေးဦးသူနာပြုစုပေးပြီး ရန်ကုန်ဆေးရုံကြီးကို ခေါ်သွားတယ်။ ဗုံးပေါက်တဲ့နေရာနဲ့ ပွဲဈေးနဲ့က ပေ ၂၀၊ ၃၀ လောက် လှမ်းတယ်”လို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

အမျိုးသမီးနဲ့အတူ အသက် ၃ နှစ်အရွယ် ကလေးတစ်‌ယောက်လည်း ပွန်းပဲ့ဒဏ်ရာရတာတွေရှိတယ်ဆို ပြောပါတယ်။

ဒေသခံတချို့ရဲ့ ပြောကြားချက်အရ လမ်းဘေးမှာရှိနေတဲ့ အထုတ်တစ်ခုကို အဲ့ဒီအမျိုးသမီးက သွားဖွင့်ကြည့်မိတာကနေ ပေါက်ကွဲတာလို့လည်း ဒေသအခြေပြုသတင်းတွေထုတ်ပြန်တဲ့ လူမှုကွန်ရက်စာမျက်နှာတချို့မှာရေးသားထားတာတွေ့ရပြီး ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

 ကရင်ပြည်နယ်၊ မြဝတီမြို့မှာလည်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာတုန်းက ဘုရားပွဲတော်လုပ်နေတဲ့နေရာနားမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တာကြောင့် ဈေးပွဲတော် ဖျက်သိမ်းခဲ့ရပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့မြန်မာ့အရေး ဆုံးဖြတ်ချက်ကို NLD ပါတီ ကြိုဆို

စစ်အာဏာသိမ်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ NLD၊ ထောက်ခံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, NLD ပါတီကို ထောက်ခံခဲ့ကြသူများ

တည်ဆဲဥပဒေတွေကိုချိုးဖောက်ပြီး အတင်းအဓမ္မ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို မြန်မာပြည်သူတွေကိုယ်စား ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကတဆင့် အရေးယူနိုင်မှာဖြစ်တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြိုဆိုတဲ့အကြောင်း ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရယူနိုင်တဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၇၀ ကျော် အတွင်း မြန်မာနိုင်ငံအရေးနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂရဲ့ ပထမဆုံး ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ အဖမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုချက်ကလည်း မြန်မာနိုင်ငံ တည်ငြိမ်ဖို့အတွက် အရေးပါတဲ့ တောင်းဆိုချက်ဖြစ်သလို ၊ တိုင်းရင်းသားနယ်မြေတွေ၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီတိုင်းတို့လို ဒေသတွေမှာ လေကြောင်းတိုက်ခိုက်တာ၊ နေအိမ်တွေမီးရှို့တာ စတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို တုံ့ပြန်နေကြရတဲ့ ပြည်သူတွေရဲ့ ကြိုးပမ်းမှုကို အသိအမှတ်ပြုလိုက်တယ်လို့ ခံယူတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ဒီနေ့ရက်စွဲနဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက လက်ရှိလုပ်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်မသွားတာ၊ လူသားချင်းစာနာထောက်ထားမှုအရ ကူညီပေးလို့မရတာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုပြီးဆိုးရွားတာတွေ ဖြစ်ပေါ်လာမယ်ဆိုရင် လုံခြုံရေးကောင်စီက တစ်ဆင့်ပြီးတစ်ဆင့် အရေးယူလို့ ရသွားမယ့်သဘောရှိတဲ့အကြောင်း၊ ကုလမဂ္ဂလုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်တွေအရ အရေးယူမှုတွေဟာ ရှေ့လျှောက်တွေ့လာနိုင်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ပြည်သူအပေါ် လက်နက်အားကိုး အနိုင်ကျင့်နှိပ်စက်နေတာတွေ၊ လူသားမျိုးနွယ်အပေါ် ဆန်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာတွေကို အပြီးသတ် ချုပ်ငြိမ်းဖို့ စစ်ကောင်စီကို လက်နက်ရောင်းချတာတွေ ပိတ်ပင်တားဆီးနိုင်ဖို့ နိုင်ငံတစ်ခုချင်းစီရဲ့ ပူးပေါင်းကြိုးပမ်းမှုလည်း မဖြစ်မနေလိုအပ်နေတယ်လို့ NLD က ဆိုပါတယ်။

အာဆီယံဘုံသဘောတူညီချက် ငါးချက်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့အတွက် ပြီးပြည့်စုံမှုမရှိပေမဲ့လည်း ပြဿနာပြေလည်ရေးလမ်းစ ဖြစ်လာနိုင်တာကြောင့် နိုင်ငံတကာက အချိန်ကာလတစ်ခု သတ်မှတ်ပြီး အကောင်ထည်ဖော်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီကတော့ ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ချမှတ်မှုကို ပယ်ချထားပြီး ပြည်တွင်းရေးကို ဝင်မစွက်ဖို့ ထုတ်ပြန်ထားပါတယ်။

PDF ကို ထောက်ပံ့လို့ ဆိုပြီး ထီးချိုင့်မြို့နယ်က ဒေသခံ အယောက် ၂၀ ဝန်းကျင် အဖမ်းခံရ

စစ်အာဏာသိမ်း၊ စစ်ကောင်စီ၊ ဖမ်းဆီး၊ မီးရှို့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာ ၂၄ ရက် ဒီနေ့မှာ စစ်ကြောင်းထိုးခံနေရတဲ့ အလယ်တောကျေးရွာ

စစ်ကြောင်းထိုးခံရတဲ့ရွာတွေက အရပ်သားလေးယောက် အဖမ်းခံရ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က ကျေးရွာတွေထဲကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။ ဒီဇင်ဘာ ၂၄ ရက် ဒီနေ့ မှာဆိုရင် အလယ်တောကျေးရွာကို ဝင်ရောက်နေလာတဲ့ စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးမိတဲ့ အရပ်သား ၄ ယောက် အဖမ်းခံထားရတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရသူ ၄ ယောက်ထဲမှာ ၂ ယောက်က ကွင်းကြီးကျေးရွာကဖြစ်ပြီး ကျန်တဲ့ နှစ်ယောက်ကတော့ ဘယ်ကျေးရွာကဆိုတာ မသိကြရသေးပါဘူး။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ် ရပ်ကွက်တချို့က ဒေသခံတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့တယ် ဆိုတဲ့စွတ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်ကနေ စတင်ဖမ်းဆီးနေတာဖြစ်ပြီး ဒီနေ့အထိ အဖမ်းခံရသူ အယောက် ၂၀ ဝန်းကျင်အထိ ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

“ထီးချိုင့်မြို့နယ်ထဲမှာ ရွာတွေမီးရှို့ခံရတော့ မီးဘေးသင့် ပြည်သူတွေအတွက်ဆိုပြီး ငွေလှူတဲ့သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေကို လှူတယ်ဆိုပြီးဖမ်းတာ။ သတင်းပေးတဲ့သူက သူတို့က လှူနေတဲ့သူတွေဆိုပြီး ပေးလိုက်တော့ ငွေကြေးရှိတဲ့သူ တော်တော်များများ အဖမ်းခံထားရတယ်။ တစ်ရက်တည်းကိုပဲ လေး၊ငါးယောက် ဖမ်းတာ”လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

 ဖမ်းဆီးခံရသူတွေကို မြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့သိရကြောင်းဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်မြို့နယ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာကစပြီး ဒီနေ့အထိ ဆက်တိုက်ဆိုသလို စစ်ကြောင်းထိုး၊ ကျေးရွာတွေ မီးရှို့ခံရတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။