ထိုင်းရဲ ဖမ်းထားတဲ့ မြန်မာစီးပွားရေးသမားကို ဘန်ကောက်ဗဟိုအကျဉ်းထောင်မှာစစ်ကြောနေ

ရေးသားခဲ့သည်။

မူးယစ်ဆေးဝါးရောင်းဝယ်မှုဖောက်ကားမှု၊ ငွေကြေး ခဝါချမှုတွေနဲ့ ပတ်သက်ပြီးတော့ ထိုင်းရဲတပ်ဖွဲ့ ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ မြန်မာစီးပွားရေးသမားတစ်ဦးနဲ့ ပတ်သက်ပြီး ရက်ပေါင်း ၈၄ ရက်အတွင်း သက်သေစုဆောင်းကာအမှုတည်ဆောက်ပြီး တရားစွဲတင်သွားဖို့ ထိုင်းရဲတပ်ဖွဲ့ ကပြင်ဆင်နေပါတယ်။  

စက်တင်ဘာ ၂၉ ရက်နေ့မှာ ဘီဘီစီကစုံစမ်းသိရှိချက်အရ လက်ရှိမှာ သူ့ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဗဟိုအကျဥ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

ဘီဘီစီမြန်မာပိုင်းက ထိုင်းရဲတပ်ဖွဲ့ကို ဆက်သွယ်ပြီး ဖမ်းဆီးခံမြန်မာနိုင်ငံသားရဲ့ အမည်ကိုအတည်ပြုပေးဖို့ မေးမြန်းပေးမဲ့ လုပ်ထုံးလုပ်နည်းတွေအရ လက်ရှိမှာ အတည်မပြုနိုင်သေးကြောင်း ငြင်းဆိုပါတယ်။  

ထိုင်းရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းအရ ထိန်းသိမ်းခံထားရသူကို တရားရုံးမှာအမှုစွဲတင်တာမပြုလုပ်ခင် နာမည်ကိုဖော်ပြတာမရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကိုပြောကြားချက်အရသိရပါတယ်။

ဒါပေမဲ့ မြန်မာစစ်တပ်ပေါ် ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းတွေနဲ့ လက်နက်ရောင်းဝယ်မှုတွေကို စောင့်ကြည့်နေတဲ့ Justice for Myanmar ကတော့ မူးယစ်ဆေးဝါးအပါအဝင် ငွေကြေးခဝါချမှု စွဲချက်တွေနဲ့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ အဲဒီစီးပွားရေးလုပ်ငန်းရှင်ဆိုသူဟာ ‌ဒေါက်တာထွန်းမင်းလတ်ဆိုသူဖြစ်ပြီး သူဟာ မြန်မာစစ်တပ်အတွက်လက်နက်ပွဲစားတစ်ယောက်ဖြစ်တယ်လို့ ဖော်ပြပါတယ်။   

ဖမ်းဆီးခံထားရတဲ့ အဲဒီစီးပွားရေးလုပ်ငန်းရှင်ဟာ ထိုင်း - မြန်မာ နယ်စပ် မြန်မာဘက်ခြမ်းကတာချီလိတ်မှာ အခြေစိုက်ကာစီးပွားရေးလုပ်ကိုင်နေသူလို့ဆိုပါတယ်။  

ဒေါက်တာထွန်းမင်းလတ်ဟာ လက်ရှိ ထိုင်းအထက်လွှတ်တော် အမတ်ဖြစ်တဲ့  ဥပကစ်ပါချာရယန်ကွန်- Upakit Pachariyangkun နဲ့ သူ့ရဲ့ ထိုင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ ထိုင်းနဲ့မြန်မာမှာ တည်ထောင်ခဲ့တဲ့ စီးပွားရေးကွန်ရက်တစ်ခုဖြစ်တဲ့ Allure Group ကတစ်ဆင့် ငွေကြေးခဝါချမှုကျူးလွန်တယ်လို့ Justice for Myanmar က သတ်မှတ်ထားပါတယ်။ 

ဒါပေမဲ့ ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ်ပါချာရီကွန်ကတော့ သူဟာ ဒေါက်တာထွန်းမင်းလတ်နဲ့ပတ်သက်မှုမရှိကြောင်းငြင်းဆိုလို့ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်းကဖော်ပြပါတယ်။  

Allure ကုမ္ပဏီက ထိုင်းနိုင်ငံကနေ တာချီလိတ်ကို လျှပ်စစ်ဓာတ်အား ရောင်းချပေးနေပြီး တာချီလိတ်မြို့နယ်မှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးက ငှားရမ်းထားတဲ့ မြေပေါ်မှာ  ကာစီနိုလောင်းကစားရုံတစ်ခုကို ဖွင့်လှစ်ထားတယ်လို့ လည်း Justice for Myanmar ဖော်ပြပါတယ်။   မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ မှတ်ပုံတင်ဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ Allure ကုမ္ပဏီလိပ်စာကို ဘီဘီစီက စစ်ဆေးကြည့်တဲ့အခါမှာလည်း Allure အမည်နဲ့ ကုမ္ပဏီကို တာချီလိတ်မြို့ ပုန်းထွန်ရပ် ဗေဒါလမ်း လိပ်စာနဲ့ မှတ်ပုံတင်ထားတာ တွေ့ရပါတယ်။ 

ထိုင်းရဲတပ်ဖွဲ့ ရဲ့ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၁၇ ရက် မနက် ၆နာရီက အသက် ၅၃ နှစ် ရှိ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊ အသက် ၃၈ နှစ်အရွယ်ရှိ ထိုင်းအမျိုးသားတစ်ဦး၊ အသက် ၄၄ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးတစ်ဦး၊ အသက် ၅၀ အရွယ်ရှိ ထိုင်းအမျိုးသမီးတစ်ဦး စုစုပေါင်း ၄ ဦးကို မူးယစ်ဆေးဝါးသယ်ဆောင်လာမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဖမ်းဆီးမိခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။  

‘’ သူ့ကိုဘယ်ရက်မှာတရားစွဲတင်မယ်ဆိုတာကိုတော့ပြောလို့မရသေးပါဘူး။ သူ့ကို အခု ဘန်ကောက်မြို့က ဗဟိုအကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီးတော့ စုံစမ်းစစ်ဆေး‌ရေးနဲ့ စစ်ကြောရေးတွေလုပ်နေပါတယ်’’ လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီ ကိုပြောပါတယ်။  

ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးထားတဲ့သူဟာ ဘယ်သူဘယ်ဝါဆိုတာနဲ့ လက်နက်ပွဲစားဆိုတဲ့ ပြောဆိုချက်တွေ အပေါ်မှာ လတ်တလောမှတ်ချက်ပေးလို့မရနိုင်သေးပေမဲ့ သူဟာ ငွေကြေးခဝါချမှုနဲ့ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေလို့ဖမ်းဆီးလိုက်တယ်ဆိုတာကိုတော့ထိုင်းရဲတပ်ဖွဲ့ပြောခွင့်ရက ထပ်ပြီး အတည်ပြုပါတယ်။   

Justice for Myanmar ရဲ့ နောက်ထပ်ဖော်ထုတ်ချက်တွေအရ ဒေါက်တာထွန်းမင်းလတ်ဟာ မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားတစ်ယောက်ဖြစ်ပြီး သူဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သမီး ဒေါ်ခင်သီရိသက်မွန်နဲ့  လုပ်ဖော်ကိုင်ဘက် ဖြစ်ပြီး မောင်းသူမဲ့လေယာဉ် UAV အပါအဝင် အစ္စရေးနဲ့ တရုတ်နိုင်ငံတွေကလက်နက်တွေ ၀ယ်ယူပေးနေတယ်လို့ဆိုပါတယ်။ 

Allure နဲ့ Star Sapphire Group ကနေ တစ်ဆင့် သူဟာ သတ္တုတူးဖော်ရေး၊ စွမ်းအင်နဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေမှာလည်း မြန်မာ့စစ်တပ်နဲ့ ချိတ်ဆက်လုပ်ကိုင်နေတယ်လို့လည်း Justice For Myanmar က ရေးပါတယ်။  မြန်မာစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ ဒေါက်တာထွန်းမင်းလတ်ဟာ ၂၀၂၀ခုနှစ်ခန့်ကတည်းက ထိုင်းအစိုးရ ကမူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ ဝရမ်းထုတ်ထားသူဖြစ်ပြီး မြန်မာစစ်တပ်ကို လက်နက်ဝယ်ပေးတယ်ဆိုတဲ့ ဖော်ပြချက်တွေကိုငြင်းဆိုပါတယ်။  

‘’ စစ်လက်နက်ပစ္စည်းများနဲ့ ပတ်သက်ပြီးဆောင်ရွက်တဲ့အခါမှာ တိုက်ရိုက်အစိုးရချင်းဆောင်ရွက်တာမျိုးပဲရှိပါတယ်။ ကြားထဲကနေ ပွဲစားတွေနဲ့ဆောင်ရွက်တာမျိုးမရှိပါဘူး။ ခေတ်မီတဲ့စစ်လက်နက် ပစ္စည်းတွေက အစိုးရချင်းခွင့်ပြုချက်နဲ့သာဆောင်ရွက်တာဖြစ်ပါတယ်’’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။  

Star Sapphire Group ကြယ်နီလာကုမ္ပဏီကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံနဲ့ ကုမ္ပဏီများ မှတ်ပုံတင်ဦးစီးဌာနမှာ မှတ်ပုံတင်ထားပြီး ကုမ္ပဏီလိပ်စာကို ရန်ကုန်မြို့ သံလွင်လမ်းလိပ်စာနဲ့ မှတ်ပုံတင်ထားတာကိုလည်း တွေ့ရပါတယ်။ ဘီဘီစီက ကုမ္ပဏီ လိပ်စာပါ တယ်လီဖုန်းနံပါတ်ကိုအကြိမ်ကြိမ်ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပြီး ဖုန်းဝင်ခဲ့ပေမယ့် လက်ခံဖြေဆိုမယ့်သူမရှိပါဘူး။ 

နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေကိုခံရတဲ့ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို စောင့်ကြည့်သုတေသနပြုလုပ်တဲ့ ဂျာမဏီနိုင်ငံ အခြေစိုက်  Open Sanctions ရဲ့ သုတေသနပြုဖော်ပြချက်အရတော့ Star Sapphire Group Trading ကုမ္ပဏီဟာ ယူကေအစိုးရရဲ့ ဘဏ္ဍာရေးဆိုင်ရာအရေးယူပိတ်ဆို့မှုနဲ့အကောင်အထည်ဖော်မှုဆိုင်ရာဌာနရဲ့ အရေးယူပိတ်ဆို့မှု ကို ၂၀၂၂ ခုနှစ်၊ သြဂုတ်၂၄ရက်က ခံထားရတယ်လို့ဖော်ပြထားပါတယ်။ အဲဒီမှာလည်း မြန်မာစစ်တပ်ကိုစစ်လက်နက်ထောက်ပံ့တဲ့ကုမ္ပဏီဖြစ်သလို စစ်တပ်နဲ့အကျိုးတူစီးပွားတွေလုပ်ဆောင်နေတာကြောင့်လို့ပါတယ်။  

၂၀၂၁ခုနှစ် မေလ ကဖော်ပြခဲ့တဲ့ ဂျပန်သတင်းဌာန Nikkei Asia ရဲ့ Myanmar coup threatens Chinese power projects , Hong Kong-listed VPower under fire for business with military companies ဆိုတဲ့  ဆောင်းပါးမှာ ရန်ကုန်၊သန်လျင်သီလဝါက စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် MEHL ရဲ့ မြေနေရာမှာ လုပ်မယ့် ဟောင်ကောင်ကုမ္ပဏီ  VPower ရဲ့  LNG သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းအတွက် အဓိက ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးသူမှာ ဒေါက်တာ ထွန်းမင်းလတ်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ် ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ အစီရင်ခံစာမှာလည်း ဒေါက်တာထွန်းမင်းလတ်ရဲ့ Star Sapphire Group Trading ဟာ ရိုဟင်ဂျာတွေကိုလူမျိုးတုံးသတ်ဖြတ်မှုမှာ မြန်မာစစ်တပ်ကိုအဓိကလက်နက်ထောက်ပံ့တဲ့ကုမ္ပဏီအဖြစ်ဖော်ပြထားခဲ့တာပါ။  

လက်ရှိမှာတော့ ထိုင်းရဲတပ်ဖွဲ့အနေနဲ့ သူတို့ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်နဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီနဲ့ ချိတ်ဆက်လုပ်ကိုင်တာ ဒါမှမဟုတ် ဆက်သွယ်ဆောင်ရွက်တာမျိုး မရှိသေးဘူးလို့ ဘီဘီစီကိုပြောပါတယ်။  

မြန်မာစစ်တပ်အတွက်လက်နက်ပွဲစားလုပ်ကိုင်သူ ၊ စစ်တပ်ရဲ့ အကျိုးစီးပွားတွေမှာ ပါဝင်သူအဖြစ်တိတိကျကျဖော်ထုတ်‌ရေးသားခံထားရသလို ၊ တခြားသော စစ်တပ်ကျောထောက်နောက်ခံပြုစီးပွားရေးတွေမှာ ဦးဆောင်ပါဝင်လုပ်ကိုင်နေသူလို့ ဖော်ထုတ်ခံထားရတဲ့ ဒေါက်တာထွန်းမင်းလတ်ဆိုသူနဲ့ ဆက်စပ်ပြီးထိုင်းရဲတပ်ဖွဲ့ တရားစွဲတင်မယ့်အချက်အလက်တွေကို ထိုင်းနိုင်ငံရေးလေ့လာသူတွေကလည်း စောင့်ကြည့်နေကြပါတယ်။