အစ္စရေးက ဂါဇာကို ဗုံးကြဲနေဆဲ ဆိုတဲ့ သတင်း အပါအဝင် အောက်တိုဘာလ ၁၆ ရက် ညပိုင်း နိုင်ငံတကာသတင်းတွေ

Gaza

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

ဂါဇာကို အစ္စရေးက ဗုံးကြဲနေတာက လျော့ကျသွားတာ မရှိသေးပါဘူး။

တင့်ကားပစ်ရော့ကက် ပစ်တဲ့နေရာတွေ၊ အမိန့်ပေး နေရာတွေ၊ ခြံဝင်းတွေ အပါအဝင် ရာနဲ့ချီတဲ့ စစ်ရေး ပစ်မှတ် ၁၀၀ ကျော် မနေ့ညက ထိမှန်ခဲ့တယ်လို့ အစ္စရေး မီဒီယာက ပြောပါတယ်။

အစ္စ‌ရေး လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဂါဇာက လူပေါင်း ၂,၇၀၀ ‌ကျော် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကို မြေပြင်ထိုးစစ်လုပ်ဖို့ အစ္စရေးက ပြင်ဆင်နေတဲ့အချိန်မှာ အမေရိကန်သမ္မတ ဘိုင်ဒန်က စစ်ဆင်ရေးကို သတိထားပြီး လုပ်ဖို့ အစ္စရေးကို တိုက်တွန်းလိုက်ပါတယ်။

မစ္စတာ ဘိုင်ဒန်က အမေရိကန် CBS ရုပ်သံ မီဒီယာကို ပြောကြားရာမှာ သူ့အနေနဲ့ ဟားမတ်စ်ကို ချေမှုန်းရမယ် ဆိုတာကို လက်ခံတယ်၊ ဒါပေမဲ့ ဂါဇာကို အစ္စရေးက သွားသိမ်းပိုက်မယ်ဆိုရင်တော့ ဒါဟာ တကယ့်အမှားကြီးဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

အစ္စရေးဟာ နိုင်ငံတကာ ဥပဒေဘောင်အတွင်းကနေ လုပ်ဆောင်လိမ့်မယ်လို့ သူ ယုံကြည်တဲ့အကြောင်း မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။

ပါလက်စတိုင်း အရပ်သားတွေ အနေနဲ့ အစားအစာ၊ ရေ၊ ဆေးဝါး စတာတွေ ရရှိ နိုင်ခွင့် ရှိဖို့လိုအပ်တာကို သူလက်ခံတယ်လို့လည်း မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။

ပါလက်စတိုင်း တသန်းလောက် အကူအညီတွေလိုအပ်နေလို့ ကုလသမဂ္ဂက ပြော

Gaza

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဂါဇာတောင်ပိုင်းကို ထွက်ပြေးလာကြတဲ့ ပါလက်စတိုင်း တသန်း လောက်အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်း ရေးမှူးချုပ် မာတင် ဂရက်ဖစ်က ဘီဘီစီကို ပြောပါတယ်။

သူက အရပ်သားတွေဟာ လုံခြုံဘေးကင်းရာကို ရွှေ့ပြောင်းနိုင်ရမယ်၊ တိုက်ခိုက်ခံရခြင်းက ကင်းဝေးဖို့ လိုအပ်တယ်လို့ ဆိုပြီး အစ္စရေးဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို မလိုက်နာဘူးလို့ စွပ်စွဲလိုက်ပါတယ်။

မစ္စတာ ဂရက်ဖစ်က ဟားမတ်စ်တို့ ပြန်ပေးဆွဲထားတဲ့ အစ္စရေးလူမျိုးတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ပြန်ပေးဆွဲတာဟာ တရားဥပဒေနဲ့ မညီသလို ကျင့်ဝတ်နဲ့လည်း မညီဘူးလို့ သူက ဆိုပါတယ်။

ဘလင်ကင်ရဲ့ သံတမန်ခရီးစဉ် အစ္စရေးကို ပြန်ရောက်လာ

Gaza

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရက်ဖ်ဖာ နယ်စပ်ဂိတ် ပိတ်နေဆဲ

အရှေ့အလယ်ပိုင်းမှာ သံတမန်ရေးရာတွေကို အရေးပေါ်လုပ်ဆောင်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ အာရပ်နိုင်ငံ ၆ နိုင်ငံကို သွားခဲ့ပြီး တဲ့နောက် အစ္စရေးကို ပြန်ရောက်လာပါတယ်။

ဂါဇာမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်လာနေတဲ့အချိန်မှာ အကူအညီတွေ ပေးနိုင်‌ရေးအတွက် အားထုတ်ကြဖို့ အရေးကို သူ ဆွေးနွေးလိမ့်မယ်လို့ အများက မှန်းဆနေကြပါတယ်။

ဂါဇာနဲ့ အီဂျစ် ကြားက ရက်ဖ်ဖာ နယ်စပ်ဖြတ်ကျော်ဂိတ်မှာ နိုင်ငံခြား ပတ်စ်ပို့တွေကို ကိုင်ဆောင်ထားတဲ့ ပါလက်စတိုင်း အချို့ စောင့်ဆိုင်းနေကြပါတယ်။

အီဂျစ်နိုင်ငံဘက် အခြမ်းမှာတော့ အကူအညီတွေ တန်ချိန်များစွာကို သယ်ဆောင်ထားတဲ့ လော်ရီ ကားတန်းကြီး စောင့်ဆိုင်းနေပါတယ်။

အစောပိုင်းက နိုင်ငံခြားသားတွေ အတွက် နယ်စပ်ဂိတ်ဖွင့်ပေးမယ်ဆိုတဲ့ သတင်း‌တွေ ထွက်လာပေမဲ့ နယ်စပ်ဂိတ်က အခုထိ ပိတ်နေဆဲဖြစ်ပါတယ်။