ဒီဇင်ဘာ ၂၁ ရက် ထိပ်တန်းသတင်းများ- IFC က ရိုးမဘဏ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကနေ နုတ်ထွက်

ရင်းနှီးမြှုပ်နှံဖို့  IFC က ရိုးမဘဏ်မှာ လက်မှတ်ထိုးချိန်က

ဓာတ်ပုံ ရင်းမြစ်, Yoma Bank

ဓာတ်ပုံ ပုံစာ, ရင်းနှီးမြှုပ်နှံဖို့ IFC က ရိုးမဘဏ်မှာ လက်မှတ်ထိုးချိန်က
ရေးသားခဲ့သည်။

ကမ္ဘာ့ဘဏ်အုပ်စုရဲ့ နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC) ဟာ ရိုးမဘဏ်မှာ ရင်းနှီးမြှုပ်နှံထားရာကနေ နုတ်ထွက်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

IFC ဟာ ရိုးမဘဏ်မှာ ရှယ်ယာ ၄.၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး အခုတော့ အဲဒီပိုင်ဆိုင်မှုကို ရိုးမရဲ့မိခင်ကုမ္ပဏီ FMI ကို ဒေါ်လာ ၅ သန်းနဲ့ ရောင်းချဖို့ ပြင်နေတာလို့ သိရပါတယ်။

အခုလို ရင်းနှီးမြှုပ်နှံထားတာကို ရုတ်သိမ်းမယ့်အကြောင်းကို IFC နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက သိရတာဆိုပြီး မြန်မာစစ်တပ်၊ နောက် စစ်တပ်နဲ့ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ Justice For Myanmar(JFM)က ထုတ်ပြောလာတာဖြစ်ပါတယ်။

IFC ဟာ သူ့ရှယ်ယာတွေ ရောင်းချတဲ့သဘောတူစာချုပ်ကို FMI၊ ရိုးမဘဏ်တို့နဲ့ ဒီဇင်ဘာလ ၁၂ ရက်ကတည်းက လက်မှတ်ရေးထိုးထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

JFM ကတော့ IFC ဟာ ကုမ္ပဏီတွေအနေနဲ့ မြန်မာစစ်တပ်အပြင် စစ်တပ်စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ ဆက်နွယ်နေတာကို ဖြတ်တောက်ဖို့ လူထုဖိအားပေးမှုကြောင့် အခုလို နုတ်ထွက်တာလို့ ပြောဆိုထား ပါတယ်။

ဒါပေမဲ့ ဒီလိုနုတ်ထွက်တာနဲ့ပတ်သက်ပြီး IFC ဘက်က မှတ်ချက်တစုံတရာ မပေးထားသေးဘူးလို့တော့ ပြောပါတယ်။

FMI ဟာ Pun Holdings (HK) Limited အနေနဲ့ ဟောင်ကောင်က ဦးပိုင်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

ရိုးမဘဏ်ဟာ စစ်တပ်ပိုင် အင်းဝဘဏ်နဲ့ငွေလွှဲပို့မှု အကြိမ်ရေ ရာချီလုပ်ထားတယ်လို့ ဖွင့်ချခံထားရတဲ့ ဘဏ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ပိုင် အင်းဝဘဏ်နဲ့ ငွေကြေးလွှဲပြောင်းမှု ပြုလုပ်ခဲ့တဲ့ မှတ်တမ်းတွေ ဖွင့်ချခံခဲ့ရတဲ့ သြစတေးလျဘဏ် ANZ ဟာလည်း မြန်မာပြည်တွင်းကနေ လုပ်ငန်းထွက်ခွါတော့မယ့်အကြောင်း ပြီးခဲ့တဲ့နိုဝင်ဘာလ အတွင်းမှာ ထုတ်ပြောထားပါတယ်။

ကော့ကရိတ်တိုက်ပွဲ ပြင်းထန်နေဆဲ

ကော့ကရိတ်မြို့ ၇ ရပ်ကွက်ထဲက တံတားတစ်စင်းလည်း မိုင်းခွဲခံရပြီး ကျိုးကျ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ယက်

ဓာတ်ပုံ ပုံစာ, ကော့ကရိတ်မြို့ ၇ ရပ်ကွက်ထဲက တံတားတစ်စင်းလည်း မိုင်းခွဲခံရပြီး ကျိုးကျ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တံတားကျိုးပြီး လမ်းပိတ်တာတွေဆက်ရှိနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေက ဒီဇင်ဘာ ၂၁ရက် ဒီနေ့အထိ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

 စစ်ကောင်စီဘက်က လက်နက်ကြီးတွေအပြင် လေယာဥ်ကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဒီဇင်ဘာ ၁၆ရက် နေ့ကစလို့ ဒီဇင်ဘာ ၂၁ရက်နေ့အထိ နေ့စဥ် ပစ်ခတ်တိုက်ခိုက်တာတွေလုပ်နေတယ်လို့ စစ်ဘေးရှောင်နေရ သူတွေထံကသိရပါတယ်။

  “စစ်တပ်က ညတိုင်းလက်နက်ကြီး ပစ်နေတယ်။ လေယာဉ်က လာဗုံးကြဲတာဆိုတော့ ဗုံးကျင်းထဲ ဝင်ရှောင် နေကြရတယ်။ ညဆိုရင် မအိပ်ရဲဘူး။ ကော့ကရိတ် တောင်‌ရော မြောက်ရော၊ လင်းအားကြီးချိန် ၄ နာရီလောက်က မြို့ဟောင်းရွာဘက် လေယာဉ်လာပစ်တယ်။ ဗုံး ၆ လုံး ကြဲတယ်။ ခြံတွေပျက်ကုန်တယ်။ နွားတွေ သေတယ်။ မနက်လင်းတော့ တံတားဦး- ရန်ကုတ် ရွာဘက် တံတားကျိုးကျနေတယ်။ လေယာဉ်  ဗုံးထိတာလား၊ ဘယ်အဖွဲ့ က လုပ်တာလည်း ဆိုတာတော့ မသိရဘူး” လို့ ကော့ကရိတ် ဒေသခံက ပြောပါတယ်။

 နေ့၊ ည မပြတ် လက်နက်ကြီး ပစ်ခတ်နေမှုကြောင့်  ဒေသခံတွေရဲ့ တောင်ယာခြံတွေ၊ နေအိမ်၊ ကျွဲနွားစတာ တွေထိခိုက်ပျက်စီးသေဆုံးမှုတွေရှိလာတယ်လို့ သိရပါတယ်။

 အဲဒီဝန်းကျင်က ဒေသခံတွေကတော့ တိုက်ပွဲ လွတ်ရာ နေရာတွေကို စစ်ဘေးရှောင်နေထိုင် နေကြရတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ဒီကနေ့မနက်ပိုင်းမှာဘဲ ကော့ကရိတ်မြို့နယ် တံတားဦးရွာနဲ့ ရန်ကုတ်ရွာကိုဆက်သွယ် ထားတဲ့ နနွင်းကုန်းတံတားလည်း ကျိုးကျခဲ့တယ်လို့ ဒေသခံတွေကပြောပြကြပါတယ်။

 စစ်ကောင်စီနဲ့ နီးစပ်တဲ့သတင်းတွေမှာတော့ KNLA ပူးပေါင်း အဖွဲ့တွေက မိုင်းထောင်ဖောက်ခွဲတာလို့ ဖော်ပြကြပေမယ့် ဘီဘီစီကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

 နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့အတွက် ကော့ကရိတ်- မြဝတီအာရှလမ်းကို ဖြတ်သန်း ခွင့်ပိတ်ထားတယ်လို့ နယ်မြေ အခြေအနေသိရှိသူကပြောပါတယ်။

အချို့ မော်တော်ယာဥ်တွေကတော့ အခြားဆက်သွယ်ရေးလမ်း ဖြစ်တဲ့ နဘူး - ဝှေ့ရှမ်းလမ်းဘက်ကတဆင့် မြဝတီဘက်ကို ကုန်ကားအငယ်စားတွေနဲ့တဆင့် ကုန်စည်ပို့ ဆောင်နိုင်ဆက်သွယ်တာမျိုးလုပ်နေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရင်း ၂၃၁ မှာဖြစ်တဲ့တိုက်ပွဲပြီးတဲ့ ဒီဇင်ဘာ ၁၆ရက်နေ့ နောက်ပိုင်းကစလို့ လည်း ကော့နွှဲ့ အုပ်စုအနီးက လှိုင်ကွယ်၊ တံတားကျိုး ကျေးရွာအပါအဝင် ကော့ကရိတ်မြို့အနီးက ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးထိုးစစ်ဆင်စစ်ကြောင်းတွေကြောင့် KNU/KNLA ပူးပေါင်းတပ်တွေနဲ့ နေ့စဥ်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေး အရှိန် မြင့် လာနေတယ်လို့ ကော့ကရိတ်ဒေသခံတွေကပြောပါတယ်။

ဘိုကလေးမြို့နယ်ထဲမှာ ရိုဟင်ဂျာ ၁၁၀ ကျော် ဖမ်းဆီးခံရ

အမျိုးသမီးနဲ့ကလေးငယ်အများစုပါဝင်တယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, screengrab

ဓာတ်ပုံ ပုံစာ, အမျိုးသမီးနဲ့ကလေးငယ်အများစုပါဝင်တယ်လို့ဆို

မလေးရှားနိုင်ငံကို သွားဖို့ စက်လှေနဲ့ ပင်လယ်ပြင်ကို ဖြတ်တဲ့ ရိုဟင်ဂျာ ၁၁၂ ဦးကို ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ထဲမှာ စစ်ကောင်စီရေတပ်က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အမျိုးသမီးနဲ့ ကေလးငယ်အများစုပါတဲ့ ဒီရိုဟင်ဂျာတွေဟာ ဘိုကလေးမြို့နယ်ထဲက ကဒုံနိကျေးရွာ ကဒုံလေး ကျွန်းနားမှာ စက်လှေနစ်မြုပ်ပြီး သောင်တင်ခဲ့ပြီးနောက်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီလုံခြုံရေးဘက်က သူတို့ကို ဘိုကလေးမြို့မရဲစခန်း အချုပ်ကို ခေါ်သွားတယ်လို့လည်း သိရပါတယ်။ သူတို့ ဘယ်က လာတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ အခုလို ဖမ်းဆီးခံရတဲ့ရိုဟင်ဂျာအများစုဟာ ဘဝရပ်တည်မှု ခက်ခဲတာကြောင့် ဘူးသီးတောင်၊ မောင်တောစတဲ့ မြို့နယ်တွေကနေ လှေစီး ပင်လယ်ဖြတ်ကာ အစုအဖွဲ့နဲ့ မလေးရှားနိုင်ငံဆီ သွားရောက်လေ့ရှိပါတယ်။

မလေးရှားနိုင်ငံကို စက်လှေနဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး သွားဖို့ ကြိုးစားခိုက် ကလေးသူငယ်နဲ့ အမျိုးသမီးများပါတဲ့ ရိုဟင်ဂျာ ၁၁၂ ဦးကို စစ်ကောင်စီရဲ့ ရေတပ် ဘိုကလေးမြို့ ကဒုံကနိအနီးမှာ ဒီကနေ့ ထပ်မံ ဖမ်းဆီးလိုက်ပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီဟာ အခုလို ဖမ်းဆီးခံရတဲ့ရိုဟင်ဂျာတွေကို လူဝင်မှုကြီးကြပ်ရေး ဥပဒေပါ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်တာတွေ လုပ်နေပြီး အသက်မပြည့်သေးတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကိုတော့ လူငယ်စခန်းတွေဆီ ပို့နေတယ်လို့ ရိုဟင်ဂျာတွေအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ရိုဟင်ဂျာ ၂၀၀ နီးပါးပါ လှေ ၁စီးဟာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယကမ်းခြေတွေမှာ မျောပါနေတာ သီတင်းပတ်ချီကြမြင့်နေဖြစ်တာကြောင့် ကူညီကယ်ဆယ်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့တွေက သက်ဆိုင်ရာနိုင်ငံတွေကို တောင်းဆိုနေပါတယ်။

ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရသူ သတင်းထောက်နှစ်ဦးနဲ့ လူငယ် ကိုးဦး ထောင် ၃ နှစ်စီ ချမှတ်ခံရ

Journalists

ဓာတ်ပုံ ရင်းမြစ်, CJ

သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း နောက်ထပ်တစ်မှု ထပ်မံရင်ဆိုင်ရန်ကျန်ရှိ

ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့က ကြည့်မြင့်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲကို စစ်ကောင်စီက ကားနဲ့တိုက်ဖြိုခွင်းဖမ်းဆီးခဲ့ပြီး အဲဒီတုန်းက ဖြစ်စဥ်ကို သတင်းယူနေတဲ့ သတင်းထောက် မမှူးရတနာ ခက်မို့မို့ထွန်းနဲ့ ကိုကောင်းဆက်လင်းအပါအဝင် ဖမ်းဆီးခံရတဲ့ လူငယ် ၉ ဦးကို စစ်ကောင်စီက ဒီနေ့ ဒီဇင်ဘာ ၂၁ ရက်မှာ ထောင် ၃ နှစ်စီချမှတ်လိုက်တယ်လို့ တရားရုံးအသိုင်းအဝိုင်းနဲ့နီးစပ်သူထံက သိရပါတယ်။

အင်းစိန်ထောင်တွင်း ကြည့်မြင့်တိုင်မြို့နယ်အထူးတရားရုံးကနေ ဒီကနေ့မှာအမိန့်ချခဲ့တာဖြစ်ပြီး လူငယ် ၉ဦးလုံးကို ပုဒ်မ ၅၀၅-က နဲ့ အမြင့်ဆုံးပြစ်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာလို့သိရပါတယ်။

ဖမ်းဆီးခံရသူတွေအားလုံးကို ချုပ်ရက်တွေထုတ်နုတ်ခံစားခွင့်ပြုတယ်လို့လည်းသိရပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူတွေထဲက သတင်းထောက်မ မှူးရတနာ ခက်မို့မို့ထွန်းကို စစ်ကောင်စီက သင်္ဃန်းကျွန်းမြို့နယ် ခရိုင်တရားရုံးမှာ အကြမ်းဖက်မှုပုဒ်မ ၅၀ (ည) နဲ့ နောက်ထပ်တစ်မှုထပ်မံတရားစွဲဆိုထားလို့ ဒီအမှုကို ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

မမှူးရတနာခက်မို့မို့ထွန်းဟာ ပန်းပင်ကြီးလမ်းသပိတ်ကို သတင်းယူနေစဥ်မှာ စစ်ကောင်စီက ကားနဲ့တိုက်ဖြိုခွင်းမှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူတွေထဲက တစ်ဦးဖြစ်ပြီး ခြေထောက်နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရခဲ့တာကို လနဲ့ချီကုသခဲ့ရကာ ဝှီးချဲ ၊ ချိုင်းထောက်တွေသုံးပြီး သွားလာနေရပါတယ်။ ဒီနေ့ ရုံးချိန်းမှာတော့ မမှူးရတနာခက်မို့မို့ထွန်းအပါအဝင် လူငယ်တွေအပါအဝင် ၉ ဦးလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဥ်ကို စစ်ကောင်စီက ထုတ်ပြန်ခဲ့စဥ်ကတော့ ဖမ်းဆီးခံရသူ ၁၁ ဦးရှိခဲ့ပြီး အဲဒီထဲက သုံးဦးကို ဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ အမိန့်ချခံရတာကတော့ အင်းစိန်အကျဥ်းထောင်ထဲမှာ ဖမ်းဆီးထားသူ ၉ ဦးကို ထောင်ဒဏ်အသီးသီးချမှတ်ခဲ့တာဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီနဲ့ ရုရှားအာဏာရပါတီတို့ကြား ဆက်ဆံရေးထူထောင်ဖို့ ခြေလှမ်း

ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုဥက္ကဋ္ဌနဲ့ ဦးခင်ရီ

ဓာတ်ပုံ ရင်းမြစ်, USDP

မြန်မာစစ်တပ်ရဲ့ ကျောထောက်နောက်ခံရရှိထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာ ရုရှားအာဏာရပါတီနဲ့ ဆက်ဆံရေးထူထောင်ဖို့ အားထုတ်နေတယ်လို့ သိရပါတယ်။

အဲဒီအတွက် စစ်ကောင်စီ လဝက ဝန်ကြီးဟောင်းလည်းဖြစ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးခင်ရီနဲ့ ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr.Alexander OSTROVSKIY တို့ နေပြည်တော်မှာ မနေ့ ဒီဇင်ဘာလ ၂၀ ရက်တုန်းကတွေ့ဆုံချိန် အသင်းကတဆင့် နှစ်ပါတီပူးပေါင်းလုပ်ဆောင်နိုင်ရေးအတွက် ပြောဆိုဆွေးနွေးခဲ့တာလို့ ဖြစ်စဥ်သိရှိသူတွေထံကသိရပါ။

ကြံခိုင်ရေးပါတီနဲ့ အာဏာရ ရုရှားပါတီ United Russia တို့ကြား ဆက်သွယ်ဆက်ဆံရေး ပိုတိုးနိုင်မယ့် ဆက်ဆံရေးလမ်းကြောင်းတစ်ရပ် တည်ဆောက်နိုင်ရေး ဆွေးနွေးခဲ့တယ်လို့ ကြံ့ခိုင်ရေးပါတီဘက်က ပြောထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ၂၀၂၃ ခုနှစ်မှာ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြင်ဆင်ဆောင်ရွက်နေတဲ့အခြေအနေတွေကိုလည်း ဆွေးနွေးထားတယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသားပါတီကြီးတွေဟာ ပါတီနိုင်ငံရေး လှုပ်ရှားမှု မရှိဖြစ်နေချိန်မှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ခေါင်းဆောင်နေတဲ့ ကြံ့ခိုင်ရေးပါတီကတော့ ရွေးကောက်ပွဲအသစ်အတွက်ရည်ရွယ်ပြီး ပါတီဝင်တွေနဲ့ တွေ့ဆုံတာတွေ ရှိနေပါတယ်။

ဒါ့အပြင် ကြံ့ခိုင်ရေးပါတီဟာ ရက် ၉၀ စီမံကိန်းဆိုပြီး မကြာသေးခင်တုန်းကမှ ပါတီဥက္ကဋ္ဌ ရာထူး ယူထားတဲ့ ဦးခင်ရီကိုယ်တိုင် တိုင်းနဲ့ပြည်နယ်အချို့က ပါတီဝင်တွေနဲ့ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း တွေ့ဆုံတာတွေ ပြုလုပ်ထားပါတယ်။

ကျောက်မျက်အမှုနဲ့ ဖမ်းဆီးထောင်ချခံရသူ ၅၀ ကျော် အိုးဘိုထောင်ကနေ ပြန်လွတ်  

မန္တလေး ကျောက်ဝိုင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မန္တလေး ကျောက်ဝိုင်း

မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ မန္တလေးက ကျောက်မျက်ရောင်းဝယ်သူ အယောက် ၅၀ ကျော်ဟာ ဒီနေ့ ဒီဇင်ဘာလ ၂၁ ရက်မှာ အိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။

 ဒီလူပုဂ္ဂိုလ်တွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၀ ရက်တုန်းက ပုဂ္ဂလိက ကုမ္ပဏီတစ်ခုရဲ့ ကျောက်အရောင်းဝယ်နေရာမှာ  အွန်လိုင်းကနေတဆင့် ကျောက်မျက်ရောင်းချလို့ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ကျောက်အရောင်းဝယ်လုပ်သူ  ၄၀၀ ကျော်ထဲက အချို့ဖြစ်ပါတယ်။

 ကျောက်အရောင်းအဝယ်လုပ်သူ ၄၀၀ ကျော်ကို ကနဦးဖမ်းဆီးခဲ့ပေမဲ့ နောက်ပိုင်းမှာ ကျောက်လက်ဝယ်မတွေ့သူ ၂၀၀ ဝန်းကျင်ကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်သူတွေကတော့ မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ် အထူးတရားရုံးတွေမှာ တရားစွဲတင်ခဲ့ရပါတယ်။

 ကျောက်လက်ဝယ်တွေ့ရှိသူတွေကို တရားခွင်ခွဲပြီး အမိန့်ချတာကြောင့် ဖမ်းဆီးခံခဲ့ရသူတွေဟာ ထောင်ဒဏ် ၁ နှစ်၊ ၁နှစ်ခွဲနဲ့ ၃ နှစ်အထိ  အသီးသီးထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

 ကျောက်မျက်အမှုနဲ့ အဖမ်းခံရသူတွေထဲမှာ တရုတ်လူမျိုး အယောက် ၁၀၀ ကျော် ပါဝင်ခဲ့ပေမဲ့  အဲဒီထဲက အများစုက အာမခံလျှောက်ထားသူတွေ များတယ်လို့ တရားရုံးအသိုင်းဝိုင်းက သိရပါတယ်။

 လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အချုပ်သားတွေ လွှတ်တဲ့အထဲ ကျောက်မျက်အမှုက တရားစွဲခံရသူ အယောက် ၃၀ ပြန်လည်လွတ်မြောက်ထားတာလည်း ရှိပါတယ်။

 ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့တုန်းကလည်း ကျောက်မျက်အမှုနဲ့ တရားစွဲခံရသူ အမျိုးသား  ၃၂ ယောက် ပြန်လည်လွတ်မြောက်လာခဲ့ပြီးဖြစ်ပါတယ်။

 ကျောက်မျက်အမှုနဲ့ တရားစွဲခံရပြီး ထောင်ဒဏ် ၁ နှစ်ကျော်ကနေ ၃နှစ်အထိ အမိန့်တွေ ချမှတ်ခံထားရသူတွေဟာ ဖမ်းဆီးခံရချိန်ကနေ အခုအထိ မိသားစုဝင်တွေနဲ့တွေ့ခွင့်မရသေးဘူးလို့  သက်ဆိုင်ရာ မိသားစုဝင်တွေက ပြောထားပါတယ်။

စစ်ကိုင်းက ညောင်ပင်ဝန်းရဲစခန်းကို PDF အဖွဲ့တွေ ပူးပေါင်းတိုက်

၂၀၂၀ ခုနှစ်တုန်းက မြင်တွေ့ရတဲ့ ညောင်ပင်ဝန်းရွာ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

ဓာတ်ပုံ ပုံစာ, ၂၀၂၀ ခုနှစ်တုန်းက မြင်တွေ့ရတဲ့ ညောင်ပင်ဝန်းရွာ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မန္တလေး-မုံရွာကားလမ်းမကြီးပေါ်က ညောင်ပင်ဝန်းကျေးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေး(PDF) ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ ဒီဇင်ဘာလ ၂၀ ရက် မနက်ပိုင်းမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 ‌ညောင်ပင်ဝန်းရဲစခန်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 မန္တလေး-မုံရွာကားလမ်းဖြတ်သန်းတဲ့ကျေးရွာဖြစ်တာကြောင့် ကားလမ်းပေါ် ငွေကြေးကောက်ခံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာဖြစ်ပြီး ထိခိုက်မှုရှိတယ်လို့ စစ်ကိုင်းမြို့နယ်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

 ရဲစခန်းတိုက်ခိုက်ခံရမှုဖြစ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ကျေးရွာထဲက နေအိမ်တချို့ကို ညပိုင်းမှာ မီးရှို့ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

 ‘‘ရဲစခန်းကို တိုက်ခိုက်ချိန် အထိနာခဲ့တယ်ထင်ပါတယ်။ ည ၁၁ နာရီလောက်မှာ နေအိမ်အချို့ကို မီးရှို့ခဲ့တယ်။ ရဲစခန်းအနောက်က အိမ်တစ်လုံးနဲ့ အိမ်ဆိုင်တွဲဖွင့်ထားတဲ့အိမ်ပါသွားတယ်လို့ ကနဦးသိရတယ်။ ညပိုင်းက ရမ်းသမ်းပစ်ခတ်တာတွေလည်း ရှိခဲ့တယ်’’ လို့ မြေပြင်အခြေအနေသိရှိသူ တစ်ဦးက ပြောပါတယ်။

 ဒေသခံတွေကတော့ မနက်ပိုင်းကတည်းက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

လှည်းကူးမှာ ရိုဟင်ဂျာအလောင်းတွေကို အစုလိုက်စွန့်ပစ်တဲ့အဖွဲ့ကို ဖမ်းမိပြီလို့ဆို

ဖမ်းမိသူတွေနဲ့ သိမ်းဆည်းမိတယ်ဆိုတဲ့ကားတွေ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, ဖမ်းမိသူတွေနဲ့ သိမ်းဆည်းမိတယ်ဆိုတဲ့ကားတွေ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က တပင်ရွှေထီးလမ်းပေါ်မှာ ရိုဟင်ဂျာအလောင်းတွေကို လာရောက်စွန့်ပစ်သွားတဲ့ လူ ၁၃ ဦးပါ လူမှောင်ခိုအဖွဲ့ကို ဖမ်းမိပြီလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန် လာပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ရိုဟင်ဂျာတွေကို မှောင်ခိုကူးတဲ့အမျိုးသားတွေဟာ လူတစ်ဦးကို ၇ သိန်းနှုန်းရယူခဲ့သူတွေ ဖြစ်ပြီး ဒီရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ရခိုင်ပြည်နယ်ထဲကိုဝင် အဲဒီကမှ တဆင့် မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ သွားကြမယ့်သူတွေလို့ ဆိုပါတယ်။

စစ်တွေကနေ ဝင်လာတဲ့ဒီရိုဟင်ဂျာတွေကို မကွေးတိုင်း၊ ပဒါန်းမြို့ကနေ ပုသိမ်-မုံရွာလမ်းအတိုင်း ဆီဘောက်ဆာကားနဲ့ ခေါ်ဆောင်လာချိန် လမ်းမှာ စစ်ဆေးရေးဂိတ်တွေကြောင့် ကားအမိုးအဖုံးပိတ်ပြီးခေါ်လာရာကနေ ကားထဲမှာပါလာတဲ့အမျိုးသား ၁၃ ဦး သေဆုံးခဲ့တာလို့ လည်း ဆိုပါတယ်။

သေဆုံးခဲ့သူတွေဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကနေ စက်လှေစီးကာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ထဲကို ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၄ ရက်နေ့ကတည်းက ဝင်လာတဲ့ လူပေါင်း ၇၀ ကျော်အဖွဲ့ထဲက ဖြစ်ပြီး အဲဒီထဲက ရိုဟင်ဂျာ ၁၄ ဦးကိုလည်း မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ရွှေနံ့သာကျေးရွာမှာ ဖမ်းမိခဲ့တယ်လို့လည်း ဆိုပါတယ်။

လူမှောင်ခိုကူးတဲ့အမျိုးသားတွေဟာ အရင်ကလည်း ရိုဟင်ဂျာတွေကို အခုလို သယ်ယူပို့ဆောင်တာ ၄ ကြိမ်လုပ်ခဲ့ဖူးပြီး ရိုဟင်ဂျာ ၂၅၀ ကျော်ကို သယ်ယူပို့ဆောင်ပေးထားဖူးတယ်လို့ ဆိုပါတယ်။

အခုတော့ လူမှောင်ခိုကူးမှာပါဝင်တဲ့သူ ၁၂ ထဲက အချို့ကို ဖမ်းမိထားပြီး သူတို့နဲ့အတူ ရိုဟင်ဂျာတွေကို ပို့ဆောင်ရာမှာ သုံးခဲ့တဲ့ ဆီဘောက်ဆာကားနဲ့အတူ ကား ၆ စီးကိုလည်း သိမ်းဆည်းမိတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

ဆောင်းတွင်းကာလ ရခိုင်စစ်ရှောင်တွေ အနွေးထည်နဲ့ စောင်တွေလိုအပ်နေ

ကျောက်တော်၊ မြောက်ဦး၊ မောင်တောအပါအဝင် ရခိုင်မြောက်ပိုင်းရဲ့ အအေးဒဏ်ကို ဖြစ်သလိုရင်ဆိုင်နေကြရတယ်

ဓာတ်ပုံ ရင်းမြစ်, CJ

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ ခိုလှုံနေကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေမှာ ဆောင်းတွင်းကာလ နေထိုင်ရေးအတွက် စောင်နဲ့ အနွေးထည်တွေ အရေးတကြီးလိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

 အဲ့ဒီစစ်ရှောင်တွေဟာ လက်ရှိဆောင်းတွင်းကာလကိုရောက်ရှိနေပြီဖြစ်ပေမယ့် လုံလောက်တဲ့ အသုံး အဆောင်တွေ မရှိကြတာကြောင့် ကျောက်တော်၊ မြောက်ဦး၊ မောင်တောအပါအဝင် ရခိုင်မြောက်ပိုင်းရဲ့ အအေးဒဏ်ကို ဖြစ်သလိုရင်ဆိုင်နေကြရတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

ဝတ်စရာအနွေးထည်တွေနဲ့ ခြုံစရာစောင်တွေအလုံအလောက်မရှိကြပေမယ့် ဝယ်ဖို့အတွက်လည်း ပိုက်ဆံမရှိတဲ့အတွက် အအေးဒဏ်တွေကို ကြံ့ကြံ့ခံနေကြရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာ အပစ်ခတ်ရပ်စဲထားကြတဲ့အတွက် ဒေသတွင်းတိုက်ပွဲတွေမရှိတော့ပေမယ့် စစ်ရှောင်တွေကို ထောက်ပံ့ကူညီမှုတွေဖြတ်တောက်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေအနေနဲ့လည်း ရခိုင်မြောက်ပိုင်းက စစ်ရှောင်တွေကို ထောက်ပံ့ကူညီမှုတွေဆက်လုပ်နိုင်ဖို့ ကြိုးစားနေကြပေမယ့်  စစ်ကောင်စီက သွားလာခွင့်တွေကို တားမြစ်ခံနေကြရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ အေအေတို့အကြား တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ဩဂုတ်လအတွင်းကစလို့ စစ်ရှောင်ဒုက္ခသည်တွေကို အကူအညီတွေမပေးဖို့ ပြည်တွင်းပြည်ပ အကူအညီပေးရေးအဖွဲ့တွေကို တားမြစ်ထားခဲ့တာဖြစ်ပါတယ်။

အခုလို အချိန်ကြာမြင့်စွာ ရိက္ခာအပါအဝင် တခြားထောက်ပံ့ကူညီမှုတွေကိုလည်း မရရှိခဲ့ကြတဲ့အတွက် စစ်ရှောင်တွေဟာ အငတ်ဘေးနဲ့ကြုံလာရတဲ့အတွက် သူတို့မှာရှိတဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေနဲ့ စောင်တွေကိုရောင်းချပြီး စားရေးသောက်ရေးအတွက် ဖြေရှင်းခဲ့ကြရတာဖြစ်ပါတယ်။

အခုလို အနွေးထည်နဲ့ စောင်တွေကိုသာ ထောက်ပံ့ကူညီမှုတွေမရရှိပါက နေထိုင်မကောင်းဖြစ်နေသူတွေနဲ့ အသက်ကြီးပိုင်းတွေအတွက် ကျန်းမာရေးစိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့ ကျောက်တော်မြို့နယ် ညောင်ချောင်းဒုက္ခသည်စခန်းတာဝန်ခံ ဦးသန်းအေးက ပြောပါတယ်။

အင်းတော်မှာ နေအိမ်နဲ့စပါးတိုက် ဆယ်ချီမီးရှို့ခံရ

ဒီဇင်ဘာလ ၂၀ ရက် စက်တောကုန်းရွာ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, IR

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာလ ၂၀ ရက် စက်တောကုန်းရွာ အခြေအနေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲက စက်တောကုန်းကျေးရွာကို  စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ခဲ့ပြီးတဲ့နောက် နေအိမ်နဲ့ စပါးတိုက် ဆယ်ချီ မီးရှို့ခံခဲ့ရတယ်လို့ မြေပြင်သတင်းတွေကို ဖော်ပြနေတဲ့ အင်းတော် ရီဗော်လူးရှန်း(IR)က ဒီနေ့ မနက်ပိုင်းမှာပဲ သတင်းထုတ်ပြန်လာပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တောကုန်းကျေးရွာကို အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်လာအပြီးမှာ ကျေးရွာထဲ မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၄၀ ကျော်နဲ့ စပါးတိုက် ၃၀ ကျော်ကို မီးထဲပါသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်သွားတဲ့ အင်းတော်မြို့နယ်ထဲက အသတ်ခံရပြီး မြေမြှုပ်ထားတဲ့အလောင်းတွေကို ပိန်းအင်းကျေးရွာထဲမှာ မနေ့တုန်းက တွေ့ခဲ့ရတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းကြောင့် အင်းတော်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၅ ရက်အတွင်း အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးထားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောထားပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ အခုရက်ပိုင်းအတွင်း အင်းတော်မြို့နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး တစုံတရာ မထုတ်ပြန်သေးပါဘူး။

ဒါပေမဲ့ အခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ KIA/PDF အဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် ကျေးရွာပေါင်း ၂၆ ရွာက အိမ်ခြေ ၇၂၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

ရန်ကုန်-ဒလ ကူးတို့သင်္ဘောပေါ်က တိုက်ခိုက်မှု ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူမယ်လို့ NUG ပြော

ရန်ကုန် -ဒလ ကူးတို့ရေယာဥ်တစ်စီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒီဇင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်-ဒလ ကူးတို့သင်္ဘောပေါ် ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ အရပ်သား ပြည်သူလူထုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့အမှန်တကယ်ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူနိုင်ရေးလုပ်ဆောင် မယ်လို့ ဒီဇင်ဘာ ၂၀ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

NUG က အရပ်သားလူထု ဘေးအန္တရာယ် ထိခိုက် စေနိုင်တဲ့ အခြေအနေမျိုးရှိတဲ့ အခါ စစ်ကောင်စီကိုတိုက်ခိုက်ရေး စီစဉ်ထားတဲ့ လုပ်ငန်းတွေကိုလည်း ပယ်ဖျက်ခဲ့ဖူးတဲ့သာဓက အများအပြားရှိခဲ့သလို အခုလို ရန်ကုန်-ဒလ ကူးတို့သင်္ဘောပေါ် ဗုံးပေါက်ကွဲမှု လုပ်ရပ်မျိုးက NUG နဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့လည်း ‌ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုပါတယ်။

ဒါကြောင့် အခုလုပ်ရပ်ကို စကားလုံးများဖြင့် ပြစ်တင်ရှုတ်ချသလို တချိန်တည်းမှာဘဲ အမှန်တကယ် ကျူးလွန်သူများကို ဖော်ထုတ် အရေးယူနိုင်ရေး ပြည်သူလူထုနှင့် လက်တွဲ လုပ်ဆောင်သွားမယ်လို့ ပြောဆိုလာပါတယ်။

စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့သတင်းမှာတော့ PDF တပ်ဖွဲ့တွေက လက်လုပ်မိုင်းနဲ့ ဖောက်ခွဲမှုလုပ်ခဲ့တာလို့ပြောပြီး လူ ၁၇ ဦးနီးပါးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီဇင်ဘာ၁၉ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒဏ်ရာသူတွေဟာ အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပြီး ကုသမှု ခံယူလျက်ရှိတယ်လို့သိရပါတယ်။

နေ့စဥ်လူ ‌သောင်းချီအသုံးပြုတဲ့ သ‌င်္ဘောပေါ်က ပေါက်ကွဲမှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDFတွေ လုပ်ဆောင်တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပြီး ဒလမြို့နယ် PDF ဘက်ကတော့အခုဖြစ်စဉ်ကိုငြင်းဆိုသလိုပြည်သူတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်အောင်မလုပ်ဘူးလို့တုံ့ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလက ရန်ကုန်မြို့လယ် အနော်ရထာလမ်းပေါ်က ဘားလမ်းကားမှတ်တိုင်မှာ ဗုံးပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရတဲ့ ဖြစ်စဥ်နောက်ပိုင်း မြို့လယ်မှာ လူထိခိုက်မှုများတဲ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုလို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။