ဇူလိုင် ၁၆ ရက် ထိပ်တန်းသတင်းများ- မြန်မာ့အရေး ထိုင်းနဲ့ရုရှားဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
ထိုင်းနိုင်ငံကိုရောက်နေတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဟာ ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒွန်ပရာမွတ်ဝီနိုင်းနဲ့တွေ့ဆုံချိန် မြန်မာ့အရေးဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းကမ်းခြေမြို့ ဖူးကတ်မှာအသစ်ဖွင့်လိုက်တဲ့ရုရှားကောင်စစ်ဝန်ရုံးဖွင့်ပွဲကို တက်ရောက်ချိန် ဝန်ကြီး ၂ ဦး အခုလိုတွေ့ဆုံဆွေးနွေးခဲ့တာလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်တာဖြစ်ပါတယ်။
ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်တွေ အထူးသဖြင့် အာရှ-ပစိဖိတ်ဒေသ၊ ယူကရိန်းနဲ့ မြန်မာ့အရေးတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတာလို့ဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြီးခဲ့တဲ့တစ်ပတ်တုန်း တိတ်တဆိတ် နေပြည်တော် ခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထိုင်းဘက်က ထုတ်ပြောလာခဲ့အပြီးမှာ မြန်မာစစ်ကောင်စီနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိနေတဲ့ ရုရှားနိုင်ငံဘက်က နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဝန်ကြီးတွေဟာ မြန်မာ့အရေးလည်းဆွေးနွေးကြတယ်လို့ ဆိုပေမဲ့ ရုရှားဘက်ကတော့ ကောင်စစ်ဝန်ရုံးသစ်ဖွင့်ပွဲသတင်းမှာ မြန်မာ့အရေးဆွေးနွေးတဲ့အကြောင်း ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။
ထိုင်းနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတွေဟာ စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံကို ခြေလှမ်းရှုပ်တဲ့အထိ လာကြတဲ့ လက်ချိုးရေလို့ရတဲ့ပြည်ပနိုင်ငံတွေရဲ့သံတမန်တွေထဲမှာ ပါဝင်နေသူတွေလည်းဖြစ်ပါတယ်။
မိုခါမုန်တိုင်းတုံ့ပြန်ရေးအစီအစဥ် စစ်ကောင်စီကန့်သတ်ထားဆဲလို့ဆို

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
ရခိုင်ပြည်နယ်အတွင်းကို ဦးတည်ဝင်ရောက်ခဲ့တဲ့ မိုခါမုန်တိုင်း တိုက်ခတ်ခဲ့တာ ၂ လထဲဝင်လာပြီဖြစ်ပေမဲ့ မြန်မာစစ်ကောင်စီဟာ မုန်တိုင်းတုံ့ပြန်ရေးအစီအစဥ်ကို ကန့်သတ်ထားဆဲလို့ ကုလသမဂ္ဂလူသားချင်းနာစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) က ထုတ်ပြောလာပါတယ်။
ရခိုင်ပြည်နယ်ထဲ လူသားချင်းစာနာမှုအကူအညီပေးသူတွေကို သွားလာခွင့် ခဏပိတ်ပြီး ပြန်လည်ခွင့်ပြုလိုက်ပေမဲ့ မုန်တိုင်းတုံ့ပြန်ရေးအစီအစဥ်ကိုတော့ ကန့်သတ်ထားဆဲလို့ ဆိုပါတယ်။
ဒါကြောင့် အကူအညီတွေ ဖြန့်ဝေရေး၊ ပို့ဆောင်ရေးနဲ့ တင်သွင်းရေးမေတ္တာရပ်ခံလွှာတွေကို စစ်ကောင်စီဆီ ပြန်လည်တင်ပြထားပြီး အတည်ပြုဖို့ စောင့်ဆိုင်းနေရဆဲလို ဆိုပါတယ်။
လက်ရှိပြည်တွင်းမှာ ရှိနေတဲ့ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေဟာ နိုင်ငံတဝန်းက လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်တွေကို ပိုတိုးလာနေစေတယ်လို့လည်း UNOCHA က သတိပေးပါတယ်။
တဖက်မှာလည်း ၂၀၂၃ ခုနှစ် ပထမခြောက်လကျော်လာချိန်မှာ အရင်ရှိရင်းစွဲ လူသားချင်းစာနာမှုတုံ့ပြန်ရေးအစီအစဥ်အရ ရန်ပုံငွေလိုအပ်ချက် ၈၈၆ သန်းကျော်နဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကူညီရေးရန်ပုံငွေရရှိမှုဟာ လျာထားတဲ့ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းတောင် မပြည့်တာကြောင့် ရန်ပုံငွေ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။
သုံးနိုင်ငံအဝေးပြေးလမ်း စီမံကိန်းပြန်စနိုင်ဖို့ အိန္ဒိယထပ်ကြိုးစား

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကုန်သွယ်စီးပွား အဓိကမြှင့်တင်ဖို့ရည်ရွယ် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်းကို ပြန်လည်စနိုင်ဖို့ အိန္ဒိယဘက်က အခုလထဲ ခပ်စိပ်စိပ်ထုတ်ပြောလာပါတယ်။
လက်ရှိမြန်မာပြည်တွင်းမှာဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကြောင့် ခက်ခဲတဲ့စီမံကိန်းတစ်ခုဖြစ်တဲ့အကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ S Jaishankar က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အိန္ဒိယနိုင်ငံသားတွေနဲ့ တွေ့ဆုံချိန်ပြောပါတယ်။
၂၀၁၉ ခုနှစ်မှာ ပြီးစီးဖို့ ရည်ရွယ်ခဲ့တဲ့ ဒီ စီမံကိန်းနဲ့ပတ်သက်ပြီး "ကျွန်တော်တို့အတွက် အဓိကစိန်ခေါ်မှုက ထိုင်းနဲ့ အိန္ဒိယကြားက ကားလမ်းဆက်သွယ်မှုကို ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့အချက်ပါ။ ဒီစီမံကိန်းက အိန္ဒိယအရှေ့မြောက်ပိုင်းကနေ မြန်မာကိုဖြတ်ပြီး ထိုင်းနိုင်ငံချိတ်ဆက်သွားမှာဖြစ်ပါတယ်" လို့ မစ္စတာ S Jaishankar က ပြောပါတယ်။
ဒီအဝေးပြေးလမ်း စီမံကိန်းပြန်စနိုင်ဖို့ကိုလည်း အိန္ဒိယအစိုးရကဦးစားပေးဆောင်ရွက်နေတယ်လို့ သူကဆက်ပြောပါတယ်။
လက်ရှိမှာတော့ ဒီအဝေးပြေးလမ်းမရဲ့ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီလို့ အခုလအစမှာပဲ အိန္ဒိယအဝေးပြေးလမ်းနဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီးက တရားဝင်ပြောထားပါတယ်။အိန္ဒိယဘက်က စိုင်းပြင်းလာတဲ့ ဒီလမ်းပိုင်းဟာ ကီလိုမီတာ ၁၄၀၀ ရှည်လျားပြီး အိန္ဒိယနိုင်ငံ၊ မိုရေးမြို့ကနေ မြန်မာပြည်ကို ဖြတ်ကာ ထိုင်းနိုင်ငံ၊ မဲဆောက်နဲ့ ချိတ်ဆက်ဖို့ဖြစ်ပါတယ်။
ဒီစီမံကိန်းအရ မြန်မာပြည်ကိုဖြတ်မယ့် လမ်းပိုင်းမှာ စစ်ရေးပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းကို အဓိကဖြတ်ရမှာဖြစ်ပြီး မြန်မာပြည်တွင်းမှာ ဘယ်လောက်ပြီးစီးနေပြီလဲဆိုတာကိုတော့ အိန္ဒိယဘက်က အတိအလင်းပြောထားတာမရှိပါဘူး။
ရွှေဘို၊ ခင်ဦး၊ ရေဦး သုံးမြို့နယ်ဆုံရာဒေသကို စစ်တပ်စစ်ကြောင်းထိုးနေ၊ ဒေသခံထောင်နဲ့ချီတိမ်းရှောင်နေရ

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲကမြို့နယ်တွေဖြစ်တဲ့ ရွှေဘို၊ ခင်ဦး၊ ရေဦးစတဲ့ သုံးမြို့နယ်ဆုံတဲ့နေရာတဝိုက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံထောင်နဲ့ချီ စစ်တိမ်းရှောင်နေရတဲ့အကြောင်း မြို့နယ်အသီးသီးက ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီကနေ့မနက်မှာ ခင်ဦးဘက်ကို စစ်ကြောင်းဝင်လာတာကြောင့် ကျွန်းလည်၊ ကျွန်းဆွယ်၊ ရွှေယမင်း၊ ကံကြီးကုန်းစတဲ့ ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
အခုစစ်ကြောင်းဟာ ရွှေဘိုမြို့ပေါ်ကနေ ရွှေဘိုမြို့နယ်မြောက်ဘက်ခြမ်းကို အခုရက်ပိုင်းထဲ စစ်ကြောင်းစပြီး လှည့်လည်သွားလာနေရာကနေ မနေ့တုန်းက ရွှေဘိုအပိုင်ညောင်ပင်သာရွာအနီးမှာ ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တွေနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြောကြပါတယ်။
"ရွာအဝင်မှာ မိုင်းလည်းမိကြတယ်။ အခု တဲဘိုပင်(ရွာ)ကိုရောက်နေတာ ရွာထဲကနေ ရုပ်အလောင်း ၄ လောင်း မီးရှို့ထားတာတွေ့ရတယ်၊ ဦးခေါင်းခွံ ၄ လုံးဗျ။ သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်) တွေ သေခဲ့တာထင်ပါတယ်" လို့ ရွှေဘိုရွာသားတစ်ဦးက ပြောပါတယ်။
အဲဒီနောက် ရွှေဘိုကနေ အခုမနက်ပိုင်းမှာ ခင်ဦးမြို့နယ်ဘက်ကို ဆက်ပြီး စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။ ခင်ဦးမြို့နယ်ထဲမှာတော့ ထိတွေ့တိုက်ပွဲရှိ၊ မရှိနဲ့ပတ်သက်လို့ မသိရှိရသေးပါဘူး။
ကြာအင်းဆိပ်ကြီးတိုက်ပွဲအတွင်းအရပ်သား ၂ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ/ KIC
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်(KNLA)ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြားက တိုက်ပွဲတွေအတွင်း အရပ်သား ၂ ဦးသေဆုံးတယ်လို့ စစ်ရှောင်ဒေသခံတွေကပြောပါတယ်။
ဇူလိုင်လ ၁၂ ရက်မှာစတင်တဲ့တိုက်ပွဲ ဆက်တိုက်ပြင်းထန်ခဲ့ရာကနေ ဇူလိုင် ၁၄ ရက်မှာတော့ ခလယ်ရွာနဲ့ ပူးလိန်ရွာကြားမှာ လက်နက်ကြီးထိမှန်ပြီး အခုလိုလူသေဆုံးမှုရှိခဲ့တာလို့ သိရပါတယ်။
"ကားနဲ့ စစ်ရှောင်တာလား၊ ဘာကြောင့်အဲ့လမ်းမှာဖြတ်သွားလဲမသိရပါဘူး။ အမြောက်တပ်ကနေ လက်နက်ကြီးပစ်လိုက်တာ ကားကိုမှန်ပြီး ၂ ယောက်လုံးဆုံးသွားပါတယ်" လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်မှာရှိတဲ့ တံခွန်တိုင်-အဘစ်လမ်းမကြီးဘက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးလာခဲ့ရာကနေ အဲဒီတိုက်ပွဲတွေစတင်ခဲ့တာလို့ သိရပါတယ်။တနေကုန်တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဇူလိုင် ၁၂ ရက်နဲ့ ၁၄ ရက်တွေတုန်းက စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်တာတွေလည်းရှိတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁၄ ရက်နောက်ပိုင်း တိုက်ပွဲပြင်းထန်တာမရှိပေမဲ့ စစ်ရေးတင်းမာနေတဲ့အခြေအနေလို့ ဒေသခံတွေက ပြောကြပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ချိန် လက်နက်ကြီးပစ်ကူတွေကြောင့် နေအိမ်ထိခိုက်ပျက်စီးတာတွေရှိနေပေမဲ့ ရွာထဲပြန်လည်ဝင်ရောက်မနေရဲသေးတာကြောင့် ပျက်စီးမှုအသေးစိတ်မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မွန်နဲ့ကရင်ပြည်နယ်အစပ်က ဒီတိုက်ပွဲတွေကြောင့် ခလယ်ရွာအုပ်စုက ကျေးရွာ ၅ ရွာ၊ တံခွန်တိုင်ရွာအုပ်စုက ကျေးရွာ ၇ ရွာထက်မနည်းက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်က ခလယ် - တံခွန်တိုင်ကျေးရွာတိုက်ပွဲနဲ့ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ကရော စစ်ကောင်စီကပါ ဒီကနေ့မနက်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။








