ပုန်ကန်မှုလုပ်ခဲ့တဲ့ ဗာဂနာအဖွဲ့ကို အရေးယူမှာမဟုတ်လို့ ရုရှားပြော- ဇွန် ၂၇ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားစစ်တပ်ကို ပြန်လည် ပုန်ကန်ခဲ့တဲ့ ဗာဂနာအဖွဲ့ကို လက်နက်ဖြုတ်လိုက်မှာ ဖြစ်ပြီး အချိန်တို သူပုန်ထခဲ့တဲ့အပေါ် အရေးယူမှုကနေ ကင်းလွှတ်ခွင့်ရမှာ လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။
ဗာဂနာအဖွဲ့ရဲ့ လက်နက်ကြီးတွေနဲ့ ပစ္စည်းတွေကို ပြန်လည် လွဲပြောင်းဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဗာဂနာတိုက်ခိုက်ရေးသမားတွေနဲ့ ပုံမှန်အတိုင်း စစ်တပ်ထဲဝင်တာ ဒါမှမဟုတ် အိမ်ပြန်နိုင်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် FSB လုံခြုံရေး ဝန်ဆောင်မှု အဖွဲ့ကလည်း သူတို့ရဲ့ ရာဇဝတ်မှုဆိုင်တဲ့ စွဲဆိုထားတာကို ပိတ်လိုက်ပြီလို့ ပြောပါတယ်။
သူပုန်ထတာကို အဆုံးသတ်ဖို့ ပူတင်က ပေးထားတဲ့ ကတိအတိုင်း လုပ်ဆောင် နေပြီး တခြားသူတွေလည်း ဒီလိုလုပ်ဖို့ မျှော်လင့်နေတယ်လို့ သတင်းထောက်တွေကို ဖုန်းကနေတဆင့် ကရင်မလင် ပြောခွင့်က ဒီမက်ထရီ ပက်စ်စကော့ (Dmitry Peskov)က ပြောပါတယ်။
‘ဒါက ဝမ်းနည်းဖို့ကောင်းပြီး ထူးခြားတဲ့ ဖြစ်ရပ်တခုပါ၊ လူအတော်များများက အလုပ်တွေ ပြီးအောင် လုပ်ပြီးပါပြီ၊ အဆိုးဆုံး မဖြစ်လာနိုင်အောင် သမ္မတက ကာကွယ်နိုင်ခဲ့ပါတယ်။ အဆိုးဆုံးမဖြစ်ဖို့အတွက် သဘောတူညီချက်တွေ ရရှိခဲ့ပြီး သမ္မတကလည်း ကတိနဲ့ ခံဝန်ချက်တွေ ပေးခဲ့ပါတယ်။ ဒီသဘောတူညီချက်တွေကို အကောင်ထည်ဖော်မှာ ဖြစ်ပါတယ်’လို့ ပြောပါတယ်။
သမ္မတပူတင်က စစ်တပ် ပြည်ထဲရေး FSBနဲ့ အစောင့်တပ်ဖွဲ့တွေကို ပြည်တွင်းစစ်ကို ရှောင်လွဲနိုင်တာကြောင့် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ဒီပုန်ကန်မှုကို ဦးဆောင်တဲ့ ယေဂင်နီ ပရီဂိုရှင် ဘယ်ကိုရောက်နေလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
သူနဲ့ဆက်နွယ်နေတဲ့လေယာဉ်က ဘီလာရုစ်မှာ ရောက်သွားပြီလို့လည်း ဆိုပါတယ်။
အီရန် သဲမုန်တိုင်းကြောင့် လူထောင်ကျော်ဆေးကုသဖို့လို

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်နိုင်ငံအရှေ့တောင်ပိုင်းမှာ သဲမုန်တိုင်းကြောင့် လူထောင်ကျော် ဆေးရုံမှာ ကုသခံယူဖို့ လိုအပ်နေပါတယ်။
စစ်စတန် (Sistan)နဲ့ ဘာလူချစ်စတန် (Baluchistan) ခရိုင်တွေမှာ ရက်အတော်ကြာ တနာရီကို ကီလိုမီတာ ၁ဝဝ ကျော် လေပြင်းတွေ တိုက်ခတ်နေပြီး သဲတွေ ပျံ့နှံ့နေပါတယ်။ ဒီခရိုင်က မြို့ ၅ မြို့က ဒီဒဏ်ကို ခံနေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာ အရှေ့အလယ်ပိုင်းမှာ သဲမုန်တိုင်းတွေ တိုက်ခတ်နေပြီး အီရန်နဲ့ အီရတ်နိုင်ငံတွေက အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။
ရာသီဥတုအရေးကျွမ်းကျင်သူတွေက ရေစီမံခန့်ခွဲ့မှု ညံ့ဖျင်းတာ၊ အကျိုးမရှိတဲ့ စိုက်ပျိုးရေး စီမံခန့်ခွဲမှုတွေနဲ့အတူ အပူချိန်မြင့်တက်လာတာကြောင့် ဒီဒေသတွင်းမှာ ရှိတဲ့ မြေတွေ ပျက်စီးပြီး ဒီလိုဖြစ်တာ လို့ ဆိုပါတယ်။
တရုတ်က လူသိများထင်ရှားတဲ့ သတင်းထောက်ကို လူမှုကွန်ရက် ဝေဘိုပေါ်ကနေ တားမြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံမှာ ငွေကြေးဆိုင်ရာ သတင်းတွေကို ရေးသားပြီး လူသိများထင်ရှားတဲ့ သတင်းထောက်ကို တရုတ်ရဲ့ ငွေကြေးပြဿနာအပေါ် သူ့ရဲ့ ထက်မြက်တဲ့ အတွေးအမြင်ကြောင့် လူမှုကွန်ရက် ဝေဘို (Weibo)ကနေ တားမြစ်လိုက် ပါတယ်။
ဝူရှောင်ဘို (Wu Xiaobo)လူမှုကွန်ရက်ပေါ်မှာ နောက်ဆုံးရေးသားတဲ့ မှတ်ချက်ကို ဖျက်လိုက်ပြီး ဘာကြောင့် ဖျက်လိုက်သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
စတော့ စျေးကွက်နဲ့ အလုပ်လက်မဲ့နှုန်းတွေနဲ့ ပတ်သက်ပြီး အန္တရာယ်ရှိတဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေတာကြောင့် အတည်ပြုစစ်ဆေးပြီးတဲ့ အသုံးပြုသူ ၃ ဦးကို တားမြစ်လိုက်တယ်လို့ ဝေဘို စိစစ်သူတွေက ပြောပါတယ်။
မေလက ထုတ်ပြန်တဲ့ ကေစင်(Caixin) ငွေကြေးဆိုင်ရာ မဂ္ဂဇင်းမှာ ရေးသားတဲ့ ဆောင်းပါးမှာ ဝူရှောင်ဘိုက တရုတ်က အလုပ်လက်မဲ့နှုန်းက အာဏာ အပေါ် အကျိုးသက်ရောက်နိုင်တဲ့ ပေါက်ကွဲစေနိုင်တဲ့ အရာတခုအဖြစ် ချိတ်ဆက် ရေးသားခဲ့တာ ဖြစ်ပါတယ်။
အွန်လိုင်းမှာ သတင်းထောက်ကို အနှောင့်အယှက်ပေးတာကို အိမ်ဖြူတော် ရှုတ်ချ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အွန်လိုင်းကနေ တဆင့် အမျိုးသမီး သတင်းထောက်တစ်ဦးကို အနှောင့်အယှက်ပေးခဲ့တဲ့ အပေါ် အမေရိကန်အိမ်ဖြူတော်က အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။
ဝါရှင်တန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီကို လူနည်းစုအခွင့်အရေးနဲ့ ပတ်သက်ပြီး Wall Street ဂျာနယ် သတင်းထောက် ဆာဘရီနာ ဆဒစ်ကီ (Sabrina Siddiqui)က မေးမြန်းခဲ့ပါတယ်။ ဒီအပေါ် အွန်လိုင်းပေါ်မှာ သူ့ကို အနှောင့်အယှက်တွေ ပေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလိုလုပ်တာကို လက်သင့်မခံနိုင်ဘူးလို့ အိမ်ဖြူတော် ပြောခွင့်ရက ပြောပါတယ်။
အမေရိကန်ကို နိုင်ငံတော်ခရီးစဉ်အရ သွားရောက်ခဲ့တဲ့ မစ္စတာ မိုဒီက အိန္ဒိယရဲ့ ဒီမိုကရက်တစ် တန်ဖိုးတွေကို ကာကွယ်ပြောဆိုသွားပါတယ်။
မစ္စ ဆစစ်ကီက အရှေ့တောင်အာရှက ဖြစ်ပြီး သူ့မစ္စတာ မိုဒီကို မေးခဲ့တဲ့ မေးခွန်းနဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်ကို အွန်လိုင်းပေါ်ကနေ မတော်မတရား ပြောဆိုခံနေရတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားတွေ အသက် တစ်နှစ် ပြန်ငယ်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်ကိုရီးယားနိုင်ငံသား အများစုရဲ့ အသက်ကို မနက်ဖြန်ကစပြီး တစ်နှစ် တရားဝင် လျော့ချပေးသွားမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားမှာ မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ နေရတဲ့ ကာလကိုပါ ကလေးရဲ့ အသက်မှာ ထည်သွင်း တွက်ချက်ထားတာကြောင့် မွေးဖွားပြီးစ ကလေးတွေကို အသက် တစ်နှစ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အခုတော့ နိုင်ငံတကာမှာ တွက်ချက်အသုံးပြုနေတဲ့ ပုံစံအတိုင်း ဇွန် ၂၈ရက်ကနေ စတင်ပြီး တောင်ကိုရီးယားမှာ ကလေးတွေရဲ့ အသက်ကို သတ်မှတ်ဖို့ အုပ်ချုပ်ရေးနဲ့ တရားရေး တာဝန်ရှိသူတွေက ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ဒီလိုလုပ်ချင်းအားဖြင့် လူတွေရဲ့အသက်ကို တွက်ချက်တဲ့ အခါမှာ အားလုံး တညီတညွတ်တည်း ဖြစ်မယ်လို့ တောင်ကိုးရီးယား အစိုးရက ပြောပါတယ်။








