အရန်တပ်တွေ အသင့်ပြင်ခိုင်းလို့ ရုရှားမှာ ထွက်ပြေးသူတွေ များလာ၊ သတ်မှတ်ချက်တချို့ပြန်လျှော့ပေးရ
ရေဟန် ဒီမီထရီ နဲ့ မက်တ် မာဖီ
ဘီဘီစီ သတင်းဌာန

ဓာတ်ပုံ ရင်းမြစ်, Reuters
ယူကရိန်းမှာ စစ်ဆင်ရေးတွေတိုးမြှင့်ဖို့ စစ်ထဲလိုက်ကြဖို့ ခေါ်ယူနေချိန်မှာပဲ တချို့ အလုပ် လုပ်နေကြသူတွေကို လျှော့ပေါ့ပေးကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။
အိုင်တီ နည်းပညာလုပ်သားတွေ၊ ဘဏ်လုပ်ငန်းလုပ်ကိုင်သူတွေ၊ အစိုးရ သတင်း ဌာနမှာ လုပ်ကိုင်နေတဲ့ သတင်းထောက်တွေအနေနဲ့ သမ္မတ ပူတင် ဗုဒ္ဓဟူးနေ့က ဆင့်ခေါ်တဲ့ အရန်တပ်ဖွဲ့ဝင်တွေ စာရင်းမှာမပါဘဲ ကင်းလွတ်ခွင့် ရကြမှာပါ။
အရန်တပ်တွေ အဆင်သင့်လုပ်ထားကြဖို့ တပ်လှန့်တဲ့အတွက် နိုင်ငံသား ၃၀၀,၀၀၀ လောက် စစ်ထဲလိုက်ဖို့ ပြင်ဆင်ကြရမှာပါ။
တပ်လှန့်ပြီးနောက်ပိုင်းမှာပဲ လူငယ်တွေဟာ စစ်ထဲလိုက်ရမယ့်အရေးကနေ လွတ်အောင် ထွက်ပြေးကြတဲ့အတွက် နယ်စပ်တွေကို အလုအယက်သွားနေကြတာ တွေ့နေရပါတယ်။
သောကြာနေ့က ကြေညာတဲ့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကင်းလွတ်ခွင့် ထဲမှာ အလုပ်ရှင်တွေက ဖော်ပြပါ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ အလုပ်သမား စာရင်းကို သူတို့ဆီကို ပို့ပေးရမယ်လို့ ဆိုထားပါတယ်။
အစိုးရက ထုတ်ပြန်တဲ့ အမိန့်ထဲမှာ မရှင်းလင်းတာတွေပါနေတယ်လို့ တချို့က မှတ်ချက်ပြုကြပြီး အဲဒါက လိုအပ်ရင်လိုအပ်သလို ချဲ့လို့ ရနေတယ်လို့ ဆိုကြ ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စာပိုဒ်တပိုဒ်ဆိုရင် အတော့်ကို လျှို့ဝှက်ထားတာတွေ့ရပါတယ်။ ကရင်မလင်ရဲ့ ပြောခွင့်ရ ဒီမီထရီ ပက်စ်ကော့ဗ်ကသောကြာနေ့က ပြောတာကို ထည့်ရေး ထားပါ တယ်၊ အဲဒီမှာ ရုရှား အရန်တပ်ဖွဲ့ဝင် တွေကို ဆင့်ခေါ်ထားရမယ်၊ ဒါပေမယ့် အဲဒီမှာ အရေအတွက်ကို ထုတ်ဖော် မပြောထားပါဘူး။
အစောပိုင်းတုန်းက လွတ်လပ်တဲ့ သတင်းစာ Novaya Gazeta က အဲဒီ စာပိုဒ်အရကြည့်ရင် အရင် သတင်းထွက်နေသလို လူ ၃၀၀,၀၀၀ ထက်မကပဲ လူ တသန်း အထိကို စစ်ထဲ ဆင့်ခေါ်နိုင်တယ်လို့ အမည်မဖော် ထားတဲ့ အစိုးရ သတင်းရင်းမြစ်ကို ကိုးကားပြီး ရေးပါတယ်။
ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက စစ်ထဲ ဆင့်ခေါ်တဲ့ အဖြစ်ကို ပထမဆုံး အကြိမ်ကြုံ နေရတဲ့ ရုရှား အမျိုးသားတွေဟာ စစ်ထဲလိုက်ရမယ့်အဖြစ်ကို ရှောင်ရှားနိုင်အောင် နိုင်ငံကနေ ထွက်ခွာပြေး နေကြပါတယ်။
နိုင်ငံတောင်ပိုင်းမှာ ရုရှားနဲ့ ဂျော်ဂျီယာနယ်စပ်ကို ဖြတ်ကျော်ဖို့ စီတန်းနေတဲ့ ကားတွေ က မိုင်နဲ့ချီအောင် ရှည်လျားနေတာပါ။
တချို့က ဂျော်ဂျီယာနယ်စပ်ကို စက်ဘီးနင်းသွားကာ စီတန်းနေတဲ့ ကားတွေကို ကျော်ဖြတ် သွားနေ ကြသလို တချို့ကလည်း နယ်စပ်က တားဆီးနေတာတွေကို ရှောင်ကွင်းဖို့ ခြေလျင်သွားကြပါတယ်။
နယ်စပ်ကိုဖြတ်ဖို့ စီတန်းနေတဲ့ ကားတွေမှာ ကိုယ့်အလှည့် ရောက်ဖို့ စောင့်နေရတာက ၁၂ နာရီလောက် စောင့်ရတယ်လို့ ဆိုကြ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ပွဲအရေး မေးတဲ့အခါ အမည်မဖော်လိုတဲ့ ရုရှား နိုင်ငံသားတယောက်က ပူတင်ရဲ့ “စစ်ပွဲအတွက် ဆင့်ခေါ်မှု” ဟာ သူ့ကိစ္စမဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။
ဘယ်သူဘယ်ဝါဆိုတာ မဖော်ပြလိုတဲ့ ရုရှားကျောင်းသားတယောက်ကလည်း လူတွေက နိုးထလာကြပြီလို့ ဆိုပါတယ်။ “သူတို့ ဘာတွေဖြစ်နေလဲ ဆိုတာ မျက်လုံး ဖွင့်ကြည့်လာကြပြီ၊ သူတို့ ကလေးတွေကို ဘယ်မှာ ဝှက်ထားရမလဲ ဆိုတာ စတွေး လာကြပြီ၊ အခု လူတွေက သူတို့ကို တိုက်ရိုက် ထိခိုက်လာပြီဆိုတော့ ဘာတွေ ဖြစ်နေလဲဆိုတာ နားလည်လာကြတယ်” လို့ သူက ပြောပါတယ်။
အိုင်တီ ဝန်ထမ်းတယောက်ကလည်း သူ ဒီစစ်ပွဲကို ဆန့်ကျင်တယ်၊ ဒါပေမယ့် ထုတ်မပြောရဲဘူးလို့ ဘီဘီစီကို ပြောပါတယ်။
“ကျွန်တော့ ဘဝ၊ ကျွန်တော့ မိသားစု ဘဝ ကို ထိခိုက်သွားမှာ မလိုချင်ဘူး၊ ထောင်ထဲ ရောက်သွားမှာကို မလိုချင်ဘူး” လို့ သူကပြောပါတယ်။ “ရှန်းဂန် ဗီဇာကို လုပ်ဖို့ပဲ ကြိုးစားခဲ့တယ်၊ ကံကောင်းစွာနဲ့ပဲ ကျွန်တော် မေလက အဲဒီဗီဇာ ရတယ်။”
ရုရှားနိုင်ငံသားတွေအဖို့ ဗီဇာလျှောက်စရာမလိုဘဲ သွားနိုင်တဲ့ အိမ်နီးချင်းနိုင်ငံ အနည်းငယ်ထဲမှာ ဂျော်ဂျီယာက တနိုင်ငံပါ။ ရုရှားနဲ့ မိုင် ၈၀၀ လောက် နယ်စပ်ချင်း ထိနေတဲ့ အိမ်နီးချင်း ဖင်လန် နိုင်ငံကို သွားနိုင်ဖို့က ဗီဇာလိုပြီး အဲဒီနယ်စပ်တကြောမှာ သူတို့ဘက်ကို ဝင်ဖို့ နယ်စပ် ဂိတ်အသီးသီးမှာ စောင့်နေတဲ့ လူတွေ အများကြီး တိုးလာ တယ်လို့ ဖင်လန် နယ်စပ် ရဲတပ်ဖွဲ့က ဘီဘီစီကို ပြောပါတယ်။
အီစတန်ဘူလ်၊ ဘဲလ်ဂရိတ်၊ ဒူဘိုင်း စတဲ့နိုင်ငံတွေကို သွားရင် လေကြောင်းကပဲ သွားနိုင်တာဖြစ်ပြီး စစ်ထဲဝင်ဖို့ ဆင့်ခေါ်တာ ထုတ်ပြန်ကတည်းက လေယာဉ် လက်မှတ်တွေ ရောင်းကုန်သွားသလို လက်မှတ်စျေးတွေကလည်း ထိုးတက် နေတာပါ။
ရုရှားကနေ တူရကီ အသွား ခရီးစဉ် တကြောင်းတည်း လက်မှတ်စျေးတွေ အများကြီး ခုန်တက်လာတယ်လို့ တူရကီ မီဒီယာတွေမှာ ဖော်ပြနေသလို ဗီဇာမလိုပဲ သွားနိုင်တဲ့ နိုင်ငံတွေဆီကို သွားတဲ့ လေယာဉ် လက်မှတ်စျေးတွေလည်း ယူရိုငွေ ထောင်နဲ့ချီ ပေးနေရပြီလို့ ဆိုပါတယ်။
စစ်သားစုဆောင်းခံရမယ့် အရေးက ပြေးလာမယ့် ရုရှားတွေ သူတို့နိုင်ငံတွေထဲ ဝေါကနဲ ဝင်လာမှာကို နိုင်ငံအတော်များများက မှန်းထားပါတယ်။ ဂျာမနီပြည်ထဲရေးဝန်ကြီးက အဲဒီလို ပြေးလာမယ့် ရုရှားတွေကို သူတို့နိုင်ငံကနေ ကြိုဆိုမယ်ဆိုတဲ့ အရိပ်အယောင် စကားကို ကြာသပတေးနေ့က ပြောပါတယ်။
နန်စီ ဖီစာက လုံခြုံရေးအရ စစ်ဆေးတာတွေပြီးရင် “အပြင်းအထန် ဖိနှိပ်ပြီး” ခြိမ်းခြောက်ခံနေရတဲ့ ဘက်ပြောင်းခိုလှုံသူတွေကို တဦးချင်း စိစစ်ပြီး အကာအကွယ် ပေးသွားမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လစ်သူအေးနီးယား၊ လက်ဗီးယား၊ အက်စတိုးနီးယား၊ ချက်ဇ် ပြည်သူ့ သမ္မတနိုင်ငံ စတဲ့ နိုင်ငံတွေအပါအဝင် တခြား ဥရောပနိုင်ငံ အများ အပြားကတော့ ထွက်ပြေးလာတဲ့ ရုရှား ဒုက္ခသည်တွေကို လက်ခံမှာ မဟုတ်ဘူးလို့ ဆိုနေကြပါတယ်။ အဲဒီနိုင်ငံတွေက ဥရောပ သမဂ္ဂဟာ ရုရှားကို ခပ်တင်းတင်းမာမာ ဆက်ဆံသင့် ကြောင်း အမြဲတင်ပြ နေကြတာပါ။
ချက်ဇ် နိုင်ငံခြားရေးဝန်ကြီး ယန်း လစ်ပက်စကီးက “ပူတင်ရဲ့ ကမူးရှူးထိုး ဆုံးဖြတ်ချက်တွေကြောင့် ရုရှားတွေ ထွက်ပြေးလာရတယ်ဆိုတာကို နားလည် ပါတယ်” လို့ဆိုပြီး “ဒါပေမယ့် သူတို့ဟာ သူတို့ အစိုးရက ချမှတ်လိုက်တဲ့ တာဝန် တွေကို မထမ်းရွက်လိုလို့ ပြေးလာတဲ့ လူတွေသာ ဖြစ်တယ်။ လူသားချင်း စာနာမှု ဆိုင်ရာ ဗီဇာပေးဖို့ ဘယ်လိုမှ သူတို့နဲ့ အကျုံးမဝင်ဘူး” လို့ ပြောပါတယ်။
စစ်ထဲ ဆင့်ခေါ်ချက်ကြောင့် မော်စကိုနဲ့ စိန့် ပီတာစဘတ် အပါအဝင် ရုရှား မြို့ကြီးတွေမှာ အင်္ဂါနေ့က ဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၁,၃၀၀ ကို ဖမ်းဆီးထားတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။
ဆန္ဒပြကြလို့ ဖမ်းခံရတဲ့သူတွေကို ရဲစခန်းတွေမှာ စစ်ထဲလိုက်ဖို့ ဆင့်ခေါ်တဲ့ စာတွေ ထုတ်ပေးကြတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်လို့ မစ္စတာ ပက်စ်ကော့ဗ်ကို မေးတဲ့အခါ ဒီလိုလုပ်တာက ဥပဒေကို မဆန့်ကျင်ပါဘူးလို့ ဖြေပါတယ်။








