မတ် ၂ ရက်ထိပ်တန်းသတင်းများ- နေပြည်တော်က ဧရာဝတီလမ်း နဲ့ လွှတ်တော်ဒုဥက္ကဋ္ဌဟောင်း နေအိမ်အနီးမှာ ပေါက်ကွဲမှုဖြစ်

ရေးသားခဲ့သည်။

ဖားကန့် ရှရော်ခမှာ ဖမ်းခံရတဲ့ လူတစ်ရာကျာ်ကို ကိုယ်ရေးအချက်အလက်တွေစိစစ်ပြီးပြန်လွှတ်ပေး

Kachin state

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ရှရှော်ခ ကျေးရွာက စစ်ရှောင်တဲတချို့ မြင်ကွင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာကနေ ပြီးခဲ့တဲ့မတ်လ ၁ ရက်နေ့က စစ်ကောင်စီ ဖမ်းခေါ်သွားတဲ့ လူတစ်ရာကျော်ထဲကတချို့ကို ကိုယ်ရေးအချက်အလက်စစ်ပြီးပြန်လည်လွှတ်ပေးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာမတ်လ ၁ ရက်နေ့က ရှရော်ခကျေးရွာကိုရောက်ရှိလာတဲ့နောက် တစ်အိမ်တက်ဆင်း ရှာဖွေမှုတွေပြုလုပ်ပြီး တွေ့သမျှ လူကိုဖမ်းခေါ်သွားတယ်လို့ဆိုပါတယ်။

“မနေ့က သူတို့(စစ်ကောင်စီ) တွေလာတဲ့အချိန် ကျွန်မက အိမ်မှာရှိတယ်။ သူတို့ဝင်လာတော့ သေနတ်သံတွေအဆက်မပြတ်ပစ်တယ်။ ဘယ်ကိုပစ်လဲတော့မသိဘူး။ လက်နက်ကြီးသံတွေရောပဲ။ ဒါနဲ့ ကျွန်မလည်း ကြောက်လို့ သူတို့မရောက်ခင်ထွက်လာတာ" လို့ ကျေးရွာကနေ တိမ်းရှောင်လာသူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီနေ့ မတ်လ၂ ရက်နေ့မှာတော့ မနေ့က ဖမ်းဆီးသွားတဲ့ ၁၀၀ ကျော်ထဲက တချို့တွေကို မှတ်ပုံတင်နဲ့ ကိုယ်ရေးအချက်အလက်တွေ စစ်ဆေးပြီးတော့ ပြန်လွှတ်ပေးနေပြီလို့ လွတ်လာသူတွေနဲ့ နီးစပ်သူတစ်ယောက်ကပြောပါတယ်။

ဘာကြောင့် ခုလို ဖမ်းဆီးသွားတယ်ဆိုတာတော့ ရေရေရာရာမသိရသေးပါဘူး။

ဖားကန့်မြို့နယ် အေးမြသာယာကျေးရွာအုပ်စု ရှရော်ခကျေးရွာမှာတော့ မကြာခဏဆိုသလို စစ်ကောင်စီတွေရောက်လာလေ့ရှိပြီး အခုတစ်ကြိမ်မှာ ဘာကြောင့် လူရာချီဖမ်းဆီးစစ်ဆေးခြင်းခံရသလဲဆိုတာလည်း ရှင်းရှင်းလင်းလင်းမသိရဘူးလို့ဆိုပါတယ်။

ဒီဖြစ်စဥ်မဖြစ်ခင် ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၂၅ ရက်နေ့တုန်းက ဖားကန့်မြို့နယ် ရှရှောခကျေးရွာထဲက မှော်လုပ်ကွက်မြေလွတ်မှာ စစ်ကိုင်း တိုင်း ပုလဲ နဲ့မကွေးတိုင်းမြိုင်ဂန့်ဂေါ စတဲ့ဒေသတွေက စစ်ဘေးလာရောက်တိမ်းရှောင်နေထိုင်ကြတဲ့ သူတွေကို အပြီးရွှေ့ပြောင်းစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့ကလည်း မှော်စီဆာ ကျေးရွာအုပ်စု အောင်သာယာ(၂)နဲ့ ဆောင်းချိန်ရွာတွေဘက်မှာ စစ်ကောင်စီတွေက လူ ၂၀ကျော်ကို ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။

နေပြည်တော် အချုပ်ကားကနေ ထွက်ပြေးလွတ်မြောက်သွားသူတွေထဲက ၄ ဦး ပြန်မိတယ်လို့ စစ်ကောင်စီပြော

အချုပ်ကားကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ ရမည်းသင်းအကျဉ်းထောင်က အချုပ်သား ၉ ဦး အနက် ၄ ဦး ပြန်မိပြီလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

နေပြည်တော် တရားရုံးတွေကနေ ရုံးထုတ်ပြန်လာတဲ့ အချုပ်သား ၂၀ ဦး တင်ဆောင်လာတဲ့ အချုပ်ကားပေါ်မှာ တာဝန်ကျရဲဆီက သေနတ်လု ပစ်ခတ်ပြီး အချုပ်သား ၉ ဦး ထွက်ပြေးလွတ်မြောက်တဲ့ဖြစ်စဥ် မတ်လ ၁ ရက် ညနေက ဖြစ်ခဲ့တာပါ။

“ကျန်တဲ့သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဆက်လက်ရှာဖွေနေတယ်’’ လို့ သူကပြောပါတယ်။ နေပြည်တော်နဲ့ရမည်းသင်း ကြားက ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဖြစ်ခဲ့တဲ့ အဲဒီဖြစ်စဥ်မှာ ရဲတစ်ဦးသေနတ်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီကားပေါ်မှာလိုက်ပါလာတဲ့အချုပ်သားတချို့ဟာ နိုင်ငံရေးအမှုတွေရင်ဆိုင်နေရတဲ့သူတွေဖြစ်တယ်လို့ သတင်းဖော်ပြမှုတွေရှိနေပေမဲ့ ဘီဘီစီကတော့ ဒါကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း အသေးစိတ်ပြောကြားတာမရှိသေးပါဘူး။

ကယားနီပြည်နယ်မှာ အာဏာသိမ်းကာလနှစ်နှစ်အတွင်း လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားသူ ၂၂၄ ဦး သေဆုံး

Karreni state

ဓာတ်ပုံ ရင်းမြစ်, KNDF

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကရင်နီ(ကယား) ပြည်နယ်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိနှစ်နှစ်တာအတွင်း လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားသူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်စုစုပေါင်း ၂၂၄ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က သတင်းထုတ်ပြန်လာပါတယ်။

အာဏာသိမ်းကာလအတွင်း ကရင်နီပြည်နယ်ထဲက စစ်ရေးနိုင်ငံရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်မှာ ခုလိုဖော်ပြထားတာဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်အရ အရပ်သား ပြည်သူ ၃၀၉ ဦးသတ်ဖြတ်ခံရပြီး စစ်ရှောင်သေဆုံးသူ ၁၃၀ ဦးရှိကာ တိုက်ပွဲအကြိမ်ရ ၅၈၆ ကြိမ်နဲ့ လေကြောင်းတိုက်ခိုက်ခံရမှု ၁၉၇ ကြိမ်ရှိခဲ့တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

တိုက်ပွဲတွေအတွင်း ဘာသာရေးအဆောက်အဦ အလုံး ၃၀ ပျက်စီးခဲ့ရသလို လူနေအိမ် ၁၃၅၂ ပျက်စီးခဲ့ရကာ မတရားဖမ်းဆီးခံရသူ ၂၇၉ ဦးရှိတယ်လို့ဆိုပါတယ်။

ဒါ့ပြင် ကရင်နီပြည်နယ်ထဲက တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၆၃၅ ဦး သေဆုံးခဲ့သလို စစ်ကောင်စီယာဥ်တန်း ၅၈ စီး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

စစ်ကောင်စီဘက်က သေဆုံးမှုနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ကရင်နီပြည်နယ်မှာ အခုဖေဖော်ဝါရီလကုန်ပိုင်းမှာလည်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေသလို ကရင်နီနဲ့ ရှမ်းပြည်အစပ် ဖယ်ခုံမှာလည်း စစ်ကောင်စီနဲ့ ပအိုးဝ်ပြည်သူ့စစ်ကတစ်ဖက် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်တွေကတစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေကာ အဲဒီတိုက်ပွဲတွေဟာ အခုဆို ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့အထိ ကျယ်ပြန့်လာပြီး စစ်ရှောင်ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဆန်စျေးပြန်ကျသွားပြီလား

Myanmar

ဓာတ်ပုံ ရင်းမြစ်, Getty Images

နယ်စပ်ကုန်သွယ်ရေး ကနေ ဆန်နဲ့ဆန်ထွက် ပစ္စည်းတင်ပို့ရာမှာ နိုင်ငံခြားငွေလဲလှယ်နူန်းရဲ့ ၆၅% ကို ဗဟိုဘဏ်သတ်မှတ်နူန်းနဲ့ လဲလှယ်ဖို့ စီးပွားရေးနဲ့ ကူးသန့်ရောင်းဝယ်ရေးဌာနက မတ်လ ၁ရက်နေ့မှာ စတင် ပြောင်းလဲခဲ့ပါတယ်။

ဒါကြောင့် နယ်စပ်အိတ်စပို့စ် ကုန်တင်ပို့ရာမှာ အရင်ကထက် ဆန်တစ်အိတ်ကို တစ်သောင်းဝန်းကျင် နစ်နာဆုံးရှုံးခဲ့တယ်လို့ မူဆယ်နယ်စပ်ကုန်သွယ်ရေး ဆန်ကုန်စည်ဒိုင်အသင်း တာဝန်ရှိသူက ပြောပါတယ်။

အခုချိန်မှာ တင်ပို့ခွင့် လိုင်စင်လက်ကျန်ရှိသူတွေပဲ မတင်မဖြစ်တင်နေကြတယ်လို့ ဆိုပါတယ်။

"ဒီနေ့ တင်တဲ့ လိုင်စင်လက်ကျန် ဆန်တွေက အကျိုးမြတ်မရှိတော့ဘူး ရှုံးသွားပြီ။ ငွေကြေးကွာဟမှုကြောင့်။ မနေ့ကထိ တရုတ်ပြည်ကို ဆန်ရောင်းလို့ ယွမ်ငွေ ၁၀၀ ရရင် ပြင်ပပေါက်ဈေး ၄၂၆ ကျပ်နဲ့ လဲလှယ်ခွင့်ရှိတယ်။ ဒီနေ့ ဆန်ရောင်းသူတွေက တရုတ်ငွေ ၁၀၀ ရရင် ယွမ်ငွေ ၆၅ယွမ်ကို ၆၅%နဲ့ ဗဟိုဘဏ် သတ်မှတ်ဈေး ၃၈ကျပ်ပဲရမယ်။ ၃၅ယွမ်ကို ပြင်ပပေါက်ဈေး ၄၂၆ကျပ်ရတယ်။ ဒါကြောင့် ဆန်တစ်အိတ်ကို ဒီနေ့ဈေးနဲ့ မနေ့ကဈေးဆိုရင် ၁၀၈၀၀ကျပ် လောက် နစ်နာဆုံးရှုံးတာတွေ့ရတယ်"လို့ ဆန်ကုန်သည်ကြီးတစ်ဦးကဘီဘီစီကို မတ်လ ၁ ​ရက်နေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်းစားသုံးဆန်အမျိုးစားရော အိတ်စပို့စ်တင်ပို့ဆန်တွေပါ ဈေးမြင့်တက်ခဲ့ပါတယ်။ ဖေဖော်ဝါရီလကုန်ပိုင်းမှာ နယ်စပ်တင်ပို့ကုန်အတွက် ကုန်သွယ်မှု သတ်မှတ်နူန်းထား ပြောင်းလဲကျင့်သုံးမယ်ဆိုတဲ့ အကြောင်းကြောင့် ဆန်ဈေးနူန်းတွေ တဖြည်းဖြည်း ကျဆင်းခဲ့ပါတယ်။ အခုအခါ ဆန်တအိတ်ကို ကျပ် ၃၀၀၀ လောက်ကျဆင်းသွားပါတယ်။ ဒါပေမဲ့ အရောင်းအဝယ်တွေ အေးသွားတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က စိုက်ပျိုးစရိတ်နဲ့ သွင်းအားစု မြေဩဇာ၊ မျိုးစေ့၊ စက်ဆီကအစ စိုက်စရိတွေ ကြီးမြင့်ခဲ့တာကြောင့် အခုလို နွေစပါးပေါ်ချိန်မှာ ဆန်ဈေးကျသလို စပါးဈေးကျဆင်းပါက စိုက်ပျိုးထုတ်လုပ်သူ တောင်သူတွေအတွက် နစ်နာဆုံးရှံးမှုတွေ ရှိနိုင်တယ်လို့ တောင်သူတွေက ပြောပါတယ်။

တစ်ဖက်မှာလည်း ပြည်တွင်းမှာ မြင့်တက်နေတဲ့ဆန်စျေးတွေကျဆင်းသွားတာ ရေတိုမဟုတ်ဘဲရေရှည် ကျဆင်းဖို့လိုသလို စပါးစိုက်တောင်သူတွေအတွက်နစ်နာမှုမရှိအောင် စျေးကစားမှုတွေမဖြစ်ဖို့ ကျပ်မတ်စစ်ဆေးသင့်တယ်လို့တိုက်တွန်းတာတွေရှိေနပါတယ်။

နေပြည်တော်က ဧရာဝတီလမ်း နဲ့ လွှတ်တော်ဒုဥက္ကဋ္ဌဟောင်း နေအိမ်အနီးမှာ ပေါက်ကွဲမှုဖြစ်

Mandalay Paradise, Naypyidaw

ဓာတ်ပုံ ရင်းမြစ်, Mandalay Paradise

ဓာတ်ပုံ ပုံစာ, ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ စားသောက်ဆိုင်/ပုံဟောင်း

နေပြည်တော်က လူစည်ကားရာ ဧရာဝတီလမ်းက စားသောက်ဆိုင် တစ်ဆိုင် နဲ့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌဟောင်း ဦးမြညိမ်း နေအိမ်အနီးမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရသူမရှိခဲ့ဘူးလို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

မန္တလေးပါရာဒိုက် စားသောက်ဆိုင်မှာ မနေ့ မတ်လ ၁ ရက် ကညပိုင်းက ဖြစ်ခဲ့တဲ့ပေါက်ကွဲမှုဟာ စားပွဲအောက်မှာထားသွားတဲ့ ဗုံးကနေ ဖြစ်ခဲ့တာလို့ စစ်ဆေးတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

“ ဖြစ်တဲ့အချိန် ဆိုင်ထဲမှာ လူတွေရှိတယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရမှုတော့မရှိဘူးလို့သိရတယ်’’ လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းကလည်း နေပြည်တော်မှာနေထိုင်တဲ့ ကြံ့ခိုင်ရေးအမတ်ဟောင်းလည်းဖြစ် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌဟောင်းလည်းဖြစ်သူ ဦးမြညိမ်း ရဲ့နေအိမ်အနီးမှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဦးမြညိမ်းရဲ့နေအိမ်ကို ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီခန့်မှာ စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (NPT) က ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အဲဒီအဖွဲ့က မတ်လ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နေပြည်တော်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လယ်ယာစိုက်ပျိုးရေးဝန်ကြီးဟောင်း ဦးမြင့်လှိုင် ဦးဆောင်ပြီး ကြံ့ခိုင်ရေးပါတီဝင်အင်အား သုံးရာကို ဝါးချွန်တွေပေးအပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်က ကြံ့ခိုင်ရေးပါတီရုံးအနီး ဗုံးငါးလုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။

တာချီလိတ်ပေါက်ကွဲမှု ကျူးလွန်တယ်ဆိုပြီး KNU အဖွဲ့ဝင်ဟောင်း ဇနီးမောင်နှံနှစ်ဦးအပါအဝင် သုံးဦးကို ထိုင်းဘက်ကဖမ်းဆီးပြီးမြန်မာဘက်ကိုပြန်လည်လွှဲအပ်လာတယ်လို့ မဲခေါင်သတင်းဌာနက မနေ့မတ်လ ၁ ရက်နေ့က ရေးသားခဲ့ပြီး ဒီတိုက်ခိုက်မှုကို ပြုလုပ်တယ်လို့ထုတ်ဖော်ပြောကြားထားတဲ့ အရှေ့နဂါးပြောက်ကျားအဖွဲ့ကတော့ ဖမ်းဆီးခံရတယ်ဆိုတဲ့ အဲဒီနှစ်ဦးကိုမြင်လည်းမမြင်ဖူးသလို သူတို့ အဖွဲ့နဲ့မသက်ဆိုင်ကြောင်း ၊ KNU တပ်ဖွဲ့ဝင်လို့လည်းမသိကြောင်း RFA သတင်းဌာနကို ပြောကြားထားပါတယ်။

အာဏာသိမ်းကာလနှစ်နှစ်အတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ ဦးခန့် သတ်ဖြတ်ခံရပြီး ၉၀၀ ခန့် ဖမ်းဆီးခံရကြောင်း NUG ထုတ်ပြန်

Pale, Sagaing

ဓာတ်ပုံ ရင်းမြစ်, Pale entertainment

ဓာတ်ပုံ ပုံစာ, ပုလဲမြို့နယ်နွယ်အင်းကျေးရွာ ကျေးလက်ဆေးပေးခန်းမီးလောင်ပြီးနောက်မြင်ကွင်း

စစ်ကောင်စီက အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစလို့ နှစ်နှစ်တာအတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ ဦးခန့် သတ်ဖြတ်ပြီး ၉၀၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသလို ၇၈၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့ ဆေးရုံဆေးခန်း ၁၆၀ ကျော်ကို ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မတ်လ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဒီနှစ် ဆန်းပိုင်းမှာလည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလနှစ်လအတွင်း ကျန်းမာရေးကဏ္ဍဆိုင်ရာ အဆောက်အဦတွေေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုဖမ်းဆီးသတ်ဖြတ်မှုတွေကို ဆက်တိုက်ကျူးလွန်ခဲ့တယ်ဆိုပြီးလည်း ဖြစ်စဥ်တွေနဲ့အတူ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို လေကြောင်းကတိုက်ခိုက်မှုမှာ CNF တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သလို ပြင်ပလူနာကုသဆောင်၊ ဆေးစတိုနဲ့ လူနေအိမ်တွေပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၁ ရက်မှာ မကွေးတိုင်းမြိုင်မြို့နယ်က ဗဟင်းတိုက်နယ်ဆေးရုံကို ရဟတ်ယာဥ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဆေးရုံအနီးက အသက် ၆၂ နှစ်အရွယ်အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး ဆေးရုံက ဓာတ်မှန်စက်အပါအဝင် အဆောက်အအုံတွေထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်မှာတော့ စစ်ကိုင်းတိုင်းပုလဲမြို့နယ်နွယ်အင်းကျေးရွာထဲစစ်တပ်ဝင်ရောက်ခဲ့ပြီး ကျေးလက်ကျန်းမာရေးဌာနခွဲဆေးခန်းကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း စစ်ကိုင်းတိုင်းအရာတော်မြို့နယ်က မင်းရွာ၊ မလဲသာနဲ့ ကန်ရင်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ရာမှာ ရွာအတွင်း ကအထက်တန်းကျောင်းနဲ့ဆေးရုံကို ရဟတ်ယာဥ်နဲ့ ပစ်ခတ်ခဲ့ပြီး ဆေးနဲ့ဆေးပစ္စည်းတွေကို ဖျက်ဆီးသွားတယ်လို့ ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၂၉ ရက်မှာ တောထဲတစ်နေရာမှာ မွေးလူနာ ကုသပေးပြီး အုတ်ဖိုမြို့ထဲပြန်လာတဲ့ ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အေးမြသာယာဆေးရုံက စီဒီအမ်သူနာပြုဆရာမတစ်ဦးကိုလည်း စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၆ ရက်မှာ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုဖြစ်စဥ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့သတင်းထုတ်ပြန်တာမရှိသေးသလို စီဒီအမ်သူနာပြုဆရာမတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်လို့လည်း ဘီဘီစီက သီးခြားအတည်ပြုထားနိုင်တာမရှိသေးပါဘူး။

တစ်ဖက်မှာလည်း အစိုးရဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ အရပ်သားအပါအဝင် စုစုပေါင်း သေဆုံးသူ ၅၀၀၀ ကျော်နဲ့ ဒဏ်ရာရသူ လေးထောင်ကျော် ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကာလုံအစည်းအဝေးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ရသေ့တောင်မှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားတစ်ဦး ဒဏ်ရာအပြင်းအထန်ရ

Landmind, Rakkhine State

ဓာတ်ပုံ ရင်းမြစ်, CJ

ရခိုင်ပြည်နယ် ရသေတောင်မြို့နယ်မှာ မတ်လ ၁ ရက်နေ့မနက်ပိုင်းက မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်းသိရပါတယ်။

ဒဏ်ရာရရှိခဲ့သူမှာ ရသေတောင်မြို့နယ် စေတီပြင်ကျေးရွာသား ဦးအောင်စံဌေး ၃၈ နှစ်ဖြစ်ပြီး မြေမြှုပ်မိုင်းကြောင့် ဘယ်ဘက်ခြေတစ်ဖက် ပြတ်တောက်သွားခဲ့ကာ ညာခြေထောက်မှာလည်း ဒဏ်ရာတွေပြင်းပြင်းထန်ထန် ရရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့ကမနက်ပိုင်းမှာ ဦးအောင်စံဌေးဟာ ရွာနဲ့ငါးမိုင်ခန့်ကွာဝေးတဲ့ မေယုတောင်တန်းကိုဝါးခုတ်သွားစဉ် နံနက် ၉ နာရီကျော်အချိန်မှာ မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သူတို့မိသားစုမှာ စိုက်ခင်းလုပ်ငန်းလုပ်ကိုင်ကြပြီး စိုက်ခင်းခြံစည်းရိုးကာရံဖို့အတွက် လိုအပ်တဲ့ဝါးတွေကို ခုတ်ယူဖို့ မေယုတောင်တန်းပေါ် သွားရောက်ခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရရှိနေတဲ့အတွက် ကျေးရွာသားတွေကို လာခေါ်ကြဖို့ သူကိုယ်တိုင် ဖုန်းဆက်အကူအညီတောင်းခဲ့တာလို့လည်းသိရပါတယ်။

ဦးအောင်စံဌေးကို ကျေးရွာသားတွေကသွားရောက်ရှာဖွေပြီး ကျေးရွာတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကာ ဒဏ်ရာပြင်းထန်တဲ့အတွက် စေတီပြင်ဆေးရုံကနေ စစ်တွေဆေးရုံကြီးသို့ မနေ့ကနေ့လယ်ပိုင်းမှာ ထပ်မံပို့ဆောင်ပေးခဲ့ပါတယ်။

မေယုတောင်ကြောတစ်လျှောက်ဟာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားခဲ့တဲ့နေရာတွေဖြစ်သလို လက်ရှိအချိန်ထိလည်း အဲဒီတောင်တန်းတစ်လျှောက်မှာ တပ်စခန်းတွေရှိ နေဆဲဖြစ်ပြီး အဲဒီမိုင်းဟာလည်း စစ်ကောင်စီတပ်တွေရဲ့မိုင်းဖြစ်တယ်လို့ ရွာသားတွေပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် လမ်းမတော်ကျေးရွာက အသက် ၄၁ နှစ်အရွယ် ဦးဇော်မိုးလွင် (ခ) မောင်ချေမှာ ကျေးရွာအနီးတောင်ပေါ်သို့ ထင်းခုတ်သွားချိန် မိုင်းနင်းမိပြီး ခြေပြတ်ဒဏ်ရာရရှိခဲ့ပါတယ်။

တစ်ကျော့ပြန်တိုက်ပွဲများ ရပ်စဲထားပြီးနောက်ပိုင်းမှာလည်း မိုင်းနဲ့ စစ်ကျန်လက်နက်ခဲယမ်းပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ မကြာခဏဖြစ်ပွားနေတဲ့

ရခိုင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းအန္တရာယ် အသိပညာရေးလုပ်ငန်းတွေကို အရပ်ဖက်အဖွဲ့အစည်းတချို့က ပြုလုပ်နေပေမဲ့ လွတ်လပ်စွာလုပ်ကိုင်ခွင့်မရရှိတဲ့အတွက် ထိရောက်မှုအားနည်းနေတယ်လို့ ပြောကြပါတယ်။

မြောက်ဦး ကိုးသောင်းပုထိုးတော် ဗုဒ္ဓပူဇနိယပွဲတော် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ဖို့ရှိ

ရခိုင်ရှေးဟောင်းယဉ်ကျေးမှု သမိုင်းဝင်အမွေအနှစ်တွေ အများအပြားတည်ရှိတဲ့ မြောက်ဦးမြို့က ကိုးသောင်းပုထိုးတော်ကြီးရဲ့ ပထမဆုံးဗုဒ္ဓပူဇနိယပွဲတော်ကို အခုမတ်လအတွင်းကျင်းပ ပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ပွဲတော်ရက်ကိုတော့ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ် တပေါင်းလပြည့်ကျော် ၁၃ ရက်ကနေ ၁၅ ရက်နေ့ထိ၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ် မတ်လ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ သုံးရက်ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ရခိုင်ရိုးရာ ကျင်ကိုင်ပွဲတွေကိုလည်း ထည့်သွင်းထားသလို ညဘက်မှာလည်း ဇာတ်သဘင်ကပြဖျော်ဖြေမှုတွေ ပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ကိုးသောင်းပုထိုးတော်ကြီးဟာ မြောက်ဦးမြို့ နန်းတော်ရာကုန်းရဲ့ အရှေ့ဘက် တစ်မိုင်ခန့်အကွာမှာတည်ရှိပြီး အရင်က ပွဲတော်ကျင်းပဖူးခဲ့ခြင်းမရှိသေးတဲ့ သမိုင်းဝင်ရှေးဟောင်း ပုထိုးတော်တစ်ဆူလည်းဖြစ်ပါတယ်။

ကိုးသောင်းပုထိုးတော်ကို ဒုတိယမြောက်ဦးခေတ်မှာ ဘုရင် မင်းတိက္ခာ (မင်းဒီဃာ)က သက္ကရာဇ် ၉၁၇ ခုနှစ်မှာ တည်ထားကိုးကွယ်ခဲ့ပြီး သဘာဝဒဏ်၊ စစ်ဒဏ်တွေအပြင် ဖျက်ဆီးခံရမှုတွေကြောင့် ပြိုကျပျက်စီးခဲ့ရပြီး ချုံနွယ်တွေဖုံးလွှမ်းတဲ့အခြေအနေမှာရှိခဲ့ပါတယ်။

၁၉၉၇ ခုနှစ်မှာ အဲဒီပုထိုးတော်ကြီးကို မြောက်ဦးရှေးဟောင်းသုတေသနဌာနကနေ ပြန်လည်တူးဖော်ထားတာ ဖြစ်ပါတယ်။ အခုနှစ်မှာတော့ ကိုးသောင်းပုထိုးတော်ကို ပွဲတော်သီးသန့်ကျင်းပြုလုပ်ဖို့ရှိနေပြီး ဘုရားဂေါပကအဖွဲ့ကနေ ဦးစီးပြီးတော့ ကျင်းပြုလုပ်သွားမှာဖြစ်တယ်လို့ ဂေါပကဥက္ကဌ ဦးမောင်ညွန့်က ပြောပါတယ်။ မြောက်ဦးမြို့မှာ ရှိတဲ့ရှေးဟောင်းဘုရားအများအပြားကတော့ အစဉ်အလာမပျက် ပွဲတော်ကာလတွေရှိခဲ့ကြ ပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ဒေသအခြေအနေမတည်ငြိမ်တာကြောင့် ဘုရားပွဲတွေ ကျင်းပနိုင်ခဲ့ခြင်းမရှိတော့တာဖြစ်ပါတယ်။

ရခိုင်မှာ အထင်ကရဘုရားတွေထဲက ကျောက်တော်မြို့ နယ်အတွင်းမှာရှိတဲ့ ပထမဓညဝတီ ရှေးဟောင်းနယ်မြေအတွင်းမှာတည်ရှိတဲ့ မဟာမုနိဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကိုလည်းသုံးနှစ်ခန့်ရပ်နားထားခဲ့ရပြီး အခုလ မတ် ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ ငါးရက်ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။