ဖေဖော်ဝါရီ ၉ ရက် ထိပ်တန်းသတင်းများ - စစ်အာဏာသိမ်း သုံးနှစ်အတွင်း အစုလိုက်အပြုံလိုက် အသတ်ခံရမှုပေါင်း ၈၃ ခုရှိတယ်လို့ NLD ထုတ်ပြန်

လူဦးရေ လေးထောင်ကျော် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

အာဏာသိမ်းထားတဲ့ သုံးနှစ်တာ ကာလအတွင်း စစ်ကောင်စီ နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူပေါင်း ၄၀၉၅ ယောက်ရှိပြီး ငါးယောက်နဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၈၃ ကြိမ်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဖေဖော်ဝါရီ ၈ ရက်က ထုတ်ပြန်ပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေထဲမှာ အသက်မပြည့်သေးသူ ၇၂ ယောက်နဲ့ ပြည်သူ ၉၉၁ ယောက် ပါဝင်တယ်လို့ NLD က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အိုးအိမ်တွေမီးရှို့ခံရမှုပေါင်း ၁၄၈၉ ကြိမ်ရှိပြီး အိမ်ခြေပေါင်း ၆ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့သလို စစ်ကြောင်းထိုးဝင်ရောက်တာ၊ လေကြောင်းကနေ ပစ်ခတ်တာ၊ ဖမ်းဆီးနှိပ်စက်တာတွေကြောင့် လူဦးရေ လေးထောင်ကျော် သေဆုံးတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

NLD က ပြုစုထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတွေအရ လွှတ်တော်ကိုယ်စားလှယ် ၇၁ ယောက်အပါအဝင် NLD ပါတီဝင် စုစုပေါင်း ၁၂၉၀ ရှိပြီး ဖမ်းဆီးခံရချိန်မှာ သေဆုံးသူ ၁၀၁ ယောက်ရှိတယ်လို့ NLD က ထုတ်ပြန်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့၊ စစ်ကောင်စီကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ အရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကပါ ကူညီပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီကလည်း အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြောင့် ၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ခြောက်လတာ ကာလအတွင်း သေဆုံးသူ ၅၂၀ ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

သုံးနှစ်တာ ကာလအတွင်းမှာဆိုရင် သေဆုံးသူ လူဦးရေ ၆၈၈၀ ရှိတယ်လို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကနေ ထုတ်ပြန်ထားပါတယ်။

တရားမဝင်နိုင်ငံခြားသားတွေပြန်အပ်တာ ငါးသောင်း ကျော်အထိရှိလာ

တရုတ်နိုင်ငံသားကအများဆုံးဖြစ်

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံသားကအများဆုံးဖြစ်ပြီး ၄၈၈၀၃ ဦးအထိ ရှိနေတာပါ

နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လွှဲပေးတာ ငါးသောင်းကျော်လာပြီလို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းကနေ ဖေဖော်ဝါရီ ၈ အထိ ပြုစုထားတဲ့စာရင်းအရ တရုတ်နိုင်ငံသားကအများဆုံးဖြစ်ပြီး ၄၈၈၀၃ ဦးအထိ ရှိနေတာပါ။

တရုတ်ပြီးရင် ဗီယက်နမ် က အများဆုံးဖြစ်ပြီး ၁၀၇၁ ဦး အထိရှိနေပါတယ်။

ထိုင်းနိုင်ငံသားက ၅၃၇ ဦး၊ မလေးရှားနိုင်ငံသား ၁၃၃ ဦး၊ ကိုရီးယားနိုင်ငံသား ၂၀ ဦးနဲ့ လာအိုနိုင်ငံသား ၁၈ ဦးတို့ကိုလည်း လွှဲလိုက်ပြီလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံထဲရောက်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နဲ့ဆက်စပ်နေတဲ့ တရားမဝင်နိုင်ငံခြားသားတွေကို တရုတ်နိုင်ငံရဲ့ ဖိအားပေးတောင်းဆိုမှု နဲ့အတူ စစ်ကောင်စီ နဲ့ တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကပါ ပြန်လွှဲပေးနေကြတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် လွိုင်ကော်ထောင်က အကျဉ်းသားတွေ ပိတ်လှောင်ခံခဲ့ရတယ်လို့ ပြန်လွတ်လာသူတွေပြော

လွိုက်ကော်၊ အကျဉ်းထောင်၊ ကျန်းမာရေးချို့တဲ့၊ ပိတ်လှောင်

ဓာတ်ပုံ ရင်းမြစ်, KPPA

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းသားတွေဟာ ဆန်ကြမ်းနဲ့ငါးပိကို နေ့စဉ်ရက်ဆက်ကျွေးနေတာ၊ အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာတွေအပြင် အခန်းထဲ ပိတ်လှောင်ထားတာတွေကြောင့် ကျန်းမာရေးထိခိုက်တာတွေ ရှိနေတယ်လို့ ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး KPPA က မနေ့ကရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

ဆန်ကြမ်းနဲ့ ငါးပိကျွေးနေတာ သုံးလနီးပါးရှိနေတာနဲ့ ပိတ်လှောင်ခံထားရတာတွေကြောင့် ကိုယ်လက်အင်္ဂါချိနဲ့တာတွေ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

“လွိုင်ကော်မြို့တွင်း တိုက်ပွဲတွေဖြစ်ကတည်းက လုံခြုံရေးအကြောင်းပြချက်နဲ့ အခန်းထဲ ပိတ်လှောင်ထားတာပါ”လို့ KPPA ရဲ့ တာဝန်ရှိသူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

လက်ရှိလွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းသား စုစုပေါင်း ၄၅၀ ကျော်ရှိနေပြီး နိုင်ငံရေးအကျဉ်းသား ၁၃၀ ကျော်ရှိတယ်လို့ ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး KPPA က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် KPPA ထုတ်ပြန်ချက်အရ လွတ်ရက်စေ့နိုင်ငံရေးအကျဉ်းသားနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရထားတဲ့ အကျဉ်းသား စုစုပေါင်း အယောက် ၂၀ ဟာ ဆက်ပြီးထိန်းသိမ်းခံနေရတယ်လို့ ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၅ ရက်မှာ ပြန်လွတ်လာတယ်လို့လည်း သိရပါတယ်။

ပြန်လွတ်လာတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၂ ယောက်အပါအဝင် အကျဉ်းသား ၆၅ ယောက်ပါတယ်လို့ KPPA ကနေ သိရပါတယ်။

“ပြန်လွတ်လာတဲ့ နိုင်ကျဉ်းတွေက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅၊ မတရားအသင်းဆက်သွယ်မှု ၁၇(၁)။ လက်နက်မှု ၁၉(စ) စတဲ့အမှုတွေပါတယ်။ လွတ်ရက်စေ့ပေမဲ့ မလွတ်ဘဲ ပိုနေလိုက်ရတာတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ တစ်လကနေ နှစ်လလောက်အထိ ပိုနေလိုက်ရတာတွေရှိတယ် ”လို့ KPPA တာဝန်ရှိသူက ဆက်ပြောပါတယ်။

လွိုင်ကော်အကျဉ်းထောင်မှာ လက်ရှိဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေကို လုံလောက်တဲ့အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးဖို့ကိုလည်း KPPA က တောင်းဆိုထားပါတယ်။

ဇရပ်ကြီးမှာ တိုက်ပွဲပြင်းထန်နေ

တိုက်ပွဲပြင်းထန်နေတဲ့ဇရပ်ကြီးမြို့

ဓာတ်ပုံ ရင်းမြစ်, KCN

ဓာတ်ပုံ ပုံစာ, တိုက်ပွဲပြင်းထန်နေတဲ့ဇရပ်ကြီးမြို့

သေဆုံးသူ ၈ ယောက်ရှိပြီး ပိတ်မိနေသူတွေရာချီရှိနေ

တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲပြင်းထန်နေတဲ့ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အတွင်း ပိတ်မိနေတဲ့ ပြည်သူ သုံးရာလောက်ရှိနေပြီး ထိခိုက်သေဆုံးတာတွေလည်း ရှိတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေဆီကနေ သိရပါတယ်။

ဇရပ်ကြီးမြို့မှာ ဖေဖော်ဝါရီ ၇ ရက်ကစလို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေသုံးလို့ ကလေးအပါအဝင် အရပ်သား ၈ ယောက် သေဆုံးပြီး အလောင်းတွေကို ဒီနေ့ မနက်ပိုင်းအထိ ကောက်ယူလို့မရသေးဘူးလို့လည်း ပြောပါတယ်။

“ကျနော်တို့ ကူညီကယ်ဆယ်ရေးကားတွေကို မြင်တာနဲ့ လက်နက်ကြီးတွေနဲ့ပစ်တယ်။ ကျနော်တို့ ဇရပ်ကြီးနားတောင်မရောက်သေးဘူး၊ ရှေ့တိုးလို့မရဘူးဖြစ်နေတယ်။ မြို့ထဲက ပိတ်မိနေတဲ့ပြည်သူတွေက အိမ်တွေ၊ ရွာတွေ၊ ကတုတ်ကျင်းတွေထဲမှာ ပိတ်မိနေတယ်ပြောတယ်၊ ကျနော်တို့လည်း ကယ်ထုတ်ဖို့ ကြိုးစားနေပါတယ်”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဇရပ်ကြီးမြို့ထဲမှာ လေကြောင်းပစ်ခတ်တာ၊ လက်နက်ကြီးနဲ့ပစ်တာတွေကြောင့် ပြည်သူတွေရဲ့ နေအိမ်တချို့လည်း မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

ဇရပ်ကြီးအပါအဝင် ပတ်ဝန်းကျင်ကျေးရွာတွေမှာ လူဦးရေ ကိုးသောင်းဝန်းကျင်လောက်နေထိုင်ပြီး လူဦးရေ နှစ်သောင်းကနေ သုံးသောင်းကြားရှိတဲ့ စစ်ဘေးရှောင်တွေဟာ တောင်ငူမြို့နယ်ထဲက ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေနဲ့ ယာယီစစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ တောင်ငူမြို့ခံတစ်ယောက်က ပြောပါတယ်။

“ကိုယ့်အိမ်ကိုယ်ရာမဟုတ်တော့ ကသီကြတာပေါ့၊ အိမ်တွေငှားနေတာ၊ အိမ်တွေမှာ ယာယီတည်းခိုနေတာတွေလည်း မနည်းဘူး။ ကနေ့အထိ တဖွဲဖွဲပဲ” လို့ သူကပြောပါတယ်။

တောင်ငူဒေသခံတချို့ကလည်း စစ်ဘေးရှောင်တွေအတွက် အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကူညီပေးနေကြတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ စစ်ကူစစ်ကြောင်းတွေ ဇရပ်ကြီးမြို့ကို အချိန်မီမရောက်အောင် ကျွဲပွဲ - ဇရပ်ကြီး ကားလမ်းပေါ်က မြို့ဆိုးတံတား လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက အင်အားသုံးပစ်ခတ်တိုက်ခိုက် မိုင်းထောင်ဖောက်ခွဲ ခဲ့ပြီးမှ ဇရပ်ကြီးမြို့အတွင်းက နယ်မြေခံတပ်ရင်းကို ဝင်တိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

KNLA နဲ့ PDF တွေဟာ ဇရပ်ကြီးဖြစ်စဉ်မှာ ပရဟိတကားတွေကို သုံးပြီး လက်နက်၊ ခဲယမ်း သယ်ဆောင်တာတွေ ထိခိုက်ဒဏ်ရာရရှိသူတွေကို သယ်ယူပို့ဆောင်တာတွေ လုပ်နေတယ်လို့ ထုတ်ပြန်ပါတယ်။

စစ်တပ်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။