ဒီဇင်ဘာ ၁ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - ဝရမ်းထုတ်ခံရမယ့် တရားခံကို နိုင်ငံတကာက ဖမ်းဆီးနိုင်ရေး ကြိုးပမ်းမယ်လို့ NUG နဲ့ K2C ပြော

NUG အပါအဝင် K2C ခေါင်းဆောင်တချို့ ပြီးခဲ့တဲ့ မေလတုန်းက ဂျပန်ခရီးစဉ်အတွင်း သတင်းစာရှင်းလင်းပွဲကျင်းပခဲ့တုန်းက မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, NUG အပါအဝင် K2C ခေါင်းဆောင်တချို့ ပြီးခဲ့တဲ့ မေလတုန်းက ဂျပန်ခရီးစဉ်အတွင်း သတင်းစာရှင်းလင်းပွဲကျင်းပခဲ့တုန်းက မြင်ကွင်း
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံရမယ့် တရားခံကို နိုင်ငံတကာဥပဒေတွေနဲ့အညီ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)၊ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တို့ကနေ တဆင့် နိုင်ငံတကာတရားစီရင်ရေး ယန္တရားတွေကနေ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ ကြိုးပမ်းမယ်လို့ အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) နဲ့ K2C တို့ ပူးတွဲ ထုတ်ပြန်လာပါတယ်။

NUG နဲ့ K3C အဖွဲ့ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်‌ရေးပါတီ(KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF)စတဲ့ ၃ ဖွဲ့နဲ့ မနေ့ နိုဝင်ဘာ ၃၀ ရက်မှာ ပူးတွဲထုတ်ပြန်ခဲ့တာပါ။

နိုဝင်ဘာ ၂၇ ရက်နေ့က ICC ရဲ့ ရှေ့နေချုပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရာဇဝတ်ခုံရုံးကို လျှောက်ထားလိုက်တာကိုလည်း ကြိုဆိုတယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြပါတယ်။

စစ်ခေါင်းဆောင်နဲ့ပတ်သက်ဆက်စပ်သူ အားလုံး ပျက်စီးဆုံးရှုံးမှုတွေကို မလွဲမသွေရင်ဆိုင်ကြုံတွေ့ရမယ်လို့ လည်း အဲဒီထုတ်ပြန်ချက်ကဆိုပါတယ်။

ဒါ့အပြင် စစ်တပ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ပြည်သူလူထုက လိုလားပြီး ပြည်သူကို အကာအကွယ်ပေးတဲ့ အကျိုးပြုတပ်မတော်အဖြစ် ဖက်ဒရယ် ဒီမိုကရေစီအခြေခံမူတွေနဲ့ လုံခြုံရေးကဏ္ဍအသစ်ကို ဆောင်ရွက်ကြဖို့ကိုလည်း ထုတ်ပြန်ချက်ကတဆင့် ဖိတ်ခေါ်ထားပါတယ်။

အလားတူ အိမ်နီးချင်း အာဆီယံအပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာကလည်း စစ်ခေါင်းဆောင်ဦးဆောင်တဲ့ မြန်မာစစ်တပ်နဲ့ ပုံစံမျိုးစုံနဲ့ အကြမ်းဖက်မှုတွေကြောင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်ကျူးလွန်စေဖို့ ဖိအားပေးတဲ့အခြေအနေမရောက်အောင် သတိမူဖို့လိုတယ်လို့ ထုတ်ပြန်ချက်ထဲမှာ သတိပေးထားပါတယ်။

စစ်ကောင်စီကတော့ ICC မှာ ဝရမ်းထုတ်ဖို့လျှောက်ထားတာနဲ့ပတ်သက်ပြီး မြန်မာဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ အသိအမှတ်ပြုခဲ့တာမရှိဘူးလို့ပြောပါတယ်။

ဒါ့အပြင် ‌ဒေသတွင်းအပြင် နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါမှာလည်း လွတ်လပ်ပြီး ဘက်မလိုက်တဲ့ မူဝါဒကိုကျင့်သုံးပြီး ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရေးမူကို ကျင့်သုံးတယ်လို့ စစ်ကောင်စီက တုံ့ပြန်ပြောဆိုထားပါတယ်။

မြန်မာ-တရုတ်နယ်စပ် ဆင်ဖြူဂိတ်မှာ ကုန်တင်တဲ့ဆိုင်ကယ်နဲ့ကားအစီးရေတွေကို စစ်ကောင်စီကန့်သတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ တရုတ်-မြန်မာနယ်စပ်က  ဆင်ဖြူဂိတ်ပေါက် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ တရုတ်-မြန်မာနယ်စပ်က ဆင်ဖြူဂိတ်ပေါက် (ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ကနေ တရုတ်ဘက်ခြမ်းထဲ ကုန်အ‌ရောင်းအဝယ်လုပ်ဖို့ ဝင်ရောက်မယ့်သူတွေကို နိုဝင်ဘာ လကုန်ကစလို့ ဆိုင်ကယ်အစီးရေ ၂၀၀ နဲ့ ကားအစီးရေ ၅၀ သာ ဝင်ရောက်ဖို့ ကန့်သတ်ခွင့်ပြုပေးထားတယ်လို့ ကုန်သည်တွေက ဘီဘီစီကိုပြောပါတယ်။

ဆိုင်ကယ် ဒါမှမဟုတ် ကားနဲ့ ကုန်အရောင်းအဝယ်လုပ်မယ့်သူတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်မှာ မူဆယ်ကုန်သည်ကြီးများရုံးမှာ လိုင်စင်နဲ့ လိုအပ်တဲ့ အထောက်အထားတွေပြပြီး ယာယီဝင်၊ ထွက်ခွင့်ကတ်ပြားကို လျှောက်ထားခဲ့ရတယ်လို့ ကုန်သည်တစ်ဦးကပြောပါတယ်။

အဲဒီလို လျှောက်တဲ့ လူထောင်နဲ့ချီထဲကမှ ဆိုင်ကယ်အစီးရေ ၂၀၀ နဲ့ ကုန်တင်ကား အစီးရေ ၅၀ အတွက် ယာယီဝင်၊ ထွက်ခွင့်ကတ်ပြားတွေ မဲနှိုက်ရွေးချယ်ပေးခဲ့တာလို့ သူကပြောပြပါတယ်။

တရုတ်နိုင်ငံထဲဝင်ရောက်မယ့်ယာဥ်တိုင်း ဒီယာယီကတ်ကို တစ်ပါတည်းယူဆောင်သွားရမယ်လို့ ယာယီဝင်၊ ထွက်ခွင့်ကတ်ပြားရဲ့ ကျောဘက် စည်းကမ်းချက်ထဲမှာ ရေးသားဖော်ပြထားပါတယ်။

ဆိုင်ကယ်နဲ့ ကား စတဲ့ ကုန်တင်ယာဥ်တွေကိုလည်း ခွင့်မပြုတဲ့ပစ္စည်းတွေတင်ဆောင်ရင် တည်ဆဲဥပဒေနဲ့ အရေးယူခံရမှာဖြစ်ပြီး ယာဥ်ဝင်ခွင့်ကိုလည်း ပိတ်သိမ်းမယ်လို့ စည်းကမ်းချက်ကဆိုပါတယ်။

ကုန်သည်တွေကတော့ မီးဖိုချောင်သုံးအသီးအနှံ နဲ့ အသား၊ ငါးတွေသာ တင်ဆောင်လို့ရပြီး အေးခဲအသားတွေနဲ့ တခြားလူသုံးကုန်ပစ္စည်းတွေကိုတော့ တားမြစ်ထားတယ်လို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း တရုတ်ဘက်က နယ်စပ်ဂိတ်တွေအားလုံးကို အောက်တိုဘာလကုန်ပိုင်းကစပြီး ပိတ်ထားခဲ့တာကြောင့် မူဆယ်မြို့ရဲ့ အခြေခံစားသောက်ကုန်တွေရဲ့ ဈေးနှုန်းကလည်း မြင့်တက်နေတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။

“စားဆီ တစ်ပိဿာကို ၄ သောင်းဝန်းကျင်၊ ဆန်ကတော့ တစ်ပြည်ကို အနိမ့်ဆုံး ၇,၅၀၀ လောက်ကစတယ်” လို့ မြို့ခံတစ်ဦးက ပြောပြခဲ့ပါတယ်။

ထိုင်းငါးဖမ်းစက်လှေလုပ်သားတွေ ဖမ်းဆီးခံရမှု မြန်မာရေတပ်နဲ့ ဆွေးနွေးနေတယ်လို့ ထိုင်းပြော

ထိုင်းနိုင်ငံသား ၄ ဦးအပါအဝင် အဖမ်းခံရတဲ့ ၃၁ ဦးရဲ့ လက်ရှိအခြေအနေကို နှစ်နိုင်ငံစလုံးက မထုတ်ပြန်သေး

ဓာတ်ပုံ ရင်းမြစ်, Khaosod English

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံသား ၄ ဦးအပါအဝင် အဖမ်းခံရတဲ့ ၃၁ ဦးရဲ့ လက်ရှိအခြေအနေကို နှစ်နိုင်ငံစလုံးက မထုတ်ပြန်သေး

မြန်မာရေပိုင်နက်ထဲရောက်လာတဲ့ ထိုင်းငါးဖမ်းစက်လှေ လေးစီးကို မြန်မာရေတပ်က ပစ်ခတ်ခဲ့ပြီး စက်လှေ ၂ စီးကို စစ်ကောင်စီရေတပ်ဘက်က ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ ထိုင်းရေတပ်နဲ့ မြန်မာရေတပ်တို့ကြား ဖြစ်ရပ်မှန်ကို စိစစ်၊ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြောလာပါတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် ဇာဒက်ကြီးကျွန်းအောက်ဘက်၊ သံကျွန်းအနီး နိုဝင်ဘာ ၂၉ ရက် ညပိုင်းလောက်မှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး အဲဒီပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံသား ၁ ဦးသေဆုံးခဲ့ပါတယ်။

ပစ်ခတ်ခဲ့တဲ့ညမှာပဲ စက်လှေ ၂ စီးနဲ့အတူ အဲဒီလှေပေါ်က ထိုင်းနိုင်ငံသား ၄ ဦးအပါအဝင် မြန်မာနိုင်ငံသား ၃၁ ဦးကိုလည်း မြန်မာရေတပ်က ဖမ်းဆီးထားတယ်လို့ ထိုင်းရေကြောင်းအာဏာပိုင်တွေက ထိုင်းသတင်းတွေမှာ ဖြေဆိုထားပါတယ်။

အဖမ်းခံရတဲ့ ၃၁ ဦးကို မြန်မာရေတပ်ဘက်က နှစ်ရက်ကြာမှ ပြန်လွှတ်ပေးမယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပေမယ့် ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့အထိ ဖမ်းဆီးခံထားရသူတွေရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ နှစ်နိုင်ငံလုံးဖက်က ထုတ်ပြောလာတာ မရှိသေးပါဘူး။

တစ်ချိန်တည်းမှာပဲ ထိုင်းဝန်ကြီးချုပ်က နိုင်ငံခြားရေးဝန်ကြီး ကို ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးကတဆင့် မြန်မာစစ်တပ်နဲ့ အမြန်ဆုံးညှိနှိုင်းဆောင်ရွက်ဖို့ တာဝန်ပေးထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အခုဖြစ်ရပ်ဟာ နိုင်ငံတကာ ဒါမှမဟုတ် သက်ဆိုင်ရာဥပဒေတွေကို ချိုးဖောက်တာရှိ၊ မရှိစစ်ဆေးဖို့ သက်ဆိုင်ရာထိုင်းအစိုးရ အေဂျင်စီတွေကို ညွှန်ကြား ထားတယ်လို့လည်းဆိုပါတယ်။

စစ်ကောင်စီကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာတာ မရှိသေးပါဘူး။

ဟားခါးမြို့အနီး စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးဖမ်းမိ

ဟားခါးမြို့အနီးက စစ်တပ်စခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတစ်ဦး ပို့ပေးလာတဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ဟားခါးမြို့အနီးက စစ်တပ်စခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတစ်ဦး ပို့ပေးလာတဲ့ပုံ

စစ်တပ်စခန်း ၄ ခုကို ချင်းကာကွယ်‌ရေးပူးပေါင်းတပ်တွေသိမ်း

ချင်းပြည်နယ်၊ ဟားခါးမြို့အနီးက ရွာဗာဇုန် (Ruavazung) စစ်တပ်စခန်းကို ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ ချင်းကာကွယ်‌ရေးတပ်ဖွဲ့ (CDF) ပူးပေါင်းတပ်တွေက မနေ့ နိုဝင်ဘာ ၃၀ ရက်မှာ သိမ်းပိုက် လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦး ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ် တွေက ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း မြန်မာစစ်တပ်က အမှတ် ၂၂၂ ခြေမြန်တပ်ရင်းမှူး၊ ဗိုလ်ကြီးနဲ့ ရဲမှူး အပါအဝင် ၁၁ ဦးသေဆုံးခဲ့တယ်လို့ ချင်းကာကွယ်‌ရေးတပ်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပေမယ့် ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

အဲဒီတိုက်ပွဲမှာ စစ်လက်နက် ၄၀ ကျော်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေရရှိခဲ့တယ်လို့ ဘီဘီစီကို ပေးပို့လာတဲ့ ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။

နိုဝင်ဘာ ၃၀ ရက်မှာပဲ Ruavazung တပ်စခန်းအပါအဝင် ဟားခါး-ထန်တလန်ကြားက သီမြစ်လွင်ပြင်ဒေသတဝိုက်နဲ့ သီတာချောင်းအနီးတဝိုက်က မြန်မာစစ်တပ်တပ်စခန်း ၄ ခုကိုလည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ထပ်မံသိမ်းနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ဟားခါး-ထန်တလန်မြို့ကြားက မြန်မာစစ်တပ်စခန်းတွေကို ချင်းပြည်တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၂ ရက်ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အဲဒီစစ်ဆင်ရေးကို “Jericho”စစ်ဆင်ရေးလို့ အမည်ပေးထားတယ်လို့ တော်လှန်ရေးနီးစပ်သူတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၆ ရက်မှာတော့ မြန်မာစစ်တပ်အတွက် စစ်ရေးအရ အ‌ရေးပါတဲ့ စစ်တပ်စခန်းကုန်း ၃ ခုကို သိမ်းပိုက်ခဲ့တယ်လို့ သူတို့က ထည့်ပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်တပ်က တိုက်လေယာဉ်တွေနဲ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောထားပါတယ်။

စစ်ကောင်စီကတော့ ချင်းပြည်နယ်က စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ထိုင်းမှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ရက်အတိအကျ အတည်မပြုနိုင်သေး

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ

ဓာတ်ပုံ ရင်းမြစ်, ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန

ထိုင်းနိုင်ငံမှာ အခုလအတွင်း ပြုလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ကျင်းပမယ့်ရက်ကို အတည်ပြုဖို့ လိုနေသေးတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ထုတ်ပြောပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်မှာ ကျင်းပဖို့ လျာထားပေမဲ့ ဆွေးနွေးပွဲမှာ ပါဝင်မယ့် နိုင်ငံတွေက ရက်ကို အတည်ပြုဖို့ လိုနေသေးတယ်လို့ ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီးဌာန‌ ပြောခွင့်ရသူက နိုဝင်ဘာ ၂၈ ရက်မှာပြုလုပ်သွားတဲ့ အပတ်စဥ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဲဒီဆွေးနွေးပွဲကို ထိုင်းနိုင်ငံက လက်ခံကျင်းပတာဖြစ်ပေမဲ့ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံက ပါဝင်မယ့်နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေ၊ ဖိတ်ကြားတာတွေကို အဓိက လုပ်နေတာလို့ ဘီဘီစီက သိရှိထားရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ အခုဆွေးနွေးပွဲမှာ အရင်နှစ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့နိုင်ငံ၊ လက်ရှိအလှည့်ကျနိုင်ငံနဲ့ နောင်နှစ်အတွက် အလှည့်ကျမယ့် နိုင်ငံတို့အပြင် မြန်မာ့အရေးစိတ်ဝင်စားတဲ့အဖွဲ့ဝင် နိုင်ငံတွေကိုလည်း ပါဝင်ဖို့ ဖိတ်ခေါ် တယ်လို့ ပြောပါတယ်။

မြန်မာစစ်ခေါင်း‌ဆောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းပေးဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) တရားသူကြီးတွေကို ICC ရှေ့နေက လျှောက်ထားတဲ့ဖြစ်စဥ်လည်း ရှိနေတာကြောင့် ဒီအခြေအနေဟာ မြန်မာ့အရေးအဆွေးနွေးပွဲကို သက်ရောက်မလားဆိုတဲ့ မေးခွန်းကို မေးခဲ့ပေမဲ့ ‘’ထိုင်းနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမဟုတ်ပေမဲ့ ဒီအခြေအနေရဲ့ အကဲဆတ်မှုကိုတော့ အသိအမှတ်ပြုတယ်’’ လို့ ပြောထားတယ်ဆိုပြီး ဘန်ကောက်ပို့စ် သတင်းက ဖော်ပြပါတယ်။

ဒီအတောအတွင်းမှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ညံဖုန်ဟာ လာအိုနိုင်ငံခြား‌ရေးဝန်ကြီးအသစ်အဖြစ်ခန့်အပ်ခံရတဲ့ သုန်ဆဖန် ဖုန်ဘီယန်နဲ့ နိုဝင်ဘာ ၂၈ ရက်မှာ ဂုဏ် ပြုစကား ပြောဆိုရင်း မြန်မာ့အရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောခဲ့ပါတယ်။

လာမယ့် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံအနေနဲ့ မြန်မာ့အရေးအာဆီယံ ဆွေးနွေးပွဲကို ဥက္ကဋ္ဌအနေနဲ့ ကျင်းပနိုင်ဖို့ လာမယ့် ဒီဇင်ဘာ ၂၀ ရက်မှာ မစ္စတာ သုန်ဆဖန်ကို ဘန်ကောက်မြို့မှာ တွေ့နိုင်ဖို့ မျှော်လင့်ကြောင်း ပြောထားပါတယ်။

ကျောက်မဲမြို့ လေကြောင်းတိုက်ခိုက်ခံရလို့ သီလရှင်အပါအဝင် ၁၀ ဦးသေဆုံးထား

ကျောက်မဲမှာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မီးလောင်နေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA

ဓာတ်ပုံ ပုံစာ, ကျောက်မဲမှာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မီးလောင်နေတဲ့မြင်ကွင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်တပ်က မနေ့ နိုဝင်ဘာ ၃၀ ရက်တုန်းက စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သီလရှင်အပါအဝင် သေဆုံးသူ၁၀ ဦး အထိရှိလာပြီလို့ လူမှုကူညီရေးအဖွဲ့ဝင်တချို့က ပြောလာပါတယ်။

TNLA ဟာ စစ်ရေးတင်းမာမှုတွေကို တွေ့ဆုံဆွေးနွေးဖို့အသင့်ရှိတယ်လို့ ထုတ်ပြန်ပြီး ၅ ရက်အကြာမှာပဲ စစ်တပ်က တိုက်ခိုက်ခဲ့တာလို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ကြဲလိုက်တဲ့ဗုံးက “ထုံးဘိုရပ်ကွက်၊ အင်ကြင်းတောင်ပေါ်က သီလရှင်ကျောင်းထဲကိုကျခဲ့တာ” လို့ မြေပြင်အခြေအနေသိသူတစ်ဦးကပြောပါတယ်။

အဲဒီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းထိုင်သီလရှင်အပါအဝင် လူ ၁၀ ဦးသေဆုံးပြီး နောက်ထပ် လူ၂၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ်လို့ သူက ဆက်ပြောပါတယ်။

“ဆုံးသွားတာ သီလရှင်တွေလည်းပါတယ်။ သီလရှင်‌ကျောင်းဘေးနေအိမ်တွေက အရပ်သားတွေလည်းပါတယ်” လို့ သူကပြောပါတယ်။

ဗုံးကြဲခံရပြီးနောက် အပျက်အစီးပုံတွေကြားမှာ ပိတ်မိသေဆုံးနေသူတွေလည်း ရှိနိုင်တာကြောင့် သေဆုံးသူတွေထပ်ပြီးတိုးလာနိုင်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက ရှင်းပြပါတယ်။

“ရုပ်ပျက်ဆင်းပျက်တွေနဲ့သေနေတာ၊ အမျိုးသား၊ အမျိုးသမီး အရေအတွက်ကိုလည်း မသိရသေးဘူး”လို့ သူကပြောပြီး ကျန်ရှိနေတဲ့အလောင်းတွေကို ဆက်ပြီးရှာဖွေနေတယ်လို့ ဆိုပါတယ်။

တအာင်းတပ် (TNLA) ကတော့ စစ်တပ်က တိုက်လေယာဉ်နဲ့ ပြင်းအားပေါင် ၅၀၀ ရှိတဲ့ ဗုံးသုံးပြီး တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ဒဏ်ရာရသူတွေကိုတော့ ဆေးရုံကိုအရေးပေါ်ပို့ဆောင်ထားပြီး ဆေးဝါးကုသပေးနေသလို သေဆုံးရုပ်အလောင်းတွေကိုလည်း ရှာဖွေနေတယ်လို့ TNLA ကထုတ်ပြန်ပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၉ လုံးလည်း ပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

စစ်တပ်ကတော့ ကျောက်မဲမြို့ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။