မြန်မာပြည်မြောက်ပိုင်းနဲ့ ဂါဇာမှာ အပစ်ရပ်ဖို့ ကုလပန်ကြား- နို၀င်ဘာ ၁၀ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

myanmar

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကိုးကန့်တပ်တွေ သိမ်းထားတဲ့ ချင်းရွှေဟော်
ရေးသားခဲ့သည်။

လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေက မြန်မာစစ်တပ်ကို နှစ်ပတ်ကြာထိုးစစ်ဆင်နေတဲ့ မြန်မာပြည်မြောက်ပိုင်းမှာ အမြန် အပစ်ရပ်စဲဖို့ ကုလသမဂ္ဂက ပန်ကြားလိုက်ပါတယ်။

ရှမ်းပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ငါးသောင်းနီးပါးကို အကူအညီတွေ ပေးဖို့အတွက် စစ်ကို ရပ်ထားဖို့ အရေးကြီးတယ်ဆိုပြီး ကုလသမဂ္ဂက ပြောကြားပါတယ်။

နယ်စပ်တည်ငြိမ်ရေးအတွက် အဖွဲ့အားလုံး အပစ်ရပ်ကြဖို့လည်း တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ဝမ်ဝမ်ဘင်းက တောင်းဆိုထားပါတယ်။

မြန်မာပြည်မြောက်ပိုင်း ပဋိပက္ခတွေအတွက် အင်မတန်စိုးရိမ်ပါတယ်။ ဒါကြောင့် အမြန်အပစ်ရပ်ပြီး တရုတ် မြန်မာနယ်စပ် လုံခြုံတည်ငြိမ်ရေးကို ဖန်တီးပေးကြဖို့ အားလုံးကို တောင်းဆိုပါတယ် ဆိုပြီး ဝမ်ဝမ်ဘင်းက ပြောပါတယ်။

သောင်းကျန်းမှု အရှိန်တက်လာတဲ့အတွက် နိုင်ငံပြိုကွဲသွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ စစ်ကောင်စီရဲ့ ယာယီသမ္မတက ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

ဂါဇာမှာ အပစ်ရပ်ကြဖို့ ကုလ ပန်ကြား

gaza

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ကြောင့် မွမွကြေနေတဲ့ ဂါဇာ

ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ UNRWA အကြီးအကဲက အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုနောက်ပိုင်း သူ့ဝန်ထမ်း ၁၀၀ ကျော် သတ်ဖြတ်ခံရကြောင်း ပြောပါတယ်။

ပါလက်စတိုင်းရော အစ္စရေးတွေပါ ပူဆွေးနေကြတာမို့ ဂါဇာမှာ လူသားချင်းစာနာတဲ့အနေနဲ့ အပစ်ရပ်ကြဖို့လည်း ဖိလိ(ပ်) လာဇာရီနီက ထပ်လောင်းပြောကြားလိုက်ပါတယ်။

အစ္စရေးက လူတွေကို မြောက်ဘက်ကနေ တောင်ဘက်ကို ရွှေ့ဖို့ ပြောနေပေမယ့် ဂါဇာတောင်ပိုင်းမှာလည်း ဘယ်နေရာမှ မလုံခြုံတော့ဘူးလို့လည်း ကုလသမဂ္ဂ ကူညီရေး အဖွဲ့တွေက သတိပေးထားပါတယ်။

အဲဒီက သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကြားမှာ ကူးစက်ရောဂါတွေ ပျံ့နှံ့နေတဲ့အတွက် အထူးစိုးရိမ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

ကုလသမဂ္ဂ လူမှုကူညီရေးရုံးက ပြောခွင့်ရ ယန်းစ် လားကီကလည်း ကမ္ဘာပေါ်မှာ ငရဲဆိုတာသာ ရှိခဲ့ရင် အဲဒါ ဂါဇာမြောက်ပိုင်းပါပဲ ဆိုပြီး ပြောကြားခဲ့ပါတယ်။ အဲဒီမှာ ကျန်နေတဲ့ လူတွေဟာ သေခြင်း၊ ဆင်းရဲခြင်း၊ စိတ်ပျက်အားကုန်ခြင်း၊ အခြေပျက်ခြင်းဆိုတဲ့ အမှောင်တိုက်ထဲမှာသာ နေနေရတယ်လို့လည်း ဆိုပါတယ်။

တရုတ်ဘဏ် ဆိုင်ဘာတိုက်ခိုက်ခံရ

china

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံတကာဘဏ်ကြီးတွေရဲ့ လုံခြုံရေး စိုးရိမ်ရ

ကမ္ဘာ့အကြီးဆုံး ဘဏ်တခုဖြစ်တဲ့ တရုတ် စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်ရဲ့ အမေရိကန်ဘဏ်ခွဲကို ဆိုင်ဘာအွန်လိုင်းတိုက်ခိုက်မှုကြောင့် အမေရိကန် ငွေကြေးစျေးကွက်မှာ အရောင်းအဝယ်တွေ ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။

ကြာသပတေးနေ့က တိုက်ခိုက်မှုကြောင့်လည်း နိုင်ငံတကာဘဏ်ကြီးတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ ရှိလာပါတယ်။

ကွန်ပျူတာစနစ်တွေ နှောင့်နှေးအောင်လုပ်တဲ့ ဒီတိုက်ခိုက်မှုကို Lockbit ဆိုတဲ့ ဆိုင်ဘာလူဆိုးဂိုဏ်းလက်ချက်လို့ ယူဆ နေကြပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အဆုံးအရှုံး နည်းအောင် ကြိုးစားနေတယ်လို့လည်း ဘေဂျင်းမှာ ရုံးချုပ်ထားတဲ့ တရုတ်ဘဏ်ဘက်က ပြောကြားပါတယ်။

ဘလင်ကင် ဒေလီသွား

india

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကန်-အိန္ဒိယ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်ထော်နီ ဘလင်ကင် ဒေလီကို ရောက်နေပြီး အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျေရှန်ကာနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့ပါတယ်။

အိန္ဒိယနဲ့ အမေရိကန်ကြား ဒေသတွင်း လုံခြုံရေးနဲ့ တရုတ်ပြည်အရေး ကြောင့်ကြမှုတွေ ဆွေးနွေးကြဖို့ များပါတယ်။

နောက် ဂါဇာစစ်ပွဲမှာ အမေရိကန်ရဲ့ ရပ်တည်ချက်ကို အိန္ဒိယက ထောက်ခံပေးဖို့လည်း ဘလင်ကင် ကြိုးစားမယ်လို့ မျှော်လင့်ရပါတယ်။

အရင်လက ဟားမတ်စ်တိုက်ခိုက်မှုကို အစောဆုံး ရှုတ်ချပြီး အစ္စရေးနဲ့ သွေးစည်းညီညွတ်ကြောင်း ပြတဲ့ နိုင်ငံတွေထဲ အိန္ဒိယ ပါပါတယ်။

ဒါပေမဲ့လည်း ပါလက်စတိုင်း အရပ်သားတွေကြား အသေအပျောက်တိုးလာတဲ့အပေါ် စိုးရိမ်ပူပန်တယ်လို့ အိန္ဒိယအစိုးရက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်သပိတ်

bangladesh

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အခြေခံလစာကို သုံးဆ နီးပါး တိုးပေးဖို့ ဆန္ဒပြ

အခြေခံလစာကို သုံးဆ နီးပါး တိုးပေးဖို့ ဆန္ဒပြနေကြတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပယ်ချလိုက်ပါတယ်။

အလုပ်သမား ထောင်နဲ့ချီပြီး နှစ်ပတ်ကြာ ဆန္ဒပြနေကြပြီး တလ ၇၅ ဒေါ်လာ လက်ရှိလစာနဲ့ မနည်းရုန်းကန်နေရတယ်ဆိုပြီး အလုပ်သမား တွေက ပြောပါတယ်။

ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေရင် အလုပ်သမားတွေပဲ အလုပ်ပြုတ်ပြီး ရွာပြန်ရမယ်လို့ မစ္စဟာဆီနာက သတိပေးပါတယ်။

ဒီအပတ် အစောပိုင်းကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရကခန့်တဲ့ လုပ်ခလစာကော်မတီက အလုပ်သမားလစာကို တလကို ၁၁၃ ဒေါ်လာထိ တိုးမြှင့်ပေးခဲ့ပါတယ်။

တူရကီက တရားရေးအကျပ်အတည်း

turkey

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အခြေခံဥပဒေစာအုပ်တွေ ကိုင်ဆန္ဒပြနေတဲ့ တူရကီရှေ့နေတွေ

တူရကီရဲ့ အခြေခံဥပဒေခုံရုံးကို သမ္မတ ရီကျက်တေယစ် အာဒိုဝမ်က အပြစ်ရှာခဲ့ပါတယ်။

သူ့ထောက်ခံသူတွေနဲ့ စုထားတယ်လို့ ဆိုတဲ့ ထိပ်တန်းတရားရေးဘက်မှာ အကျပ်အတည်းဖြစ်နေချိန် သူ ဝင်ပါလိုက်တာလည်း ဖြစ်ပါတယ်။

အခြေခံဥပဒေခုံရုံးက အမှားတွေ အများကြီး လုပ်ထားတယ်ဆိုပြီး မစ္စတာ အာဒိုဝမ်က စွပ်စွဲခဲ့ပါတယ်။

တူရကီရဲ့ ထိပ်တန်း အယူခံ တရားရုံးကို သမ္မတက ထောက်ခံပုံရပြီး အခြေခံဥပဒေခုံရုံးကို မကြုံစဖူး စိန်ခေါ်တာလို့ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

ဖမ်းထားတဲ့ လွှတ်တော်အမတ်တယောက်ကို လွှတ်ပေးဖို့ ပိုပြီး အဆင့်မြင့်တဲ့ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့တာကို အယူခံရုံးက ရာဇဝတ်ကြောင်းအရ စွဲဆိုထားပါတယ်။

အငြင်းပွားမှုကို ဖြေရှင်းဖို့ အခြေခံဥပဒေ ပြင်ဖို့လိုတယ်ဆိုပြီး မစ္စတာ အာဒိုဝမ်က အကြံပြုပါတယ်။