အောက်တိုဘာ ၂၀ ရက် ထိပ်တန်းသတင်းများ - မြန်မာမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆိုးရွားစွာပျက်စီးနေပြီလို့ ဦးကျော်မိုးထွန်း ကုလမှာပြော

ရေးသားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် အင်တာနက်အသုံးပြုမှု တားဆီးကန့်သတ်ချက်တွေ ထုတ်ပြန်တာအပါအဝင် ပြည်သူတွေရဲ့ လွတ်လပ်စွာထုတ်‌ဖော်ပြောကြားခွင့်ဟာ နည်းမျိုးစုံနဲ့ ချိုးဖောက်ခံနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဒါဟာ မနေ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာပြုလုပ်တဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ ပထမကော်မတီရဲ့ ဘာသာရပ် ဆိုင်ရာ ဆွေးနွေးမှုအစီအစဉ်မှာ "သတင်းအချက်အလက်နှင့် ပြန်ကြားရေးဆိုင်ရာဘာသာရပ်" ဆွေးနွေးမှုအတွက် အခုလို ဦးကျော်မိုးထွန်းက ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ဆင်ဆာသတ်မှတ်တာ၊ သတင်းဌာနတွေပိတ်သိမ်းတာ၊ တင်းကြပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ပြီး သတင်းမီဒီယာမှတ်ပုံတင်တွေကို ရုတ်သိမ်းခဲ့တာကြောင့် သတင်းဌာန စုစုပေါင်း ၁၃ ခု ရုတ်သိမ်းခံထားရပြီး သတင်းသမား ၁၅၆ ဦး ဖမ်းဆီးခံခဲ့ရပြီး ကမ္ဘာမှာ အများဆုံးသတင်းသမားဖမ်းဆီးထောင်ချတဲ့ နိုင်ငံဖြစ်လာတယ်လို့ ထောက်ပြပါတယ်။

ဒါအပြင် ပြည်သူတွေရဲ့ အွန်လိုင်းနဲ့ တယ်လီဖုန်းသုံးစွဲမှုတွေကို စောင့်ကြည့်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ထားပြီး ဒီမိုကရေစီလှုပ်ရှားမှုထောက်ခံအားပေးသူ၊ စစ်တပ်ကို ဆန့်ကျင်တယ်လို့ သံသယရှိသူတွေကို ခြိမ်းခြောက်ဖိအားပေးတဲ့ဖြစ်စဉ်တွေ၊ လမ်းသွားလမ်းလာပြည်သူတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်ဆိုတာကိုပါ ထည့်ပြောခဲ့ပါတယ်။

"အဖျက်စွမ်းအားပြင်း လက်နက်များ" ခေါင်းစဉ်နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောရာမှာလည်း စစ်တပ်ဟာ လက်နက်ပစ္စည်းနဲ့ ဆက်စပ်နည်းပညာတွေရရှိဖို့ ကြိုးပမ်းနေတာကြောင့် စစ်တပ်ရဲ့ လှုပ်ရှားမှုခြေလှမ်းတွေကို သေချာစောင့်ကြည့်ဖို့၊ အပြစ်မဲ့ပြည်သူတွေ အသက်မဆုံးရှုံးစေဖို့ စစ်တပ်ကို လက်နက်တွေ မရောင်းချပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းထားပါတယ်။

ဝိုင်းမော်မှာ ဆယ်ဘီးကားမှောက်ပြီး အလုပ်သမား ၇ ဦးသေဆုံး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရှငေါ်ကျေးရွာအနီးမှာ မနေ့ နေ့လယ် ၁ နာရီဝန်းကျင်တုန်းက ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ အလုပ်သမားတွေ တင်ဆောင်လာတဲ့ ဆယ်ဘီးကား တိမ်းမှောက်ခဲ့တာကြောင့် အလုပ်သမား ၇ ဦး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်သူတွေက ပြောပါတယ်။

အလုပ်သမား ၆ ဦးရဲ့ ရုပ်အလောင်းကိုတော့ မနေ့ အောက်တိုဘာ ၁၉ ရက်နေ့ကတည်းက ဝိုင်းမော် ဆေးရုံကို ပို့ထားပြီဖြစ်ပြီး တစ်ဦးရဲ့ ရုပ်အလောင်းကတော့ ဆယ်ဘီးကားအောက်မှာ ပိတ်မိနေဆဲဖြစ်တာကြောင့် ‌ဒီကနေ့ နေ့လယ် ၁ နာရီဝန်းကျင်အထိ ကယ်ထုတ်ဖို့ကြိုးစားနေဆဲလို့ သိရပါတယ်။

‘’ကားက ဘိလပ်မြေအိတ်တွေရော ဆောက်လုပ်ရေးသုံးမယ့် သံချောင်းတွေရောတင်လာတော့ မ တင်လို့မရသေးဘူး။ တစ်လောင်းက အောက်မှာ ပိတ်မိနေတုန်းပဲ။ ပျောက်နေတဲ့ သူတွေလည်း သုံးလေးယောက်ရှိနေတယ်" လို့ မွန်မြတ်စေတနာလူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဆယ်ဘီးကားပေါ်မှာ ဟိုပင်၊ မြစ်ကြီးနား၊ ဝိုင်းမော်စတဲ့ မြို့နယ်အစုံက ‌အလုပ်သမားတွေနဲ့ သူတို့မိသားစုဝင်တွေ စုစုပေါင်း ၃၇‌ ယောက် လိုက်ပါလာခဲ့ပြီး ၂၅‌ ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒဏ်ရာရရှိသူတွေထဲ အသက်တစ်နှစ်ဝန်းကျင်အရွယ် ကလေးနှစ်ဦးပါဝင်ပြီး တစ်ဦးက ပေါင်ကျိုးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဝိုင်းမော် - ချီဖွေလမ်းပေါ် တောင်တက်လမ်းမှာဖြစ်ခဲ့တဲ့ ဒီယာဉ်တိမ်းမှောက်မှုဟာ လူထိခိုက်သေဆုံးမှု အများဆုံးဖြစ်ရပ်လို့ဆိုကြပြီး ယာဉ်မောင်းသူကိုတော့ ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေပြီလို့ သိရပါတယ်။

သာယာဝတီထောင် နိုင်ကျဉ်းတွေ မျက်စိနာရောဂါဖြစ်

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားအများစုမှာ မျက်စိနာရောဂါဖြစ်ပွားနေပြီး ဒီလိုကူးစက်ခံရသူတွေကို တိုက်တွေထဲ သီးသန့်ပြောင်းရွှေ့ထားကြောင်း ထောင်ဝင်စာပေးပို့နေသူတွေဆီက သိရပါတယ်။

"အဓိက က မျက်စိနာဖြစ်ကြတာ။ ထောင်ကတော့ ထုံးစံအတိုင်း အိမ်ကိုဆေးမှာပါလို့ပဲ ပြောမှာလေ။ ကျွန်တော်တို့လည်း ဆေးတွေသွင်းပေးဖို့ ကြိုးစားနေပါတယ်" လို့ အတွင်းသတင်းကို ကိုးကားပြီး ထောင်ဝင်စာပို့ကြမယ် အဖွဲ့ဝင် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ထောင်ဝင်စာပို့ကြမယ် အဖွဲ့ဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆောင်ရွက်ခဲ့ကြတာ‌ကြောင့် နိုင်ငံတဝန်းက အကျဉ်းထောင်တွေထဲ ဖမ်းဆီး‌ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး နိုင်ကျဉ်းအယောက် ရှစ်ထောင် ဝန်းကျင်အတွက် ကူညီပေးနေတယ်လို့ သိရပါတယ်။

ဘီဘီစီစုံစမ်းကြည့်ချက်အရတော့ လွန်ခဲ့တဲ့ နှစ်ပတ်ဝန်းကျင်ကလည်း အင်းစိန်အကျဉ်းထောင်ထဲမှာ မျက်စိနာရောဂါတွေဖြစ်တယ်လို့ သိရပြီး ဒီရက်ပိုင်းတော့သက်သာလာကြပြီလို့ ထောင်တွင်းအခြေအနေ သိရှိသူအချို့က ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားအများစုရှိကြတဲ့ ပဲခူးတိုင်းထဲက အခြားအကျဉ်းထောင်တွေမှာတော့ မျက်စိနာရောဂါနဲ့ပတ်သက်လို့ ဖြစ်ပွားမှုရှိ၊ မရှိမသိရသေးဘူးလို့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနဘက်ကတော့ မျက်မြှေးရောင်ရောဂါ၊ ‌မျက်စိနာရောဂါ ကာကွယ်ရေးနှိုးဆော်ချက်ကို ဒီကနေ့အောက်တိုဘာ ၂၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။

မျက်စိနီရဲ၊ ယားယံ၊ နာကျင်ရောင်ရမ်းတာအပြင် မျက်ဝတ်ထွက်တာ၊ မျက်ရည်ယိုတာ နဲ့ အလင်းရောင် မကြည့်နိုင်တဲ့ ရောဂါလက္ခဏာတွေရှိပြီး ကူးစက်လွယ်ရောဂါလို့ ဖော်ပြပါတယ်။

ကူးစက်လွယ်တာကြောင့် ရောဂါဖြစ်သူရဲ့ အသုံးအဆောင်တွေကို အခြားသူတွေက အတူသုံးစွဲတာမလုပ်ဖို့၊ ရောဂါဖြစ်သူရဲ့ အဝတ်အစားတွေကို သီးသန့်လျှော်ဖွပ်ဖို့အပါအဝင် ‌မျက်စိကို မကိုင်မိစေဖို့ အကာအကွယ်မျက်မှန်တပ်သင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အကျဉ်းထောင်တွေထဲမှာတော့ မျက်စိနာရောဂါ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာနဆီ မေးမြန်းနိုင်ဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

မုန်လိုင်ခက်တိုက်ခိုက်ခံရမှုကို အာဆီယံရှုတ်ချမှု စစ်ကောင်စီကန့်ကွက်

ကချင်အမျိုးသားလွတ်လပ်ရေးတပ်(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက်စစ်ရှောင်စခန်း ဗုံးကြဲ တိုက်ခိုက်မှုကို ရှုတ်ချကြောင်းပြောဆိုတဲ့ အာဆီယံ ထုတ်ပြန်ချက်ကို မြန်မာစစ်ကောင်စီ ဘက်က ကန့်ကွက် ပယ်ချတဲ့အကြောင်း ပြောဆိုလာပါတယ်။

အာဆီယံဘက်ကတော့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား ဆယ်ချီသေဆုံးခဲ့တဲ့ မုန်လိုင်ခက်စခန်းဗုံးကြဲခံရမှုကို ရှုတ်ချသလို အလွန်အမင်းစိုးရိမ်တယ်လို့‌ပြောပြီး အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုတဲ့အကြောင်း အောက်တိုဘာလ ၁၇ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ အာဆီယံဟာ ဒီကြေညာချက် မထုတ်ပြန်ခင် သဘောထားတောင်းဖို့ အဖွဲ့ဝင်နိုင်ငံတွေဆီ ကြေညာချက်မူကြမ်းပို့ချိန်တုန်းက KIA သင်တန်းကျောင်းအနီးက ခဲယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ဖြစ်တယ်လို့ မြန်မာက ထောက်ပြပြီး ကြေညာချက် မထုတ်ပြန်ဖို့ အကြောင်းကြားခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ဒါ့အပြင် အာဆီယံရဲ့ ထုတ်ပြန်ချက်ဟာ မုန်လိုင်ခက်က လက်နက်ခဲယမ်းသိုလှောင်ရုံပေါက်ကွဲမှုကို ကချင်ဒုက္ခသည်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်မှုအဖြစ် ဘက်လိုက်ရေးသားထားတဲ့ ပြည်တွင်းပြည်ပ မီဒီယာတွေကို ကိုးကားခဲ့တာလို့လည်း စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုပါတယ်။

ဒါကြောင့် အချက်အလက် ထင်ယောင်ထင်မှားဖြစ်နေစေတယ်လို့ဆိုပြီး ကန့်ကွက်တယ်လို့ စစ်ကောင်စီ ဘက်က ပြောသလို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဆီယံ ပဋိညာဥ်စာတမ်းပါ ပြဋ္ဌာန်းချက်တွေနဲ့အခြေခံမူတွေကို တိကျစွာ လေးစားလိုက်နာဖို့၊ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံက ဝင်ရောက်စွက်ဖတ်တာ မပြုလုပ်ဖို့ကိုလည်း သတိပေးတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ညပိုင်းတုန်းကဖြစ်ခဲ့တဲ့ မုန်လိုင်ခက်ဖြစ်စဥ်က သူတို့လက်ချက်မဟုတ်ဘဲ ကေအိုင်အေ ခဲယမ်းသိုလှောင်ရုံ ပေါက်ကွဲတာလို့ စစ်ကောင်စီဘက်က ပြောနေပေမဲ့ ကေအိုင်အေ ဘက်ကတော့ ငြင်းဆိုပါတယ်။

မုန်လိုင်ခက်ဟာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အဲဒီမတိုင်ခင်မှာ စစ်ကောင်စီဟာ လက်နက်ကြီး ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)က ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ သတင်းထုတ်ပြန်ထားပါတယ်၊

မြန်မာ-ရုရှား ဆက်ဆံရေး ထပ်တိုးမြှင့်တင်မယ်လို့ စစ်ခေါင်းဆောင်ပြော

ရုရှားမှာ မြန်မာကောင်စစ်ဝန်ရုံးတွေ ဖွင့်လှစ်နိုင်ရေး အပါအဝင် မြန်မာနဲ့ရုရှားကြား သံတမန်ဆက်ဆံရေးတိုးမြှင့်ဖို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလာပါတယ်။

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်ဒေသ အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်မှာ မနေ့က တွေ့ဆုံချိန် အခုလို ဆွေးနွေးခဲ့တာလို့ နိုင်ငံပိုင် မီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။

ကဏ္ဍစုံ ပူးပေါင်းရေးအပါအဝင် ရုရှား၊ စိန့်ပီတာစဘတ်ဒေသက မြို့တစ်မြို့နဲ့ မြန်မာက မြို့တစ်မြို့တို့အကြား ခရီသွားတိုးမြှင့်ဖို့နဲ့ယဥ်ကျေးမှုဖလှယ်ဖို့ရည်ရွယ်တဲ့ ညီအမမြို့တွေအဖြစ် ဆောင်ရွက်ဖို့လည်း ပြောခဲ့ကြပါတယ်။

ရုရှားပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မြန်မာနိုင်ငံကို ရောက်ရှိနေခဲ့ပြီး အောက်တိုဘာ ၁၈ ရက်နေ့တုန်းက မန္တလေးမှာရှိတဲ့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နဲ့ ပြင်ဦးလွင်က စစ်တက္ကသိုလ် တို့ကို သွားရောက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အရပ်ဖက်နိုင်ငံ့ဝန်ထမ်းတွေကို စွမ်းရည်မြှင့်သင်တန်းပေးဖို့၊ ရုရှားဘာသာစကားသင်ကြားပေးဖို့ တွေ ဆွေးနွေးကြသလို ဝန်ထမ်းတွေရဲ့ အခြေခံစစ်ရေးပြ၊ လက်နက်ငယ်လေ့ကျင်မှုနဲ့ ‌သေနတ်ပစ် လေ့ကျင်တာတွေကိုလည်း ရုရှားကိုယ်စားလှယ်က ကြည့်ရှုခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး မြန်မာက ကင်ဆာရောဂါဝေဒနာသည်တွေကို ကုသဖို့ ရုရှားဆေးတွေထောက်ပံ့ပေးဖို့၊ နေပြည်တော်မြို့တော်ဝန်နဲ့ တွေ့ဆုံချိန်မှာလည်း နေပြည်တော်နဲ့ စိန့်ပီတာစဘတ် ကြား မြို့အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့တွေပါ ပြောခဲ့ကြတာပါ။

မြန်မာနဲ့ ရုရှားဟာ သမိုင်းတလျောက် စစစ်ဘက်ဆက်ဆံရေးသာရှိခဲ့ရာကနေ အာဏာသိမ်းပြီးနောက်ပိုင်း အခုလိုကဏ္ဍအစုံမှာ ပူးပေါင်းမှုတွေ ပိုတိုးလာခဲ့တာကို နှစ်နိုင်ငံ ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။