NLD အလွန် စစ်ခေါင်းဆောင်ရဲ့ နိုင်ငံရေး ရည်မှန်းချက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာတစ်ကျော့ပြန် သိမ်းခဲ့တဲ့ စစ်တပ်ဟာ အခုဆိုရင် ရွေးကောက်ပွဲနိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီ ဖြစ်လို့ နိုင်ငံတကာရဲ့ ပြစ်တင် ရှုတ်ချသံတွေ ထွက်ပေါ်နေပါတယ်။
အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေကသာမက၊ မြန်မာစစ်တပ် အပေါ် ပြင်းထန်တဲ့ ဝေဖန်မှုတွေ လုပ်လေ့မရှိဘဲ၊ silent diplomacy လို့ခေါ်တဲ့ တိတ်တိတ်ဆိတ်ဆိတ် သံတမန်နည်းနဲ့ပဲ ချည်းကပ်လေ့ ရှိတဲ့ ဂျပန်ကတောင်မှ NLD ပါတီကို ဖယ်ထုတ်ဖို့ အခုလို ကြိုးစားတဲ့ အပေါ် အလေးအနက် စိုးရိမ်ကြောင်း ပြောပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရ အဖွဲ့ဝင်တွေကို ချက်ချင်း ပြန်လွှတ်ဖို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနက ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပတေးလ်ကလည်း “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းလိုက်တဲ့ မြန်မာစစ်တပ်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ အပြင်းအထန် ပြစ်တင် ရှုတ်ချပါတယ်။ ပါဝင်သင့် ပါဝင်ထိုက်သူတွေ အားလုံး ပါဝင်နိုင်ခွင့် မရှိတဲ့ ရွေးကောက်ပွဲ ဆိုတာကလည်း ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ မမှတ်ယူနိုင်ပါဘူး။ လက်ရှိ အခြေအနေမှာကို စစ်တပ် အုပ်ချုပ်ရေးအပေါ် တွန်းလှန် ဆန့်ကျင်မှု တွေဟာ ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေတာကို ကြည့်ရင်၊ စစ်တပ်က အခုလိုမျိူး တစ်ဖက်သတ် အနေအထားနဲ့ ရွေးကောက်ပွဲဆီ အတင်းအကျပ် တွန်းပို့ပြီ ဆိုရင်၊ မတည်ငြိမ်မှုတွေဟာ ပိုပြီး ဆိုးရွားလာနိုင်ဖွယ် ရှိပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။
ဒီတော့ ပါတီ ပယ်ဖျက်ကြောင်း ကြေညာချက်အလွန် NLD နဲ့ မြန်မာ့နိုင်ငံရေး အနာဂတ် ဘယ်လို ဖြစ်လာမလဲ ... အာဏာသိမ်း စစ်ခေါင်းဆောင် ဘာတွေ ရည်မှန်း လုပ်ဆောင်နေတာလဲ ...
စတာတွေအပေါ် စစ်တပ်ပြောတဲ့ ရွေးကောက်ပွဲ အပေါ် သုံးသပ်ချက်နဲ့ အတူ NLD ပါတီကို ဖျက်သိမ်းခြင်း အပေါ် အခုရက်ပိုင်းမှာပဲ အစီရင်ခံစာ ရေးသား ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး ICG အဖွဲ့က မြန်မာ့အရေး အကြီးတန်း အကြံပေး ရစ်ချက်ဟော်ဆီကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ်မေးမြန်းထားပါတယ်။
တကယ်ပဲ မြေပေါ်ပါတီ အဖြစ်ကနေ တစ်ခန်းရပ်သွားပြီလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ရစ်ချက်လည်း သိတဲ့ အတိုင်း အခုဆိုရင် နိုင်ငံရေးပါတီ ၄၀ ဖျက်သိမ်းတယ်လို့ ကြေညာတဲ့ အထဲ NLD၊ SNLD တို့ပါ ပါဝင်တယ်။ ဒါဟာ တကယ်ပဲ အနှစ် ၃၀ ကျော် အကြာမှာ NLD ပါတီ ရဲ့ end of an era လို့ ပြောရမယ့် တစ်ခန်းရပ်မှုကို တွေ့လာရတာမျိုးလားဗျ။
ရစ်ချက်ဟော်ဆီ။ ။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီကို ပယ်ဖျက်ကြောင်း အခုလို ကြေညာလာတာဟာ ထင်မှတ် မထားတဲ့ အံ့ဩဖွယ်ရာ လုပ်ဆောင်ချက်မျိုးတော့ မဟုတ်ပါဘူး။ သူတို့ကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေ ဆိုတာကို အသုံးချပြီး၊ ဥပဒေကြောင်းအရ ဆောင်ရွက်ချက် ပုံစံမျိုး ပုံဖော်ပါတယ်။
ဒါပေမဲ့လည်း၊ တရားဝင်မှု ရှိမရှိ ဆိုတဲ့ အခြေခံ အကျဆုံး ပြဿနာနဲ့ ရင်ဆိုင်နေရတာဟာ စစ်ကောင်စီ ကိုယ်တိုင် ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီတော့ အများသူငါရဲ့ အဓိက မေးခွန်းက တရားဥပဒေနဲ့ မညီညွတ်တဲ့၊ တရားဝင် အခွင့်အာဏာ မရှိတဲ့ သူတွေက ဥပဒေထုတ်တာတွေ၊ ပါတီ အဖွဲ့အစည်းတွေကို ဖျက်သိမ်းတာတွေ၊ တားမြစ်တာတွေ ဘယ်လို လုပ်ခွင့် ရှိမှာလဲ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က၊ သူတို့ရဲ့ ရွေးကောက်ပွဲ ကော်မရှင်ဘက်က အခုလို ကြေညာချက် ထွက်လာပြီ ဆိုတော့ NLD ဟာ မြေပေါ်ပါတီ မဟုတ်တော့ဘူးလို့ ဆိုချင်ရင် ဆိုနိုင်တာပေါ့။ ဒါပေမဲ့ ခင်ဗျား သိတဲ့ အတိုင်း စစ်တပ်က တကျော့ပြန် အာဏာသိမ်းကတည်းက လက်တွေ့ အခြေအနေနဲ့ ဖြစ်ရပ်တွေမှာ NLD ဟာ မြေအောက် ရောက်ခဲ့ပြီး ဖြစ်တယ်လို့လည်း ပြောနိုင်ပါတယ်။
ဒီတော့ ခင်ဗျားမေးတဲ့ NLD ရဲ့ တစ်ခန်းရပ်မှုကို အခု ကြုံလာရတာလား ဆိုရင်တော့၊ ဒီ ကြေညာချက်ကြောင့် NLD ပါတီဟာ ချက်ခြင်းပဲ သေဆုံးသွားပြီ၊ ကွယ်ပျောက် သွားတော့မယ် ဆိုတဲ့ အဖြစ်မျိုး ဆိုက်ရောက်လာတာ မဟုတ်ပါဘူး။ ပိုပြီး အရေးကြီးတာက .... ဒီ ကြေညာချက်ကြောင့် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီကို လိုလားတဲ့ စိတ်ဆန္ဒတွေ သေဆုံးသွားတာမျိုးလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။
ဒီမိုကရေစီကို အရယူမယ်လို့ ပိုင်းဖြတ်ထားကြတဲ့စိတ်ဆန္ဒတွေကို ပိုပြီးတော့တောင် ကျယ်ကျယ်လောင်လောင်နဲ့ ဖော်ထုတ်လာကြ ပါလိမ့်မယ်။ ကျန်ခဲ့တဲ့ ၂ နှစ်ကျော် လှုပ်ရှား ရုန်းကန်ခဲ့တာတွေ နည်းတူ ဆက်ပြီးတော့ ဒီမိုကရေစီအရေး မြန်မာပြည်သူတွေ မဆုတ်မနစ် ကြိုးစားလာမှာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ NLD ပါတီ တခုလုံးကို ခြုံငုံကြည့်မယ် ဆိုရင် သူတို့ ပါတီတွင်းမှာ တညီတညွတ်တည်း၊ လမ်းစဥ်တစ်ခုတည်း ဖြစ်လာနိုင်ဖို့ လုပ်ဆောင်နေတာမျိုး တွေ့ရလား ရစ်ချက်ရေ ... ။ မကြာသေးခင်ကပဲ ပါတီက ထုတ်ပယ်လိုက်တယ်လို့ ကြေညာခံရတဲ့ သူတွေထဲက တချို့နဲ့ ကျွန်တော်တို့ စကားပြောပါတယ်။ အဲ့ဒီမှာ ဘယ်အချက်ကို ထောက်ပြတာမျိုး ရှိလဲဆိုရင် ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အနှစ် ၃၀ ကျော် ရပ်တည်မှုကို ကြည့်ရင် မြေအောက် လှုပ်ရှားတာမျိုး၊ လက်နက်ကိုင် တော်လှန်ရေးမှာ ပါဝင်တာမျိုး မရှိပါဘူးတဲ့။ ဒီတော့ .... ကျွန်တော် ဆိုလိုတာက NLD ရဲ့ တချို့ အစိတ်အပိုင်းတွေက ဖြစ်စေ တရားဝင် မြေပေါ် ပါတီ အဖြစ် ရပ်တည်နိုင်ရေး လုပ်ဆောင်လာဖွယ် ရှိလားဗျ။
ရစ်ချက်ဟော်ဆီ။ ။ ဒီနေရာမှာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိမြင်သင့်တာက ... အခုလို ပါတီ ဖျက်တယ်တို့ ဘာတို့ ဆိုတာတွေဟာ NLD ပါတီရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ရွေးကောက်ပွဲ မဝင်တော့ဘူး ... မြေအောက်သွားကြမယ် ဆိုပြီး NLD ပါတီဘက်က ဆုံးဖြတ် လုပ်ဆောင်ချက် အဖြစ် မရှုမြင်သင့်ပါဘူး။
ဒါဟာ စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒီလို အခြေအနေ ရောက်အောင် ဖန်တီးကြဖို့ သူတို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အခု လက်ရှိ အခြေအနေတွေမှာ NLD ပါတီဟာ ဘယ်လိုမှ သူတို့ ကျင်းပမယ် ပြောတဲ့ ရွေးကောက်ပွဲ ဝင်မှာ မဟုတ်ဘူး၊ သူတို့ ရေးတဲ့ ဥပဒေအတိုင်း မှတ်ပုံပြန်လာတင်မှာ မဟုတ်ဘူး ဆိုတာကို စစ်ကောင်စီက တွက်ချက်ပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်။
ဒီ အခြေအနေမျိုး ဆိုက်လာအောင် ကြံရွယ်ချက်နဲ့ကို စစ်ကောင်စီက ဖန်တီးတာ ဖြစ်ပါတယ်။ အရင် နဝတ/နအဖ စစ်အစိုးရတွေနဲ့ နှိုင်းယှဥ် တောင် အခု စစ်ကောင်စီ မတူပဲ ကွဲပြား ခြားနားသွားစေပါတယ်။ နဝတ/နအဖ တွေ ခေတ်တုန်းကလည်း NLD ပါတီနဲ့ ပါတီဝင်တွေကို ပစ်မှတ်ထားပြီး ဖိနှိပ်ခဲ့တာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အချိန်အများစုမှာ နေအိမ် အကျယ်ချုပ် ချခဲ့တာပါပဲ။ ဒါပေမယ့် ဒီတစ်ကြိမ်လောက် အထိတော့ သူတို့ မသွားခဲ့ကြပါဘူး။ အခုကတော့ ပါတီကို ဖျက်သိမ်းပစ်တယ် ဆိုတာမျိုး အထိ သူတို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ခင်ဗျားပြောသလိုပဲ NLD ပါတီတွင်းမှာ မတူတဲ့ အတွေးအမြင်တွေနဲ့ ကွဲပြားမှုတွေ ရှိနေနိုင်ပါတယ်။ မြေအောက်ရောက်တဲ့သူကရောက်၊ လက်နက်ကိုင် တွန်းလှန်မှုထဲ ပါတဲ့သူကပါ၊ အခြေအနေအရ ကိုယ့်ရဲ့ ရပ်တည်မှုကို ထင်ထင်ရှားရှား မပြပဲ အသာပဲ ကိုယ်ရှိန်သတ်ပြီး နေသူကနေရနဲ့ အမျိုးမျိုးပဲ ကွဲပြားနိုင်ပါတယ်။
ဒါပေမဲ့ အခုအခြေအနေကို ၂၀၁၀ ကာလတုန်းကနဲ့ ထပ်တူပြုပြီး ပြောလို့ မရနိုင်ပါဘူး။ ၂၀၁၀ တုန်းက ရွေးကောက်ပွဲကို ဝင်သင့် မဝင်သင့် ဆိုတာနဲ့ ပတ်သက်ပြီး ပါတီရဲ့ main stream လို့ ပြောရမယ့် ဗဟိုပင်မ အချက်အခြာ နေရာမှာကို နိုင်ငံရေးဆိုင်ရာ သဘောထား အမြင်နဲ့ ရပ်တည်မှုတွေ ကွဲပြား ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီကနေ ပါတီတွင်း အကွဲအပြဲ ပေါ်ပေါက်ခဲ့ပါတယ်။ ပါတီ ထိပ်ပိုင်း အကျဆုံး သူတွေထဲကတချို့ NDF ဆိုပြီး ခွဲထွက်သွားခဲ့ပါတယ်။
အခုတစ်ကြိမ်ကတော့ အဲဒီ အခြေအနေမျိုးနဲ့ လုံးလုံး မတူပါဘူး။ ဘယ် NLD အဖွဲ့ဝင်ကမှ လက်ရှိ အခြေအနေကို အလိုက်သင့် လက်ခံလိုက်ဖို့ မပြောကြပါဘူး။ သူတို့ မတူဘူးဆိုတာ ပါတီ အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးကို အားပေးသင့် မပေးသင့် ဆိုတဲ့ အပိုင်းမှာပဲ ဖြစ်ပါတယ်။
လက်နက်ကိုင် တော်လှန်ရေးကို ထောက်ခံကြောင်း ပေါ်ပေါ်ထင်ထင် ပြရင် စစ်တပ်က ပါတီကို ဖျက်ဖို့ လွယ်လွယ်ကူကူ အကြောင်းပြချက် ရသွားပြီး၊ စစ်တပ် အကြိုက် ဖြစ်သွားလိမ့်မယ် ဆိုတဲ့ အမြင်မျိုးသာ ကွဲပြားမှု အနေနဲ့ ကျွန်တော်တွေ့ရပါတယ်။ ဒါဟာ tactical question လို့ ခေါ်နိုင်တဲ့ ပါတီရပ်တည်ရေး ဘယ်နည်းနာကို သုံးသင့်လဲ ဆိုတာမျိုး ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ဝင်သင့် မဝင်သင့် ဆိုတဲ့ အပေါ် ကွဲပြားကြတာ မဟုတ်ပါဘူး။
စစ်တပ်ရဲ့ အတင်းမာဆုံး ရပ်တည်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ NLD ကို ဖျက်တဲ့ အထိ စစ်တပ်က လုပ်လာမယ်လို့ ရစ်ချက်တို့ အနေနဲ့ ကြိုတင် တွက်ဆ ထားခဲ့လား။ အနှစ် ၃၀ ကျော် ကာလ အတွင်း၊ စစ်အစိုးရ အဆက်ဆက်မှာ ဒီတစ်ကြိမ်ဟာ အတင်းမာဆုံးသော ရပ်တည်မှု ဖြစ်တယ်လို့ ပြောနေသူတွေလည်း ရှိပါတယ်။ စစ်တပ်က အခုလောက်ထိ ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးလို့ ရစ်ချက် ခုန ပြောတဲ့ အထဲမှာလည်း ပါပါတယ်။ ဘာ့ကြောင့် ဒီတစ်ကြိမ်မှာ စစ်တပ်ဟာ အခုလောက်ထိ လုပ်လာတာ ဖြစ်နိုင်လဲဗျ။
ရစ်ချက်ဟော်ဆီ။ ။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ ပါတီ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေ ပြဌာန်း လိုက်ကတည်းက ဒါဟာ NLD အပေါ် ပစ်မှတ်ထားပြီး လုပ်ဆောင်တာ ဆိုတဲ့ သူတို့ရဲ့ ကြံရွယ်ချက်ဟာ ပေါ်လွင် နေပါတယ်။ NLD ကို ဖျက်မပစ်ဖို့ စစ်ကောင်စီကို နားချတဲ့ အထဲ တရုတ် အစိုးလည်း ပါဝင်ပါတယ်။ ဒီတော့ NLD ကို သူတို့ ဖျက်တာ မဟုတ်ဘူး၊ ပါတီကို ပြန် မှတ်ပုံမတင်ဖို့ NLD ဘက်က ကိုယ်တိုင်ဆုံးဖြတ်ကြတာ ဆိုတဲ့ အဖြစ်မျိုး ရောက်အောင် စစ်တပ်က လုပ်ဆောင်တာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေအားလုံး ပြန်ပြီး မှတ်ပုံတင်ဖို့ လိုအပ်တယ် ဆိုပြီး လုပ်လာခဲ့တော့ ... ဒါဟာ ထောင်ချောက်ပဲ ဆိုတာ ထင်ရှားလှပါတယ်။ NLD ဟာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ပါတီကို ဖျက်သိမ်းတာ မဟုတ်ဘူးဆိုတဲ့ အချက်ကို မြန်မာပြည်သူတွေ အားလုံးလည်း ရှင်းရှင်းလင်းလင်း မြင်ကြမယ်လို့ ကျွန်တော် ထင်ပါတယ်။
ဒီတော့ ခင်ဗျား မေးခွန်း နောက်တစ်ပိုင်း ဖြစ်တဲ့ အခုတစ်ကြိမ်မှာ ဘာ့ကြောင့် အခုလောက်ထိ စစ်ကောင်စီက လုပ်လာရတာလဲ ..... ဆိုတဲ့အပေါ် သုံးသပ်ရရင်တော့ လွန်ခဲ့တဲ့ ၂ နှစ်ကျော် စစ်အာဏာ သိမ်းရတဲ့ အဓိက ရည်ရွယ်ချက်ကိုက နိုင်ငံရေးကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ဖယ်ရှားပစ်ဖို့ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးမှာ တံခါးဖွင့်ကာလ ၁၀ နှစ်တာနဲ့ အဲဒီထဲမှာ NLD ဦးဆောင်တဲ့ အုပ်ချုပ်ရေး ၅ နှစ်တာ ဆိုတာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်။ ခေတ်သစ်ထံ ဦးတည်နေတဲ့ ဒီ ရေစီးကြောင်းကို စစ်ခေါင်းဆောင် အနေနဲ့ တကယ်တမ်း လက်မခံ နိုင်ပါဘူး။
စစ်တပ်ရဲ့ အခွင့်အာဏာ လျော့ကျမှာကအစ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ရာ စစ်ခေါင်းဆောင် အဆင်သင့် ရှိမနေပါဘူး။ တစ်ဖက်မှာ လူထု ထောက်ခံမှု အပြည့်အဝရနေတဲ့ ဒီမိုကရက်တစ် အင်အားစုကြီးနဲ့ စစ်မှန်တဲ့ အာဏာ ခွဲဝေရေး လုပ်ဖို့ရာ စစ်ခေါင်းဆောင် မလိုလားပါဘူး။ အဲဒီ ဒီမိုကရက်တစ် အင်အားစုကြီးဟာ စစ်တပ်ကို ပြိုကွဲသွားစေမယ့် ရန်ဘက် အဖြစ်နဲ့သာ စစ်ခေါင်းဆောင်က မှတ်ယူခဲ့ပါတယ်။
ဒီတော့ အခုတချီ ပြန်အာဏာသိမ်းတာဟာ နဂိုမူလ အနေအထားကို ပြန်သွားဖို့ reset ပြန်ချတယ်လို့ ပြောရမလား ... အာဏာ ခွဲဝေရေး လုပ်မယ် ဆိုရင်လည်း ၁၀၀ ရာခိုင်နှုန်း စစ်တပ်ရဲ့ မိတ်ဖက်ဖြစ်ကြသူတွေသာ ရွေးကောက်ခံ ဆိုတဲ့ ခေါင်းစဥ်အောက် ရောက်လာဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။
သူတို့ စိတ်ကြိုက်လည်းဖြစ်၊ တစ်ရာရာခိုင်နှုန်းလည်း စိတ်ချရတဲ့ သူတွေနဲ့သာ အရပ်ဘက်အုပ်ချုပ်ရေး ဆိုတာ တည်ထောင် ပေးပြီး အာဏာခွဲဝေလိုတာ ဖြစ်ပါတယ်။ နာမည်တပ် ပြောရရင်တော့ USDP နဲ့သာ အရပ်ဘက် အုပ်ချုပ်ရေး ဆိုတာကို ပုံဖော်လိုတာ ဖြစ်ပြီး၊ NLD နဲ့တော့ စစ်တပ်ဟာ ဘယ်လိုမှ ရှေ့ဆက် မသွားချင်တော့ဘူးဆိုတာ ထင်ရှားပါတယ်။
ဒါပေမဲ့ မြန်မာပြည်သူတွေကို စစ်ခေါင်းဆောင်ဟာ လျှော့တွက် လွန်းခဲ့ပါတယ်။ သူ့ရဲ့ reset ချခြင်း နည်းဗျူဟာမှာ အတွက်အချက် အလွဲခဲ့ဆုံး၊ အမှားခဲ့ဆုံးကတော့ ပြည်သူတွေဟာ အခုလောက် ကြီးမားတဲ့ ပမာဏ အတိုင်းအတာနဲ့ တုံ့ပြန်လာကြမယ် ဆိုတာကို သူတို့ ထည့်မတွက်ခဲ့ကြပါဘူး။
အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ပုဂ္ဂိုလ်ရေး ရည်မှန်းချက် အပေါ်မှာရော ဘယ်လို တွက်ဆ ထားလဲ။ သူက ဘာကို မျှော်မှန်းပြီး လုပ်နေတာလဲ။ အခုလို ရွေးကောက်ပွဲ ကတိကဝတ်တွေနဲ့ သမ္မတ ရာထူးကို အရယူလာဖွယ် ရှိလား။ တကယ်ရော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဆိုတဲ့ စစ်ရာထူးကို စွန့်လွှတ်ပြီး သမ္မတရာထူး ယူလိုတဲ့ ဆန္ဒမျိုး ရှိရဲ့လား။ မြန်မာ့ သမိုင်းမှာ စစ်ရာထူး မရှိတော့ဘူး၊ စစ်တပ် ကျောထောက်နောက်ခံ မရှိတော့ဘူး ဆိုရင် ဗိုလ်ချုပ်ဟောင်းတွေဟာ တကယ်တမ်း မရပ်တည်နိုင်ဘူး ဆိုတဲ့ သာဓကတွေ ရှိခဲ့တယ် မဟုတ်လား ရစ်ချက်ရေ။
ရစ်ချက်ဟော်ဆီ။ ။ ခင်ဗျားပြောတာ မှန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ခင်ဗျားဟာ military strongman လို့ခေါ်တဲ့ စစ်တပ်ကို ပိုင်စိုးထားတဲ့ စစ်အာဏာရှင် ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် လူအများကြိုက် populist ဖြစ်ရင်ဖြစ် ... ဒီ နှစ်မျိုးကိုပဲ အဓိက တွေ့ရမှာ ဖြစ်ပါတယ်။
ဦးသန်းရွှေဆိုရင် military strongman အဖြစ် တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာပါ။ သူရ ဦးရွှေမန်းကျတော့ ထိပ်တန်း စစ်ခေါင်းဆောင် ဆိုတဲ့ ပုံရိပ်ကနေ populist တစ်ယောက် ဖြစ်လာနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာမိတ် ဆက်ဆံရေး ထူထောင်တာမျိုး၊ ကိုယ်ပိုင် နိုင်ငံရေး ပါတီ ထောင်တာမျိုးတွေ လုပ်ပါတယ်။ အလုပ် မဖြစ်ခဲ့ပါဘူး။ သူဟာ လူအများ ကြိုက်နှစ်သက်ခြင်းကို ထင်သလောက် မရခဲ့ပါဘူး။ သူ့အရင်တုန်းက ဆိုရင် ... ဗိုလ်ချုပ်ခင်ညွန့် ဆိုရင်လည်း စစ်တပ် အဝန်းအဝိုင်းထဲကနေ populist ခေါင်းဆောင် တစ်ယောက်ရဲ့ ပုံရိပ်ရလာဖို့ အတော်လေး လုပ်ဆောင်ခဲ့ပါတယ်။
ကဲ အခု အရေးကြီးတာကတော့ ... ခင်ဗျား မေးတဲ့ အတိုင်းပဲ လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရည်မှန်းချက်ကဘာလဲ ... ။ သူဟာ populist တစ်ယောက် ဘယ်တော့မှ ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူး ဆိုတာ ထင်ရှားပါတယ်။ အရပ်သား လူအများကြားမှာ မပြောနဲ့ အခု ပေါ်ပေါက်လာခဲ့တဲ့ အခြေအနေတွေ အရ တပ်တွင်းထောက်ခံမှု၊ ကြည်ညိုမှုတောင် ကြီးကြီးမားမားရှိရဲ့လား ဆိုတာ မေးခွန်းထုတ်ဖွယ် ဖြစ်နေပါတယ်။
ထိပ်ပိုင်းဗိုလ်ချုပ်တွေရဲ့ နေရာတွေမှာ အပြောင်းအလဲလုပ် ကျားကွက်ရွှေ့တဲ့ နည်းနာနဲ့ သစ္စာခံ အတွင်းစည်း ထူထောင်တာမျိုး လုပ်တဲ့ အတွက် ကာကွယ်ရေး ဦးစီးချုပ် ဆိုတဲ့ ရာထူး နေရာကတော့ ခြိမ်းခြောက် ခံရတာမျိုး ရှိကောင်းမှ ရှိပါလိမ့်မယ်။ ဒါပေမယ့်၊ ကျွန်တော် ပြောခဲ့သလို populist ခေါင်းဆောင် တစ်ယောက်ရဲ့ ပုံရိပ်မျိုး တပ်တွင်းမှာ ရှိဖို့တောင် မသေချာလှပါဘူး။ စစ်တပ်ရဲ့ ကြီးကျယ် မြင့်မြတ်တဲ့ ခေါင်းဆောင်ကြီး၊ အားကျ အတုယူဖွယ်ရာ ခေါင်းဆောင်ကြီး အဖြစ် တပ်တွင်းမှာကို သူ့အပေါ် ရှုမြင်ကြလိမ့်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။ သူ တိုက်ခိုက်မယ့် စစ်ရေးဖြစ်စေ၊ နိုင်ငံရေး ဖြစ်စေ တိုက်ပွဲတိုင်းမှာ သူ့အပေါ် ချစ်ခင် ကြည်ညိုစိတ်နဲ့ နောက်က လိုက်မယ် ဆိုတာမျိုးလည်း ရှိနိုင်လိမ့်မယ် မထင်ပါဘူး။
သူအရင်ကတည်းက ပြောခဲ့တဲ့ စကားတွေ၊ သူလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေကို ကြည့်ရင် တစ်နေ့မှာ သူဟာ သမ္မတ နေရာကို ရယူပြီး နိုင်ငံရေး ခေါင်းဆောင် တစ်ယောက် ဖြစ်လာဖို့ မျှော်မှန်းခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောခဲ့သလို populist ထောက်ခံမှုမျိုး သူ့မှာ မရှိကြောင်း၊ populist ထောက်ခံမှုမျိုး သူမရနိုင်ကြောင်း အခုအချိန်မှာ သူရိပ်စားမိနေပြီလို့ ထင်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲကို သူ တတ်နိုင်သမျှ အချိန် ဆွဲလာနေတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အရေးပေါ်ကာလ သက်တမ်းတွေ တိုးတိုးပြီး၊ လက်ရှိ ပိုနေမြဲကျားနေမြဲ status quo အတိုင်းပဲ အာဏာသိမ်း စစ်ခေါင်းဆောင် အဖြစ် ဆက်ပြီးနေနေတာဟာ သူ့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်တယ်လို့ ယူဆနေပုံ ရပါတယ်။
လက်ရှိမှာတော့ သူဟာ စစ်တပ်အပေါ် ချုပ်ကိုင် ထားနိုင်မှုကိုလည်း လက်လွှတ်စရာမလိုသလို၊ စစ်အစိုးရအဖွဲ့ရဲ့ အကြီးအကဲ အဖြစ်လည်း အစိုးရ ခေါင်းဆောင် နေရာကို ရနေပါတယ်။ ဒီ အနေအထားတိုင်း ကာလ အတိုင်းအတာ တစ်ခုထိ ဆက်ပြီး ရှိနေမယ် ဆိုရင် .. တစ်နေ့နေ့ တစ်ချိန်ချိန် ရွေးကောက်ပွဲ လွန်ကာလကျရင် သူ့ အတွက် အကောင်းဆုံး ဖြစ်နိုင်တဲ့ နေရာ ပေါ်လာနိုင်ဖို့ ကြိုးစား ဖန်တီးနိုင်မယ် ဆိုပြီး စစ်ခေါင်းဆောင် တွေးထင်နေပုံ ရပါတယ်။
အခုနှစ် ဇူလိုင် လကုန် ဆိုရင်ပဲ ... လက်ရှိ အရေးပေါ် သက်တမ်းကာလ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အခု ဇူလိုင် အမှီတော့ စစ်ခေါင်းဆောင်ဟာ လက်ရှိနဲ့ မတူတဲ့ ခြေလှမ်း သစ် လှမ်းလာနိုင်မယ့် အနေအထား ရရှိလာမယ်လို့ မမြင်မိပါဘူး။
သူ့ရဲ့ မလုံခြုံစိတ် ဆက်လက် ကြီးမား နေဦးမှာ ဖြစ်သလို၊ လက်ရှိ မြေပြင် အခြေအနေတွေ အရလည်း ရွေးကောက်ပွဲ ကျင်းပဖို့ရာ အဟန့်အတား အခက်အခဲတွေ အင်မတန် ကြီးမား ပြင်းထန် နေဦးမယ်လို့ တွက်ဆရပါတယ်။
နောက်တစ်ချက်ကတော့ ... ကျွန်တော်တို့ ပြောခဲ့သလို သူ reset ပြန်လုပ်ဖို့ ကြိုးစားခဲ့တဲ့ အခင်းအကျင်းကြီးထဲမှာ သူဟာ စစ်တပ်အကြီးအကဲ တပ်ချုပ် အဖြစ် ဆက်ရပ်တည်မှာလား၊ နိုင်ငံရေး ခေါင်းဆောင်အဖြစ် အသွင် ပြောင်းနိုင်မှာလား ... စတဲ့ သူ့ကိုယ်သူ ဘယ်လို ရှေ့ဆက် ပုံဖော်ရမလဲ ဆိုတဲ့ မေးခွန်းက သူ့အတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေပါတယ်။ တိုင်းပြည် အနေနဲ့ကတော့ သွေးထွက်သံယို ဖြစ်ရပ်တွေ၊ အကြမ်းပတမ်း ဖြစ်ရပ်တွေ ပိုပြီး တွေ့ကြုံလာရဖွယ် ရှိနေပါတယ်။
စစ်ရေး အပါအဝင် ဘက်ပေါင်းစုံ ဖိအားတွေနဲ့ စစ်တပ်တစ်ခုလုံး ချိနဲ့ သွားပြီး၊ ဘက်ပြောင်းသူတွေ၊ စစ်တပ်ကို စွန့်ခွာပြေးသူတွေ ကြီးကြီးမားမား ဖြစ်လာဖို့ NUG နဲ့ တော်လှန်ရေး အင်အားစုတွေက မျှော်လင့်နေမှာ ဖြစ်သလို၊ စစ်တပ်ကလည်း ဖိနှိပ်မှုတွေ၊ မြေလှန်တိုက်ခိုက်မှုတွေ အစွမ်းကုန်သုံးပြီး အခြေအနေကို ထိန်းချုပ်နိုင်ဖို့ ဆက်ပြီး လုပ်ဆောင်နေမှာ သေချာပါတယ်။
တပ်တွင်းပြိုကွဲမှု၊ စွန့်ခွာမှုတွေ ပမာဏ ကြီးကြီးမားမား ဖြစ်မလာပဲနဲ့တော့ ဂငယ်ကွေ့ အပြောင်းအလဲမျိုး ကြုံရမှာ မဟုတ်ဘဲ၊ စစ်တပ်ကပဲ အရေးပေါ် သက်တမ်း နောက် ၆ လ ဆက်ပြီး တိုးသွားဦးမယ်လို့ တွက်ဆထားပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်း ဘာလုပ်သင့်လဲ
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post
ဘီဘီစီ။ ။ ကျွန်တော့်ရဲ့ နောက်ဆုံး မေးခွန်း အနေနဲ့ ရစ်ချက်ရေ ... နိုင်ငံတကာကိုရော ရစ်ချက်တို့ ဘယ်လို အကြံပြုလိုလဲ ... အခုလို NLD ပါတီ ဖျက်သိမ်းတယ်လို့ ကြေညာခံရပြီး အလွန်ကာလမှာ မြန်မာ့အရေး ဘယ်လိုတွေ ချဥ်းကပ်လုပ်ဆောင်သင့်တယ်လို့ ထင်လဲ ... ။ မြန်မာ စစ်တပ်နဲ့ကြား အပေးအယူလုပ် ညှိနှိုင်းဆွေးနွေးတာမျိုး တစုံတရာ အတိုင်းအတာ လုပ်လာနိုင်ဖို့ စိတ်ကူးအိပ်မက်ကနေ နိုးထသင့်ပြီ၊ မြန်မာ့နိုင်ငံရေးကနေ စစ်တပ်ကို အပြီးတိုင် ဖယ်ရှားနိုင်ဖို့ကအပ တခြားနည်း မရှိပြီ ဆိုပြီး မြန်မာ့အရေး လှုပ်ရှား ဆော်ဩသူတချို့ကတော့ ပြောနေပါတယ်။ ရစ်ချက်ကရော ဘယ်လို ဆန်းဆစ် ထားပါသလဲဗျ ....
ရစ်ချက်ဟော်ဆီ။ ။ မြန်မာပြည်သူ အများစုကြီးရဲ့ သဘောထား ဆန္ဒဟာ မြန်မာ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ပါဝင် စွက်ဖက်မှုကို လက်မခံတော့ပဲ၊ အပြီးတိုင် ဖယ်ရှားပစ်လိုတဲ့ သဘောထားတွေ ရှိနေတယ် ဆိုတာကို ကျွန်တော်လည်း နားလည် သိမြင်ပါတယ်။ ဒီထက်မက အနာဂတ် ဒီမိုကရက်တစ် နိုင်ငံ ထူထောင်ကြတဲ့အခါ၊ ဒီမိုကရေစီ အစိုးရရဲ့ အုပ်ချုပ်မှု အောက် စစ်တပ် အသစ်ကို ဖွဲ့စည်းကြဖို့ အထိ သူတို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။
အဲဒီတော့ အဓိက မေးခွန်းကတော့ အဲဒီ အခြေအနေထိ ရောက်အောင် ဘယ်လို ဖော်ဆောင်ကြမလဲ .... ဆိုတာပါပဲ။ စစ်တပ်ကို အနိုင်တိုင်မယ်၊ မောင်းထုတ်ပစ်မယ် ဆိုတဲ့ သဘောထားတွေ၊ စိတ်ဆန္ဒတွေ၊ မျှော်လင့်ချက်တွေ ကြီးကြီးမားမား ရှိနေတာကတော့ အငြင်းပွားဖွယ်ရာ မရှိ ထင်ရှားပါတယ်။ ဒါပေမဲ့ အဲဒီ ဦးတည်ရည်မှန်းချက်ကို ဘယ်လို ဖော်ဆောင်မလဲ ဆိုတဲ့ လမ်းကြောင်းကတော့ ရှင်းရှင်းလင်းလင်း ပုံဖော်နိုင်ဖို့ရာ အင်မတန်မှ ခက်နေဆဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ နှစ်ဖက်လုံးက အလျှော့အတင်း အပေးယူ လုပ်ဖို့ ဆိုတာကို စိတ်မဝင်စားကြပါဘူး။ တော်လှန်ရေး အင်အားစု ဘက်က ကြည့်ရင် စစ်တပ်နဲ့ ဆွေးနွေးဖို့ ဆိုတာ အလျှော့ပေး အညံ့ခံတာ ဆိုတဲ့ အဖြစ်မျိုး ရောက်သွားစေပါတယ်။ စစ်တပ်ကလည်း သူတို့ အတွင်းမှာကို မလုံခြုံမှုတွေ စိုးရွံ့မှုတွေ ရှိနေတဲ့ အတွက် အလျှော့အတင်း အပေးအယူ လုပ်မယ် ဆိုရင် အဲဒီ အရာတွေ ပြေလည်သွားမှာ မဟုတ်ဘဲ၊ ပိုပြီး ဆိုးသွားစေမယ်လို့ ထင်မှတ်နေပါတယ်။ ဒီတော့ မြန်မာ့ အကျပ်အတည်းဟာ တကယ့်ကို ရှေ့မတိုးသာ နောက်မဆုတ်သာ တစ်နေရာထဲမှာ ပိတ်မိနေတဲ့ အခြေအနေ ဖြစ်နေပါတယ်။
ဒီ အခြေအနေက လွန်မြောက်ဖို့ အပြောင်းအလဲ တစ်ခုခုတော့ ပေါ်ပေါက်လာဖို့ လိုနေပါတယ်။ ဘယ်လို အပြောင်းအလဲလဲ ဆိုတာကို ကျွန်တော်လည်း မပြောနိုင်ပါဘူး။ ကျွန်တော့မှာလည်း အားလုံးကို တချီတည်း ပြေလည် သွားစေနိုင်တဲ့ မှော်စွမ်းထက်တဲ့ နည်းနာတွေ ရှိမနေပါဘူး။ ဒါပေမဲ့ တိုင်းပြည်ဟာ ဒီ အခြေအနေအတိုင်း ရှေ့ဆက် မသွားသင့်ပါဘူး။ ဒီ အခြေအနေကြီးထဲ ပိတ်မိ မနေသင့်ပါဘူး။
စစ်တပ်ရဲ့ မပြီးနိုင်မစီးနိုင် အရေးပေါ်ကာလ သက်တမ်းတိုးပြီး ကြမ်းကြုတ် ရက်စက်တဲ့ အုပ်ချုပ်ရေး ဖော်ဆောင်တာနဲ့၊ တစ်ဖက်မှာလည်း လူတွေကြား ပေါ်ပြူလာ အုံကြွမှုတွေ ထပ်ပြန်တလဲလဲ ပေါက်ကွဲထွက်မှု ဆိုတဲ့ သံသရာထဲ အမြဲလည်နေဖို့ ဆိုတာ လုံးဝ မဖြစ်သင့်ပါဘူး။
နိုင်ငံတကာရဲ့ အခန်းကဏ္ဍကို ပြောရမယ် ဆိုရင်တော့ .... မြန်မာ့ အရေးကို သူတို့ သုံးသပ် အကဲဖြတ်ကြတဲ့ အခါ မြန်မာပြည်သူ အများစုကြီး အပေါ် ပမာဏ အတိုင်းအတာ ကြီးကြီးမားမားနဲ့ ပြင်းပြင်းထန်ထန် သက်ရောက်နေတာကို သူတို့ လက်ခံ သဘောပေါက်ပါတယ်။ ဒါပေမဲ့ ဒေသတွင်း တည်ငြိမ်မှုနဲ့ လုံခြုံရေး အပါအဝင်၊ နိုင်ငံတကာ အပေါ် သက်ရောက်မှုကတော့ ထိပ်တန်း ဦးစားပေး ကိုင်တွယ်ရမယ့် အဆင့်မျိုးမှာ ရှိမနေဘူးလို့ ထင်မှတ်ကြပုံ ရပါတယ်။ ဒုက္ခသည်တွေ သိန်းသန်းချီပြီး အုံလိုက်ကျင်းလိုက် နယ်စပ်ဖြတ်ကျော် ပြေးကြရတာမျိုး၊ နယ်စပ်ဖြတ်ကျော် တိုက်ပွဲတွေ ကြီးကြီးမားမား ပမာဏနဲ့ ပေါ်ပေါက်နေတာမျိုး မရှိဘူး ဆိုပြီး၊ အလေးပေးခံရမှု အားနည်းနေတယ်လို့ ကျွန်တော် မြင်မိပါတယ်။
လုံးဝ မကူညီတာမျိုးတော့ မဟုတ်ပါဘူး။ ထိပ်တန်းဦးစားပေး အဆင့်အဖြစ် အာရုံ အလုံးစုံစိုက်ပြီး အဆက်မပြတ် ဝိုင်းဝန်းလုပ်ဆောင်တာမျိုး အားနည်းနေတာပါ။ ဒီ အကဲဖြတ်မှုဟာ အင်မတန် အန္တရာယ်ကြီးတယ်လို့ ကျွန်တော် ယူဆပါတယ်။ မြန်မာဟာ အာရှ-ပစိဖိတ်ဒေသ၊ အင်ဒို-ပစိဖိတ် ဒေသမှာ အင်မတန် အချက်အခြာကျ အရေးပါတဲ့ နိုင်ငံဖြစ်ပြီး၊ လက်နက်ကိုင် ပဋိပက္ခတွေ အပါအဝင် ဒုက္ခသည် အရေးနဲ့ အဘက်ဘက်က ပြိုလဲကျခြင်းဆိုတာဟာ နိုင်ငံတစ်ခုရဲ့ နယ်နမိတ် အတွင်းမှာပဲ ရှိနေလိမ့်မယ်လို့ ဘယ်လို အာမခံချက်မျိုးမှ ရှိမနေပါဘူး။
မြန်မာ့အရေးမှာကို မဝေးလှတဲ့ ကာလမှ ပမာဏ အတိုင်းအတာ အင်မတန်ကြီးကြီးမားမားနဲ့ကို နယ်စပ်ဖြတ်ကျော် ဒုက္ခသည်အရေး ပေါ်ပေါက်ခဲ့ပါတယ်။
ဒီတော့ အာဆီယံ ဖြစ်စေ၊ ကုလသမဂ္ဂ ဖြစ်စေ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အခုထက် အဆများစွာ အာရုံစိုက် အလေးပေးပြီး မြန်မာ့အကျပ်အတည်း ဖြေလျှော့နိုင်ရေးမှာ ဝိုင်းဝန်း အဖြေရှာဖို့ လိုပါတယ်။ တချိန်တည်းမှာပဲ လိုအပ်နေတဲ့ စာနာမှု ဆိုင်ရာ အကူအညီတွေကို လူတွေထံ တကယ့်ကို အကျိုးရှိရှိ၊ တိုက်ရိုက်ရောက်တဲ့ နည်းနာတွေ သုံးပြီး ထောက်ပံ့ ကူညီနေဖို့လည်း ဦးစားပေး လုပ်ဆောင်ကြဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်။








