လမ်းကြောင်းခက်လို့ ထိုင်းကလာတဲ့ သစ်သီးဈေးတွေ နှစ်ဆတက်

ထိုင်းဘက်ကုန်စည်တွေ ဝင်ရောက်ရာလမ်းကြောင်း ကြန့်ကြာခက်ခဲမှုတွေရှိပြီး သယ်ယူပို့ဆောင်ခတွေ စျေးကြီးလာ
ဓာတ်ပုံ ပုံစာ, ထိုင်းဘက်ကုန်စည်တွေ ဝင်ရောက်ရာလမ်းကြောင်း ကြန့်ကြာခက်ခဲမှုတွေရှိပြီး သယ်ယူပို့ဆောင်ခတွေ စျေးကြီးလာ
ရေးသားခဲ့သည်။

ပြည်တွင်းသစ်သီးဈေးကွက်မှာ ထိုင်းဘက်ကုန်စည်တွေ ဝင်ရောက်ရာလမ်းကြောင်း ကြန့်ကြာခက်ခဲမှုတွေရှိပြီး သယ်ယူပို့ဆောင်ခတွေ စျေးကြီးလာလို့ ထိုင်းဘက်ကဝင်တဲ့ သစ်သီးဈေးတွေ နှစ်ဆ မက မြင့်တက်နေတယ်လို့ သစ်သီးကုန်သည်တွေနဲ့ ပွဲရုံတွေက ပြောပါတယ်။

ရန်ကုန် လက်လီဈေးကွက်မှာ ထိုင်းနိုင်ငံက ဝင်ရောက်လာတဲ့ ပန်းသီး တစ်လုံး ကျပ် ၂၅၀၀ ၊ ပန်းသစ်တော်တစ်လုံး ကျပ် ၃၀၀၀၊ လိမ္မော်သီး တစ်လုံး ၁၀၀၀ ကျပ်၊ နဂါးမောက်သီးတစ်လုံး ကျပ် ၆၀၀၀ ၊ ကျွဲကောသီးတစ်လုံး ကျပ် တစ်သောင်းခန့် ပေါက်ဈေးရှိနေပြီး စျေးဝယ်စင်တာတွေမှာ ရောင်းချတဲ့ နိုင်ငံတကာက ဝင်ရောက်လာတဲ့ သစ်သီးဈေးတွေကလည်း ထိုင်းသစ်သီးစျေးက၊ တရုတ်သစ်သီးဈေးထက် မြင့်နေပါတယ်။

ထိုင်းနိုင်ငံက ဝင်ရောက်လာတဲ့ သစ်သီးဈေးနှုန်းတွေဟာ လက်ရှိ ပေါက်ဈေးလို့ ပြောဖို့ ခက်လာပြီး အဆင့်ဆင့်သယ်ယူပို့ဆောင်လာတဲ့ စရိတ်စက၊ ပျက်စီးဆုံးရှုံးစရိတ်တွေနဲ့ တွက်ချက်ပြီးမှသာ မိမိရောင်းချနိုင်တဲ့ ဈေးသတ်မှတ်ရတာလို့လည်း သစ်သီးပွဲရုံတွေကဆိုပါတယ်။

ရန်ကုန်ဈေးကွက် သစ်သီးလက်ကား ဈေးကွက်မှာ ဧပြီလဆန်းပိုင်း သစ်သီး ခန့်မှန်းဈေးနှုန်းတွေဟာ အလုံး ၆၀ ပါ တရုတ်ပန်းသီး တစ်ဖာကို ကျပ် ခြောက်သောင်း၊အလုံး ၇၂ လုံးပါ ယိုဒယား ပန်းသီးတစ်ဖာ ကျပ် ရှစ်သောင်းခန့်၊ ယိုးဒယားဒူးရင်းသီး ၂ ကေဂျီ ဆိုဒ် ကျပ် ၃ သောင်းခန့်၊ နဂါးမောက်သီး တစ်ဖာ ကျပ် တစ်သိန်းဝန်းကျင်ခန့်၊ ဆန်းကစ်သီး ၇၂ လုံး ဆိုဒ် တစ်ဖာ ကျပ် ခြောက်သောင်းခွဲခန့် ဖြစ်ပါတယ်။

အသီးအနှံ

ဓာတ်ပုံ ရင်းမြစ်, CJ

ထိုင်း-မြန်မာ ကုန်စည်စီးဆင်းရာ လမ်းကြောင်းမှာ တိုက်ပွဲဖြစ်ပွားတာတွေရှိလို့ မြဝတီက တစ်ဆင့်ပြည်တွင်းကို ကုန်တင်ပို့ရာမှာ ကြန့်ကြာမှုတွေရှိတာ၊ သယ်ယူပို့ဆောင်စရိတ်တွေ မြင့်လာတာက သစ်သီးဈေးတက်ရခြင်း အဓိကကလို့ ထိုင်းနိုင်ငံဘက်က သစ်သီးတွေကို ပြည်တွင်းကို ပို့ဆောင်တဲ့ သစ်သီးကုန်သည်တစ်ဦးကဆိုပါတယ်။

" မြဝတီဘက်ထိ ဘာမှ အပြောင်းအလဲမရှိဘူး။ အသီးတွေကလည်း ခြံပြတ်တွေ တခါတည်းယူထားကြတာဆိုတော့ ဈေးထပ်တိုးလို့မရဘူး။ သယ်ယူပို့ဆောင်စရိတ်တွေ တက်တာအဓိကပဲ။ ထိုင်းဘက်က သစ်သီးတွေ ပုံမှန်အတိုင်းထွက်တယ်။ ဈေးကလည်း ပုံမှန်ဈေးပဲ။ သို့သော် လမ်းပိတ်နေတဲ့ ရက်တွေနဲ့တွက်ပြီး ဈေးတွေတက်လာတယ်။ သစ်သီးဆိုတာ ပုပ်ကုန်လေ။ လမ်းမှာကြန့်ကြာတော့ ပျက်စိးတာတွေလည်းရှိတယ်။ အဲ့တော့ ကုန်ကျစရိတ်က တက်လာတယ် " လို့ သူကဆိုပါတယ်။

ထိုင်းဘက်က ကုန်သည်တွေက မြဝတီအထိ တင်ပို့ရာမှာ ဈေးနှုန်းအပြောင်းအလဲ မရှိပေမယ့်လည်း မြဝတီကတစ်ဆင့် ပြည်တွင်းကို ပို့ဆောင်ရာမှာ လမ်းကြောင်းအခက်အခဲအမျိုးမျိုးရှိတာမို့ သစ်သီးကုန်သည်တွေ၊ ကားသမားတွေ အခက်အခဲရှိတယ်လို့လည်း ဆိုကြပါတယ်။

" မြဝတီအနီး တိုက်ပွဲ ပြင်းထန်လာတဲ့ အတောအတွင်းမှာ ကားတွေ သွားလာဖို့ မလွယ်ဘူး။ ကားတွေကလည်း မဖြစ်မနေမို့သာ ထွက်နေရတာ နေ့တိုင်းမထွက်နိုင်ကြဘူး။ လမ်းမှာ ကြန့်ကြာမှုတွေရှိတယ်။ အခြေအနေ ကြည့်ထွက်ကြတယ်။ အချင်းချင်းစောင့်ရှောက်ကြတဲ့ အဖွဲ့တွေရှိလို့သာ ထွက်လို့ရမလား၊ မရဘူလား မေးမြန်းပြီးမောင်းကြရတယ် " လို့ ကုန်တင်ယာဉ်မောင်း တစ်ဦးကဆိုပါတယ်။

ရန်ကုန်သစ်သီးဈေးကွက်ကို ထိုင်းနိုင်ငံက အသီးအနှံတွေ ဝင်ရောက်မှုရှိ
ဓာတ်ပုံ ပုံစာ, ရန်ကုန်သစ်သီးဈေးကွက်ကို ထိုင်းနိုင်ငံက အသီးအနှံတွေ ဝင်ရောက်မှုရှိ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရန်ကုန်သစ်သီးဈေးကွက်ကို ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ဒေသသီးတွေ ဝင်ရောက်ကြပြီး လက်ရှိ အခြေအနေမှာ ထိုင်းသစ်သီး ဈေးမြင့်နေလို့ တရုတ်သစ်သီးတွေကို ပိုပြီးရောင်းဝယ်နေရတယ်လို့လည်း ပွဲရုံတွေကဆိုပါတယ်။

မြန်မာပြည်တွင်း ဒေသထွက်သစ်သီး ဝင်ရောက်မှုနည်းတာကလည်း ဈေးကွက်မှာ ပြည်ပသစ်သီး ဈေးကွက်ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

လက်ရှိဈေးကွက်မှာ ဒေသသီး နာနတ်၊ ဖရဲ၊ သခွားစတဲ့ သစ်သီးတွေသာ ဝင်ရောက်နေပြီး ဈေးနှုန်းမြင့်သလို လူကြိုက်မများလှဘူးလို့လည်း ဆိုပါတယ်။

" ဒေသသီးတွေရှိရင် ဒေသသီးပဲ ရောင်းချင်တာပေါ့။ ဒါပေမဲ့ ခုအချိန်မှာ နာနတ်သီးတစ်မျိုးပဲရှိတယ်။ ဒီချိန်ထွက်တဲ့အသီးကလည်း မချိုတော့ သိပ်မတွင်ကျယ်ဘူးရောင်းရတာ။ မင်းဂွတ်တော့ နည်းနည်းစဝင်လာပြီ။ လောလောဆယ်တော့ ထိုင်းကလည်း ဈေးတက်တော့ တရုတ်သီးတွေပဲ ပိုရောင်းနေရတယ်။ အမြတ်ကလည်း အရင်လို မဟုတ်တော့ဘူး။ အသီးတစ်ဖာ သိန်းချီရင်းမှ နှစ်ထောင်၊ သုံးထောင်လောက်ပဲ အမြတ်ကျန်တယ်" လို့ သစ်သီးပွဲရုံ ပိုင်ရှင်တစ်ဥိးကဆိုပါတယ်။

မန္တလေး သစ်သီးဈေးကွက်မှာတော့ ထိုင်းနိုင်ငံဘက်က သစ်သီးတွေဟာ ဈေးနှုန်းမြင့်မားတာမို့ တင်ပို့ရောင်းချတာနည်းပြီး တရုတ်သစ်သီးနဲ့ ပြည်တွင်းထွက်ဒေသသစ်သီးတွေကို အားပြုရောင်းကြတယ်လို့ မန္တလေးက သစ်သီးပွဲရုံတွေက ဆိုပါတယ်။

" အရင် နှစ်လလောက်ထဲက ထိုင်းဘက်က သစ်သီးဈေးတွေက အရမ်းမြင့်လာတယ်။ အဲ့ဒီဈေးနဲ့ဆိုအရောင်းအဝယ်ကလည်း သိပ်မဖြစ်တော့ ထိုင်းသီးတွေ မတင်ဖြစ်တာကြာပြီ။ နဂါးမောက်ဆိုရင် အရင်နှစ်က တစ်ဖာကို သုံး၊ လေးသောင်းပဲရှိတယ်။ ဒီနှစ်ထဲမှာ ပြီးခဲ့တဲ့ နှစ်လလောက်မှာ ၇ သောင်းလောက်ဖြစ်လာလို့ မတင်ဖြစ်တော့ဘူး " လို့ မန္တလေးက သစ်သီး ပွဲရုံ ပိုင်ရှင်တစ်ဦးကဆိုပါတယ်။

တရုတ်နယ်စပ်ကနေ မြန်မာဘက်ကို အသီးအနှံတွေတင်ပို့တာရှိ

ဓာတ်ပုံ ရင်းမြစ်, SAI KHIN MG

ဓာတ်ပုံ ပုံစာ, တရုတ်နယ်စပ်ကနေ မြန်မာဘက်ကို အသီးအနှံတွေတင်ပို့တာရှိ

မန္တလေးဈေးကွက်မှာ ပြည်တွင်းထွက် စိန်တစ်လုံး သရက်သီး၊ နဂါးမောက်သီး ပေါ်ချိန်မှာ ဒေသသီးတွေကို အားပြုရောင်းကြပြီး တရုတ်နိုင်ငံက တင်ပို့တဲ့ ပန်းသီး၊ လိမ္မော်၊ ပန်းသစ်တော် စတာတွေကိုလည်း ရောင်းဝယ်ကြတယ်လို့လည်း ဆိုပါတယ်။

စက်သုံးဆီဈေးကြီးတာနဲ့ လမ်းခရီး ကြန့်ကြာမှုတွေကြောင့် သယ်ယူပို့ဆောင်ခတွေ တက်လာတာတွေဟာ စားသုံးသူတွေအပေါ် သက်ရောက်မှုဖြစ်လာနေပြီး သစ်သီးတစ်လုံးစားသုံးဖို့ ငွေကျပ် ထောင်ဂဏန်းသုံးမှ ရတဲ့ အနေအထားဖြစ်လာပါတယ်။

" ဝင်ငွေများတဲ့သူတွေ အတွက်တော့ ဘာမှ မဆိုသာပေမယ့် လခစားတွေ၊ လက်လုပ်လက်စားတွေအတွက် သစ်သီးဆိုတာက တဖြည်းဖြည်း ကိုယ်နဲ့ မဆိုင်သလိုဖြစ်လာတော့မယ်။ အိမ်သုံးစရိတ်ထဲကနေ မျှပြီး အပိုကုန်မခံနိုင်တော့ဘူးလေ " လို့ အိမ်ရှင်မတစ်ဦးကဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလမှ လျှပ်စစ်မီးမမှန်တာ၊ စက်သုံးဆီဈေးမြင့်မားတာ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲလာတာတွေကြောင့် ကုန်ဈေးနှုန်းကြီးမြင့်လာပြီး အခြေခံလူသုံးကုန်၊ စားသောက်ကုန် နဲ့ ဆေးဝါးစတဲ့ ဈေးနှုန်းတွေဟာ ၂၀၂၁ မတိုင်မီနဲ့ နှိုင်းယှဉ်ပါက နှစ်ဆနဲ့အထက်မြင့်မားလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။