အမေရိကန်အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ရဲ့ နောက်ထပ်တချီ တရုတ် ခရီးစဥ်- အောက်တိုဘာ ၇ ရက် ထိပ်တန်း နိုင်ငံတကာ သတင်းများ

ဘေဂျင်းမြို့တော်ကို မသွားခင် တရုတ်ရဲ့ စီးပွားရေး အချက်အခြာ ရှန်ဟိုင်းကို အရင်ဝင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘေဂျင်းမြို့တော်ကို မသွားခင် တရုတ်ရဲ့ စီးပွားရေး အချက်အခြာ ရှန်ဟိုင်းကို အရင်ဝင်
ရေးသားခဲ့သည်။

အမေရိကန် အထက် ဆီးနိတ်လွှတ်တော်ရဲ့ အများစုဘက်ခြမ်း ခေါင်းဆောင် ဒီမိုကရက် ဆီနိတ်တာ အမတ် ချပ်ခ် ရှူးမားဟာ တရုတ်နိုင်ငံကို လွှတ်တော် အမတ် အဖြစ် တရားဝင် ခရီးစဥ် သွားရောက်နေပါတယ်။

သက်ဆိုင်ရာ တရုတ် အာဏာပိုင်တွေနဲ့ကြား အင်မတန် အကျိုးရှိရှိ ထိထိရောက်ရောက် ဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားတယ် ဆိုပြီး ဆီနိတ်တာ ရှူးမားက ပြောပါတယ်။ သူဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဘေဂျင်းမြို့တော်ကို မသွားခင် တရုတ်ရဲ့ စီးပွားရေး အချက်အချာ ရှန်ဟိုင်းကို အရင် ဝင်မှာ ဖြစ်ပါတယ်။

အခုနှစ်ထဲမှာ သမ္မတဘိုင်ဒင် အစိုးရ အဖွဲ့ကလည်း တရုတ် အစိုးရနဲ့ကြား သံတမန် ဆက်ဆံရေးတွေ တိုးမြှင့်နေပြီး၊ လတ်တလောမှာကို အစိုးရအဖွဲ့ဝင် ဝန်ကြီး အဆင့် တရုတ်ပြည်ကို သွားရောက်တဲ့ ခရီးစဥ် ၃ ခု ရှိနှင့်ပြီး ဖြစ်ပါတယ်။

အခု ဆီးနိတ်လွှတ်တော်အမတ်တွေရဲ့ ခရီးစဥ်မှာ အိုင်ဒါဟို ပြည်နယ်က ရီပတ်ဘလစ်ကင် ဆီနိတ်တာ မိုက်ခ် ကရာပိုလည်း ပါဝင်ပါတယ်။ အိုင်ဒါဟို ဆိုတာ ကွန်ပျူတာ ချစ်ပ်ပြားတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး မိုက်ခရွန် ရုံးစိုက်ရာ ပြည်နယ် ဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်ကြား လက်ရှိ ပေါ်ပေါက်နေတဲ့ ကုန်သွယ်ရေး ဆိုင်ရာ အဓိက အငြင်းပွားမှုကလည်း အဲဒီ ဆီမီကွန်ဒတ်တာ ချစ်ပ်ပြားတွေ ထုတ်လုပ်တဲ့ ကဏ္ဍမှာ ဖြစ်ပါတယ်။

အစ္စရေးဟာ စစ်ဖြစ်နေပြီလို့ နက်တန်ညာဟုပြော

ရန်သူတွေ အနေနဲ့ မကြုံစဖူး အတိုင်းထိအောင် ပြန်လည် ပေးဆပ်ရမယ် ဆိုပြီး နက်တန်ညာဟုပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်သူတွေ အနေနဲ့ မကြုံစဖူး အတိုင်းထိအောင် ပြန်လည် ပေးဆပ်ရမယ် ဆိုပြီး နက်တန်ညာဟုပြော

ပါလက်စတိုင်း လက်နက်ကိုင် ဟားမတ်စ် အဖွဲ့က အစ္စရေး အပေါ် မကြုံစဖူး အတိုင်းအတာ ပမာဏမျိုးနဲ့ တိုက်ခိုက် လာခဲ့ပါတယ်။ ရော့ကက်ဒုံးကျည် ထောင်ပေါင်းများစွာကို အစ္စရေးထဲ ပစ်လွှတ်ခဲ့ပြီး ဟားမတ်စ် အဖွဲ့ဝင်တွေဟာ မော်တော်ဆိုင်ကယ်တွေ၊ ဂလိုက်ဒါလေထီးတွေ၊ စက်လှေတွေ အသုံးပြုပြီး မြေပြင်၊ ‌ဝေဟင်၊ ရေပြင် လမ်းကြောင်း အမျိုးစုံကနေ အစ္စရေးထဲထိ ထိုးဖောက် ဝင်ရောက် လာခဲ့ကြပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နက်တန်ညာဟုက ရန်သူတွေ အနေနဲ့ မကြုံစဖူး အတိုင်းထိအောင် ပြန်လည် ပေးဆပ်ရမယ် ဆိုပြီး ပြောပါတယ်။

စစ်ဆင်ရေးတစ်ခု၊ ပုံမှန် ကြုံနေကြ တိုက်ခိုက်မှုမျိုးတွေနဲ့ ရင်ဆိုင်နေရတာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ စစ်ဖြစ်နေပြီ ဖြစ်ပါတယ်။ အခုမနက်ပိုင်းမှာ ဟားမတ်စ်တွေဟာ အစ္စရေးနိုင်ငံနဲ့ အစ္စရေး နိုင်ငံသားတွေ အပေါ် သတ်ဖြတ်တဲ့ အလစ်အငိုက် တိုက်ခိုက်မှု စတင်လာပါတယ်” ဆိုပြီး ပြောသွားပါတယ်။

ဟားမတ်စ်အဖွဲ့ဘက်ကတော့ သူတို့ဟာ အစ္စရေးတို့ အနောက်ဘက်ကမ်းခြေ‌‌ဒေသမှာ ပါလက်စတိုင်းတို့ အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ အပေါ် လက်တုံ့ပြန်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လူ ၂၂ ယောက် ထက် မနည်း သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူ ၂၂ ယောက် ထက် မနည်း သေဆုံး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လူ ၄၀ ယောက် ထက် မနည်း သေဆုံးခဲ့ပြီး၊ ရာနဲ့ချီလို့ ဒဏ်ရာရခဲ့တယ်လို့ အစ္စရေး အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ဒါဇင်နဲ့ချီတဲ့ အစ္စရေး တချို့ကို ဓားစာခံ အဖြစ် ခေါ်ဆောင် လာခဲ့ကြတယ် ဆိုပြီး ဟားမတ်စ် အဖွဲ့နဲ့ နောက် ပါလက်စတိုင်း အဖွဲ့ ဖြစ်တဲ့ အစ္စလာမ်မစ် ဂျီဟာ့ဒ် အဖွဲ့တို့ ဘက်က ပြောပါတယ်။

အစ္စရေးတို့ရဲ့ စစ်ဘက်ဆိုင်ရာ မော်တော်ယာဥ်တွေလည်း တိုက်ခိုက်ခံခဲ့ရပြီး၊ ယာဥ်တချို့ကို နယ်စပ်ဖြတ်ကျော်ပြီး ဂါဇာထဲ ယူဆောင် သွားကြတယ်လို့ ဆိုပါတယ်။

အခု ဟားမတ်စ် အဖွဲ့ ပြုလုပ်လာတဲ့ စစ်ဆင်ရေးကို အနောက်ဘက်ကမ်းခြေ‌‌ဒေသမှာ လှုပ်ရှားနေတဲ့ ပါလက်စတိုင်း နောက်တစ်ဖွဲ့ ဖြစ်တဲ့ အစ္စလာမ်မစ် ဂျီဟာ့ဒ် အဖွဲ့နဲ့ သူတို့ရဲ့ လက်နက်ကိုင် လက်ရုံးတပ်ဖြစ်တဲ့ အယ်လ်-ကာ့ဒ်စ် ဘရီဂိတ် အဖွဲ့တို့က ထောက်ခံကြောင်း ကြေညာပါတယ်။

အမေရိကန်နိုင်ငံက ပေါ်ပေါက်နေတဲ့ အကြမ်းဖက် ဖြစ်ရပ်တွေအပေါ် ပြစ်တင်ရှုတ်ချလိုက်ပြီး နှစ်ဘက်လုံး အပြန်အလှန် လက်တုံ့ပြန် တိုက်ခိုက်တာတွေ မလုပ်ကြဖို့ ပြောဆိုနေပါတယ်။

ပါလက်စတိုင်းနဲ့ အစ္စရေးကြား ကြားဝင် ညှိနှိုင်းပေးလေ့ ရှိတဲ့ အီဂျစ် နိုင်ငံကလည်း လက်ရှိ အခြေအနေတွေ ပိုပြီး ဆိုးရွားလာမယ် ဆိုရင် ပြင်းထန်လှတဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေ ကြုံလာရမှာ ဖြစ်တယ် ဆိုပြီး သတိပေးနေပါတယ်။

ဒတ်စ်မွန်တူးတူး ချန်ထားခဲ့တာတွေ အားလုံးကို အများပြည်သူ ကြည့်ရှုနိုင်ပြီ

သက်ရှိ ထင်ရှားသာ ရှိမယ် ဆိုရင် ၉၂ ပြည့်ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သက်ရှိ ထင်ရှားသာ ရှိမယ် ဆိုရင် ၉၂ ပြည့်ပြီ

တောင်အာဖရိကနိုင်ငံက ကွယ်လွန်သူ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး ချန်ရစ်ထားခဲ့တဲ့ စာရွက်စာတမ်းတွေ၊ အနုလက်ရာ ပစ္စည်းတွေဟာ ဘာတွေလဲ ဆိုတာကို ဒီကနေ့ကစပြီး အများပြည်သူလည်း ဖတ်ရှုနိုင်၊ မြင်တွေ့နိုင်တော့မှာ ဖြစ်ပါတယ်။

လူ့အခွင့်ရေး ကာကွယ်သူ ဘုန်းတော်ကြီး တူးတူးနဲ့ သက်ဆိုင်သမျှ အရာတွေအားလုံးကို ကမ္ဘာအနှံ့ကနေ စုဆောင်းထားသမျှကို ဒစ်ဂျစ်တယ်နည်းနဲ့ မှတ်တမ်းတင် စာရင်းပြုစု ထားပါတယ်။ သက်ရှိ ထင်ရှားသာ ရှိမယ် ဆိုရင် ဒတ်စ်မွန်တူးတူးရဲ့ အသက် ၉၂ ပြည့်နဲ့ တိုက်ဆိုင်ပြီး အများပြည်သူကို ထုတ်ပြန်ပေးတာ ဖြစ်ပါတယ်။

ဒတ်စ်မွန် တူးတူးရဲ့ ဉာဏ အမွေအနှစ် ပစ္စည်းတွေကို ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ကို ဦးဆောင်နေသူ မမ်ဖီလာ ရမ်ဖယ်လီက တောင်အာဖရိက သမိုင်းမှာ ဘုန်းတော်ကြီး တူးတူးဟာ အင်မတန် အရေးပါသူ ဖြစ်တယ်လို့ ပြောပါတယ်။

“ဘုန်းတော်ကြီးတူးတူးလို ပုဂ္ဂိုလ်မျိုးတွေ မရှိခဲ့ဘူးဆိုရင် တောင်အာဖရိကဟာ ၁၉၉၄ လို အခြေအနေမျိုး ရောက်လာနိုင်မှာ မဟုတ်ဘူး” ဆိုပြီး လူဖြူ လူမည်း ခွဲခြားမှု အဆုံးသတ်လို့ တောင်အာဖရိကနိုင်ငံ ခေတ်သစ်သို့ ကူးပြောင်းနိုင်ခဲ့တာကို ရည်ညွှန်း ပြောသွားပါတယ်။

နယူးစ်ကလစ် ဂျာနယ်လစ်တွေ အိန္ဒိယမှာ ပစ်မှတ်ထား ခံနေရ

 စာနယ်ဇင်းသမား အယောက်  ၄၀ ကျော်ရဲ့ နေအိမ်တွေ ပစ်မှတ်ထားခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စာနယ်ဇင်းသမား အယောက် ၄၀ ကျော်ရဲ့ နေအိမ်တွေ ပစ်မှတ်ထားခံရ

အိန္ဒိယ နိုင်ငံ တောင်ပိုင်း ကရာလာပြည်နယ်မှာ နယူးစ်ကလစ် NewsClick ဆိုတဲ့ သတင်း ဝက်ဘ်ဆိုက်နဲ့ ဆက်စပ်နေတဲ့ စာနယ်ဇင်း သမား အမျိုးသမီး တစ်ယောက်ရဲ့ နေအိမ်ကို ရဲတွေ ဝင်ရောက် စီးနင်းခဲ့ပါတယ်။

အဲဒီ ဝက်ဘ်ဆိုက်ဟာ တရုတ်အစိုးရ ဝါဒဖြန့်တွေကို အခကြေးငွေ ရယူပြီး ဖြန့်ချိပေး နေတာ ဖြစ်တယ်လို့ စွပ်စွဲ ခံထားရပါတယ်။

အခု စီးနင်းခံရတဲ့ အိမ်ဟာ နယူးစ်ကလစ် ရဲ့ ဝန်ထမ်းဟောင်း အနုရှာ ပေါလ်ရဲ့ နေအိမ် ဖြစ်ပြီး၊ လက်ပ်တော့နဲ့ မိုဘိုင်းဖုန်းကို ရဲတွေ သိမ်းသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းကစလို့ နယူးစ်ကလစ်နဲ့ ဆက်စပ်နေတဲ့ စာနယ်ဇင်းသမားတွေ အပေါ် အိန္ဒိယ ရဲ့တပ်ဖွဲ့က ပစ်မှတ် ထားလာခဲ့တာမှာ၊ အခုဆိုရင် စာနယ်ဇင်းသမား အယောက် ၄၀ ကျော်ရဲ့ နေအိမ်တွေကို စီးနင်း ရှာဖွေတာတွေ၊ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး ဥပ‌‌‌ဒေ ပုဒ်မတွေကို အသုံးပြုပြီး အီလက်ထရောနစ် ပစ္စည်းတွေကို သိမ်းဆည်းတာတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီ အပြုအမူဟာ လက်ရှိ အာဏာရ ဟိန္ဒူ အမျိုးသားရေး ပါတီ ဘီဂျေပီရဲ့ သတင်းမီဒီယာ အပေါ် ထိန်းချုပ် ကန့်သတ်လာပြန်တဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ‌ဝေဖန်ကြပါတယ်။

ကာ့ဒ်တပ်ဖွဲ့ဝင် ၁၄ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တူရကီ ကြေညာ

ဆီးရီးယားမြောက်ပိုင်းမှာ ကာ့ဒ်တပ်ဖွဲ့ကို ထိန်းချုပ်နိုင်ဖို့ တူရကီလုပ်ဆောင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆီးရီးယားမြောက်ပိုင်းမှာ ကာ့ဒ်တပ်ဖွဲ့ကို ထိန်းချုပ်နိုင်ဖို့ တူရကီလုပ်ဆောင်

ဆီးရီးယား နိုင်ငံ မြောက်ပိုင်းမှာ ကာ့ဒ်မျိုးနွယ်စု လက်နက်ကိုင် ၁၄ ယောက်ဟာ သူတို့ရဲ့ လက်ချက်နဲ့ သေဆုံးသွားကြောင်း တူရကီက အတည်ပြု ထုတ်ပြန်ပါတယ်။

ဘယ်လို ပုံစံတိုက်ခိုက်ခဲ့တာလဲ ဆိုတာ အပါအဝင် အသေးစိတ် အချက်တွေကိုတော့ တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနက မပြောပါဘူး။

ဒါပေမဲ့၊ တူရကီ မြို့တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဗုံးပေါက်ကွဲ ခဲ့ပြီး ကာ့ဒ် အဖွဲ့ ပီကေကေက သူတို့ လက်ချက် ဖြစ်ကြောင်း ကြေညာခဲ့တဲ့နောက်၊ ကာ့ဒ်တွေ ခြေကုပ်ယူထားရာ ဆီးရီးယား မြောက်ပိုင်းက နေရာတွေကို ပစ်မှတ်ထားလို့ တူရကီက လေကြောင်းကနေ ထပ်ပြန်တလဲလဲ တိုက်ခိုက် နေခဲ့ပါတယ်။

ပီကေကေနဲ့ ဆက်စပ်သမျှ နေရာ ထိုင်ခင်း၊ လမ်းတံတား အဆောက်အအုံ မှန်သမျှ တရားဝင် ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ် ဆိုပြီး တူရကီဘက်က ကြောညာထားပါတယ်။