ဇန်နဝါရီ ၈ရက် သတင်းများ - ပုသိမ်ထောင်မှာ သေဆုံးခဲ့တဲ့ ကိုဝေယံဖြိုးကို ထောင်ဘက်က သရောင်းချောင်းသုဿန်မှာ သင်္ဂြိုဟ်ခဲ့

ရေးသားခဲ့သည်။

မိသားစုကိုလုံးဝတွေ့ခွင့်မပေးခဲ့လို့ သုဿန်မှာ သွားရောက်စောင့်ဆိုင်းခဲ့ကြရ

ထောင်ဘက်ကတွေ့ခွင့်မပေးတဲ့ ပုသိမ်အကျဥ်းထောင်မှာသေဆုံးခဲ့တဲ့ကိုဝေယံဖြိုးရဲ့ ရုပ်အလောင်းကို မိသားစုက သုဿန်မှာ သွားရောက်စောင့်ဆိုင်းခဲ့လို့  သင်္ဂြိုဟ် ခါနီးအချိန်မှာတွေ့ခွင့်ရခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

 ဇန်နဝါရီ ၆ ရက်က ဖြစ်ခဲ့တဲ့ ဧရာဝတီတိုင်းပုသိမ်အကျဥ်းထောင်ဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ ကိုဝေယံဖြိုး ကို မိခင်ဖြစ်သူနဲ့ မိသားစုဝင်အချို့က နောက်ဆုံး အချိန်မှာတွေ့ခွင့်ရဖို့တောင်းဆိုခဲ့ပေမဲ့ထောင်ဘက်က ခွင့်မပြုခဲ့လို့ ပုသိမ်မြို့ က သုဿန်မှာ သွားရောက်စောင့်ဆိုင်းခဲ့ကြတဲ့အတွက် သင်္ဂြိုဟ် ခါနီးအချိန်မှာ တော့ ခဏတွေ့ခွင့်ရလိုက်တယ်လို့ နီးစပ်သူကပြောပါတယ်။

'' ထောင်မှာ ဇန်နဝါရီ ၇ ရက် တမနက်လုံး မိသားစုကထောင်ပိုင်ကိုတွေ့ခွင့်တောင်းပြီး မျက်နှာမြင်ပါရစေဆိုပြီး တောင်းပန်တယ်။ မရတော့ နေ့လယ်မှာ ပုသိမ်က သုဿန်မှာ‌သွားစောင့်ကြတယ်။ အဲဒီမှာ ထောင်ဘက်က ၃နာရီမှာ သင်္ချိုင်းမှာလာသဂြိုဟ်တဲ့ အချိန်မှာ တွေ့လိုက်ရတာပါ၊ သူတို့(ထောင်) ဘက်က လုံးဝမစီစဥ်ပေးပါဘူး၊ကိုယ့်နည်းကိုယ့်ဟန်နဲ့ လိုက်သွားကြလို့တွေ့ခွင့်ရခဲ့တာပါ ''လို့ မိသားစုနဲ့ နီးစပ်သူကပြောပါတယ်။

ထောင်အတွင်းလူသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ ဒီဖြစ်စဥ်ကို စစ်ကောင်စီဘက်ကတော့ အကျဥ်းထောင်တွင်း အဓိကရုဏ်းဖြစ်စဥ်လို့ ထုတ်ပြန်ထားပြီး သေဆုံးခဲ့သူ ကိုဝေယံဖြိုး ဟာ အကြမ်းဖက်ပုဒ်မ  ၃ ခုနဲ့ တရားစွဲဆိုခံထားရတာပါ။

ဒီဖြစ်စဥ်မှာ သေဆုံးသူနောက်ထပ်တစ်ဦးရှိနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပေမဲ့လည်း အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

 ကိုဝေယံဖြိုးဟာ ချောင်းသာ ပီဒီအက်ဖ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က ပန်းတနော်မြို့နယ်မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်ကြောရေးမှာ လအနည်းငယ်ကြာအပြီးမှာ အကြမ်းဖက်ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခံရပြီး ပုသိမ်အကျဥ်းထောင်ကိုရောက်ရှိခဲ့တယ်လို့ နီးစပ်သူက ပြောပါတယ်။

 ပုသိမ်အကျဥ်းထောင်ဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာ ဇန်နဝါရီ ၅ ရက်ညပိုင်းက အကျဥ်းသားတစ်ဦးထံကနေ ကီးပတ်ဖုန်းတစ်လုံးသိမ်းဆည်းရမိတာကြောင့် အရေးယူဆောင်ရွက်နေတဲ့ဖြစ်စဥ်ကိုမကျေနပ်လို့ စတင်ဖြစ်ပေါ်တာလို့ ဆိုပါတယ်။

ဇန်နဝါရီ ၆ ရက်မနက်ပိုင်းက အကျဥ်းထောင်အိပ်ဆောင်တစ်ခုက အကျဥ်းသား အချုပ်သား ၇၀ ခန့်က အိပ်ဆောင်တံခါးတွေကို ချိုးဖျက်ပြီး အကျဥ်းဦးစီးဌာန ဝန်ထမ်းတွေကို ရန်မူဖို့ ကြိုးစားလာသလို နောက်ထပ်အိပ်ဆောင်တစ်ခုက အကျဥ်းသားအချုပ်သားတွေကပါ ပူးပေါင်းပါဝင်လာခဲ့ကာ ရန်မူတိုက်ခိုက်လာတာကြောင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီက ဆိုထားပြီး အကျဥ်းသားအချုပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားထိုးကြိတ်တာတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

 ဒီဖြစ်စဥ်အတွင်း ရဲနှစ်ဦး၊ အကျဥ်းဦးစီးဌာန ဝန်ထမ်း၉ ဦး ဒဏ်ရာရခဲ့ပြီး အချုပ်သားတစ်ဦးမှာ အချင်းချင်းရိုက်နှက်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 ပုသိမ်အကျဥ်းထောင်ဖြစ်စဥ်နဲ့ပတ်သက်လို့ ဇန်နဝါရီ ၅ ရက် ညပိုင်းမှာ ပုသိမ်အကျဥ်းထောင်တွင်း ထောင်ဝန်ထမ်းနဲ့ ရဲဝန်ထမ်းအင်အားအများအပြားက နိုင်ငံရေးအကျဥ်းသားတွေကို ပြင်းထန်စွာ ညှဥ်းပန်းနှိပ်စက်ခဲ့တယ်လို့ ကြားသိရပြီး ဇန်နဝါရီ ၆ ရက်နေ့မှာလည်း ဆက်လက် ရိုက်နှက်နှိပ်စက်ခဲ့ကြောင်းနဲ့ နိုင်ငံရေးအကျဥ်းသားတစ်ဦး သေဆုံးသွားကြောင်း ၊ ၈ ဦးမှာ ပုသိမ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး စိုးရိမ်ရကြောင်း၊ အခုလို ညှဥ်းပန်းနှိပ်စက်ခြင်းဟာ အလွန်ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကတော့ ပုသိမ်ထောင်ဖြစ်စဥ် အပါအဝင်  အကျဉ်းထောင်ထဲက အကြမ်းဖက်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို မှတ်တမ်းတင်နေသလို တရားမျှတမှု ဖော်ဆောင်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီ မှတ်တမ်းပေးပို့တာအပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

အင်းလေးမှာ PDF ဆိုပြီး ဆရာတော်တပါးနဲ့ လူ ၇ ဦး ဖမ်းဆီးခံရ

နှစ်ဖက်တိုက်ပွဲမှာ ဒေသကာကွယ်ရေးဘက်က ၆ ဦးသေဆုံးတယ်လို့ဆို

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ မှာ အကြမ်းဖက်လုပ်ငန်းတွေပြုလုပ်ဖို့စီစဥ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၈ဦး ဖမ်းဆီးခံရတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

စစ်ကောင်စီထုတ်ပြန်ချက်အရ ဒေသခံ ၈ ဦး အပြင် ရုပ်အလောင်း ၆ လောင်း နဲ့ လက်နက်၊ ခဲယမ်းတွေကို သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲ ညောင်ရွှေမြို့နယ်၊အင်းတိန်ကျေးရွာ၊အင်းတိန်ညောင်အုပ် ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် လည်းပါဝင်ပြီး ဒီဇင်ဘာ ၂၇ ရက်ညပိုင်း မှာ ဖမ်းဆီးရမိခဲ့တယ်လို့ပြောထားပါတယ်။

ကျောင်းထိုင်ဆရာတော် ဥုးဇဝန ကို စစ်ဆေးချက်အရ ရှမ်းတောင်PDF အဖွဲ့ခေါင်းဆောင် ၂ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သလို PDF သတင်းပေးဆိုသူနဲ့ငွေကြေးထောက်ပံ့သူတွေအမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၁ ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ရက်နေ့မှာ PDF အဖွဲ့ဝင်တွေခိုအောင်းနေတဲ့ ညောင်ရွှေမြို့နယ်၊လုံကန်ကျေးရွာ၊တောင်တိုကျေးရွာ၊တောင်ခြားပြင်ကျေးရွာတစ်ဝိုက် မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ PDF အဖွဲ့ဝင်တို့ကြားတိုက်ပွဲ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီဖြစ်စဥ်မှာ ရုပ်အလောင်း ၅ခုကို လက်နက်တွေနဲ့အတူ သိမ်းဆည်းမိခဲ့တယ်ဆိုပြီးလည်း ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၄ ရက် မှာလည်း ညောင်ရွှေမြို့ နယ်၊ကံရွာကျေးရွာအနီး နှစ်ဖက်တိုက်ပွဲ ဆက်ဖြစ်ပြီး PDF အဖွဲ့ဝင် ၃ဦး သေဆုံးခဲ့တယ်လို့ ပြောထားပါတယ်။

စစ်ကောင်စီအပြောအရ ဖမ်းဆီးရမိတဲ့ လက်နက်တွေထဲ လက်နက်မျိုးစုံ ၁၂ လက်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ လက်ပစ် ဗုံး ၂၃ လုံး၊ နင်းမိုင်း ၉ လုံး၊ကျည်မျိုးစုံ ၂၄၁၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၅ ခု၊ Drone ၁ စင်းတို့ ဖမ်းဆီးရမိတယ်လို့ဆိုပါတယ်။

ဒေသခံတွေရဲ့ အပြောအရ ပြီးခဲ့တဲ့ ရက်အတွင်း အင်းလေးကန် ဒေသ ကန် အ‌နောက်ဘက်နဲ့အရှေ့ဘက်ကုန်းလမ်း မှာ စစ်တပ်က စစ်ဆေးရေးတင်းကျပ်ပိတ်ဆို့ခဲ့သလို အလယ်လမ်းလို့ခေါ်ကြတဲ့ ရေလမ်းမှာလည်း ပိတ်ဆို့စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးဖို့တားချိန်မရပ်ပေးတဲ့ လှေအချို့ပစ်ခတ်ခံရတဲ့ဖြစ်စဥ်တွေလည်းရှိခဲ့တာလို့ ပြောကြပါတယ်။ လက်ရှိမှာတော့ ခရီးသွားကာလအတွင်း ရှမ်းပြည်တောင်ပိုင်း ကလော၊တောင်ကြီး နဲ့ အင်းလေးဒေသတွေကို ခရီးသွားတွေ ရှိနေချိန်မှာပဲ အခုတိုက်ပွဲသတင်းတွေကြောင့် အင်းလေးဒေသခရီးစဥ်တွေ ဖျက်သိမ်းကြတာ ရှိသလို အင်လေးဖောင်တော်ဦး မှာလည်း ခရီးသွားနည်းသွားတယ်လို့ ဒေသခံအချို့ကပြောပါတယ်။

၃ နှစ်နီးပါးကြာပိတ်ထားတဲ့ မူဆယ်နယ်စပ်ဂိတ်တွေ ပြန်မဖွင့်နိုင်သေး

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ အ‌ရေးပါတဲ့ မူဆယ် နယ်စပ်ဂိတ်တွေကို ဒီနေ့ ဇန်နဝါရီလ ၈ ရက်မှာ ပြန်မဖွင့်နိုင်သေးဘူးလို့ မူဆယ် ကုန်သည်ကြီးတွေ ဆီကနေ သိရပါတယ်။

နယ်စပ်ဂိတ်တွေကို တရုတ်ဘက်ခြမ်းက ပြန်ဖွင့်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာပေမဲ့ မြန်မာဘက်ခြမ်းက ပြန်မဖွင့်သေးတာကြောင့် နယ်စပ်ဂိတ်တွေ ပြန်ဖွင့်တာ မဟုတ်တဲ့အကြောင်း ကုန်သည်ကြီးတွေက ဘီဘီစီကို ပြောပါတယ်။

နယ်စပ်ဂိတ်တွေကို  ပြန်ဖွင့်မယ်လို့ဆိုပြီး မူဆယ်နဲ့ကပ်လျက် တရုတ်ဘက်ခြမ်း၊ ရွှေလီမြို့က အာဏာပိုင်တွေက အစောပိုင်းကတည်းက စာထုတ်ထားတာဖြစ်ပါတယ်။

မူဆယ်မြို့က တရုတ်-မြန်မာ နယ်စပ်ဂိတ်ပေါက်တွေဖြစ်တဲ့ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန်ဝိန်းဂိတ်တွေကို တရုတ်ဘက်က ဒီနေ့မှာ ဖွင့်လိုက်တာဖြစ်ပါတယ်။

မြန်မာဘက်ခြမ်းကတော့ ရွှေလီမြို့မှာ ကိုဗစ်ကူးစက်ပျံ့ပွားမှုနှုန်း ၈၀ ရာခိုင်နှုန်းအထိ ဖြစ်နေတဲ့ အခြေအနေကြောင့် ကျန်းမာရေးအခြေအနေကို ထောက်ရှုပြီး ဂိတ်ပြန်မဖွင့်သေးတာလို့ ကုန်သည်ကြီးတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက် စီးပွားကူးသန်းဝန်ကြီးဌာနတွေရဲ့ အချက်အလက်တွေအရ မူဆယ် နယ်စပ်ကနေ တဆင့် တရုတ်နဲ့ ကုန်သွယ်မှုဟာ အာဏာမသိမ်းခင် ကိုဗစ်ကာလ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နဲ့ အာဏာသိမ်းပြီးနောက် ၂၀၂၁-၂-၂၂ ဘဏ္ဍာနှစ်အတွင်း  မူဆယ်ကနေ တရုတ်ဘက်ခြမ်းကို ကုန်သွယ်မှုဟာ အမေရိကန်ဒေါ် လာ သန်း ၃၀၀ ကျော်အထိ ကျဆင်းခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်း ၂ နှစ်အတွင်း စစ်ရှောင်ဒုက္ခသည် ၁ သန်းခွဲအထိရှိလာ

အာဏာသိမ်းပြီးကစလို့ ၂နှစ်နီးပါးကြာလာတဲ့အချိန်အထိ မလုံခြုံမှုနဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတဝှမ်းမှာ လူပေါင်း ၁.၅ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစားနာထောက်ထားခြင်းဆိုင်ရာ ညှိနှိုင်းမှုရုံး UNOCHA ရဲ့ ၂၀၂၂ခုနှစ် နှစ်ကုန်အထိစာရင်းတွေအရသိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် တစ်နှစ်တာ ကာလအတွင်း ရွှေ့ပြောင်းဒုက္ခသည်အရေအတွက် နှစ်ဆကျော် ဟာ လူသားသိက္ခာနဲ့အညီနေထိုင်နေကြပြီး၊ နိုင်ငံတဝှမ်းနဲ့ ဝေးလံခေါင်သီပြီး လက်လှမ်းမမီတဲ့နေရာ‌တွေမှာဆို ပိုမိုဆိုးဝါးစွာ ခံစားနေကြရတယ်လို့ UNOCHA က ထုတ်ပြန်ပါတယ်။

အခု ၂၀၂၃ခုနှစ်မှာတော့ အခုလိုအခြေအနေတွေကြောင့် လူပေါင်း ၄ သန်းခွဲလောက်ဟာ အရေးပေါ်အသက်ကယ်ဆယ်ရေးအကူအညီတွေ လိုအပ်လိမ့်မယ်လို့လည်း ပါရှိပါတယ်။

အဲဒီ လူပေါင်း ၄သန်းခွဲအတွက် အသက်ကယ်ကူညီကယ်ဆယ်ရေးလုပ်ဆောင်နိုင်ဖို့ ရံပုံငွေရရှိရေးလည်း လိုအပ်နေတယ်လို့ UNOCHA က ထုတ်ပြန်ရေးသားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်းက ရှိခဲ့တဲ့ စစ်ဘေးရှောင်ကာ ကူညီကယ်ဆယ်ရေးလိုအပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီပေးဖို့ ရံပုံငွေ ၈၂၆ သန်း လိုအပ်ခဲ့ပေမယ့် အဲဒီထဲက ဒေါ်လာသန်း ၂၉၀ ပဲ ရရှိခဲ့ပါတယ်။

ငွေကြေးလိုအပ်ချက်အပြင် မြေပြင်ကူညီကယ်ဆယ်ရေးအပိုင်းတွေမှာလည်း လိုအပ်နေတဲ့နေရာတွေအထိ သွားရောက်ကူညီနိုင်ရေးအတွက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး တင်းကျပ်မှုတွေရှိနေတာကြောင့် အထောက် အကူ ပေးရေးလုပ်ငန်းတွေကို ပိုမိုခက်ခဲသွားစေတယ်လို့ UNOCHA က ထည့်သွင်း ထုတ်ပြန် ထားပါတယ်။

အဲဒီအပြင် ပဋိပက္ခတွေ၊ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ အန္တရာယ်တွေ၊ လုံခြုံရေး တင်းတင်းကျပ်ကျပ်၊ ဝင်ရောက်ခွင့် ကန့်သတ်ချက်တွေ၊ အထူးသဖြင့် အနောက်မြောက်နဲ့ အရှေ့တောင်ပိုင်းတို့မှာ အကူအညီပေးရေး လုပ်သားတွေအပေါ် ခြိမ်းခြောက်မှုတွေ မြင့်တက်လာနေပြီး အသက်အန္တရာယ်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေကို အဟန့်အတား ဖြစ်နေတယ်လို့လည်း UNOCHA က ‌ထည့်သွင်းပြောဆိုပါတယ်။