အောက်တိုဘာ ၄ရက်ထိပ်တန်းရောက်သတင်းများ

ရေးသားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်စွပ်စွဲခံထားရတဲ့ အဂတိအမှု၂မှု လာမယ့် ၁၂ရက်နေ့မှာ အမိန့်ချဖို့ရှိ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ပထမဆုံးအယူခံလျှောက်လဲချက်ပေးမယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရဆဲ အမှုတွေထဲက စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေလှူခဲ့တဲ့ ဖြစ်စဥ်မှာ အဂတိလိုက်စားမှုရှိတယ်ဆိုပြီး စစ်တပ်ဘက်က စွပ်စွဲထားတဲ့ အမှု ၂မှုအတွက် ဒီကနေ့ ရုံးချိန်းမှာ နှစ်ဘက်အပြီးသတ်လျှောက်လဲချက်ပေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေကနေသိရပါတယ်။

ဒါ‌ကြောင့် လာမယ့် အောက်တိုဘာ ၁၂ရက်နေ့မှာ ဒီ ၂မှုအတွက် အမိန့်ချမှတ်ဖို့ရှိနေတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေဘက်ကတော့ ဦးမောင်ဝိတ်ဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို မိမိသဘောဆန္ဒအရလှူဒါန်းခဲ့တာဖြစ်တာကြောင့် မသက်ဆိုင်ဘဲ ပြစ်မှုကင်းရှင်းကြောင်း လျှောက်လဲချက်ပေးခဲ့ပါတယ်။ အခု ဦးမောင်ဝိတ်နဲ့ ဆက်စပ်တဲ့အမှု ၂မှုအပါအဝင် ဒေါ်အောင်ဆန်းစုကြည်တရားရင်ဆိုင်ရဆဲ အမှု ၇မှု ကျန်ရှိနေသေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေထဲက ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု ၁၂မှုအတွက် ထောင်ဒဏ် ၂၃နှစ်အထိ အမိန့်ချခံထားရတာလည်း ဖြစ်ပါတယ်။ အဲ့ဒီအမှုတွေအကုန်လုံးကိုလည်း တရားရုံးလမ်းကြောင်းအရ အယူခံတက် သွားမယ်လို့ နီးစပ်သူတွေကနေ သိရပါတယ်။

အဲ့ဒီအယူခံတက်တဲ့အမှုတွေထဲက ပထမဆုံးအဖြစ် ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာလက်ခံထားတယ်ဆိုပြီး အဂတိအမှုနဲ့ အမိန့်ချထားတာအတွက် နေပြည်တော်ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ လာမယ့် ၆ရက်နေ့မှာ အယူခံလျှောက်လဲချက်ပေးဖို့ရှိပါတယ်။

နိုင်ငံတကာကနေ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဆက်တိုက်တောင်းဆို မှုတွေရှိနေတဲ့ကြားကနေ အခုလပိုင်းတွေအတွင်း စစ်ကောင်စီဘက်က ဆက်တိုက်အမိန့်ချကာ နေပြည်တော်ထောင်ထဲမှာ ချုပ်နှောင်ထားဆဲဖြစ်ပါတယ်။

ကနီ၊ ချင်းတွင်းမြစ်တလျှောက် ရွာခံတွေစစ်တိမ်းရှောင်ရ

မနေ့ အောက်တိုဘာ ၃ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အလုံစစ်ပင်ဆိပ်ကမ်းကနေ ထွက်လာတဲ့ စစ်ကောင်စီရေယာဉ် ၁၄ စီးဟာ ဟုမ္မလင်းမြို့အထက်ဘက်ကို ဆန်တက်လာချိန် ကနီနဲ့ ဘုတလင်နယ်နားအရောက်မှာ ကာကွယ်ရေးအဖွဲ့တွေဘက်က တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ရေယာဉ်တစ်စင်းမီးလောင်ကျွမ်းပြီးနောက် ချင်းတွင်းမြစ်ကြောတလျှောက်မှာရှိတဲ့ ဘုတလင်ရော ကနီမြို့နယ်ဘက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် မနေ့ကစပြီး ဒေသခံတွေ စစ်တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

"ကျေးရွာ ၂၀လောက်က ဒေသခံ သောင်းဂဏန်းပေါ့၊ ခန့်မှန်း နှစ်သောင်းလောက် ရုတ်တရက် ထွက်ပြေးကြရတာ"လို့ မြေပြင်အခြေအနေသိရှိသူ ကနီဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ ဒေသတဝိုက် မြေပြင်ရောရေကြောင်းမှာပါ စစ်ကြောင်းထိုး တိုက်ခိုက်မှုတွေမရှိဘူးလို့ သိရပါတယ်။

ကြံ့ခိုင်ရေးညီလာခံကာလအတွင်း တပ်ထိပ်ပိုင်းရာထူးတွေအပြောင်းအလဲဖြစ်

စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း နဲ့ အမှတ်(၄)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးတို့ အနားပေးခံရတာအပါအဝင် တပ်ထိပ်ပိုင်းရာထူးတချို့အပြောင်းအလဲဖြစ်ခဲ့တယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေထံကသိရပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး နှစ်ဦးဟာ သူတို့ ရာထူးမှာ ၅ နှစ်ကြာပြီးတဲ့နောက် အနားပေးခံရတာဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးဟာ ပြည်ထဲရေးဒုဝန်ကြီးတာဝန်ကိုထမ်း‌ဆောင်ခဲ့ဖူးပြီး ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းကတော့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်းဖြစ်ပါတယ်။

ဒုတိယတပ်မတော် စစ်ဆေးရေးအရာရှိချုပ် ဗိုလ်ချုပ်မျိုးမြင့်လည်း အနားပေးခံရတဲ့အထဲပါဝင်တယ်။

စစ်ရေးချုပ်နေရာကို တပ်မတော်စစ်ဆေးရေးနဲ့ စာရင်းစစ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး ဖြစ်လာတယ်လို့သိရပါတယ်။

အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင် က အမှတ်(၄)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်လာပါတယ်။

အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်အောင်အောင်က ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာပြီး အမှတ်(၂)စစ်ဆင်ရေးအထူအဖွဲ့မှူးဖြစ်လာတယ်လို့သိရပါတယ်။

ယခင်ကလည်း ကြံ့ခိုင်ရေးပါတီကို တပ်မတော်က အရာရှိကြီးတချို့ ကူးပြောင်းလာကြတဲ့ အစဥ်အလာရှိလို့ အခုအနားပေးခံရသူတွေ ပါတီကိုရောက်လာနိုင်ချေရှိတယ်လို့ နိုင်ငံရေးအကဲခပ်တချို့က သုံးသပ်ပါတယ်။

ရှမ်းပြည်နယ်၊ မန်တုံမြို့ပေါ်တိုက်ပွဲဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းက ‌ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့ပေါ် ရပ်ကွက် (၁) နဲ့ (၂) မှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေပူးပေါင်းအဖွဲ့အကြား ဒီကနေ့ အောက်တိုဘာ ၄ရက်၊ မနက် ၁၁နာရီဝန်းကျင်ကစပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေကနေသိရပါတယ်။

ဒေသခံတွေဘက်ကပြောပြတဲ့ ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေလို့ ဆိုပေမယ့်လည်း အဖွဲ့အမည်အတိအကျကိုသိရှိနိုင်ဖို့ ဘီဘီစီက ဆက်လက်အတည်ပြုမေးမြန်းနေပါတယ်။

အခုတိုက်ပွဲအတွင်း လက်နက်ကြီးကျတာကြောင့် လူနေအိမ်တစ်လုံးပျက်စီးထားပြီး အရပ်သားတော့ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။

"မနက်ကတခါဖြစ်တယ်၊ အခုငြိမ်နေတာ။ ညနေ ၃နာရီလောက်တိုက်ပွဲပြန်စမယ်လို့ ပြောသံကြားနေတယ်။ အခုထိတော့ထပ်မဖြစ်သေးဘူး။ မန်တုံအနီးက ကျေးရွာတချို့ကပါ စစ်ရှောင်ဖို့ပြင်ထားပေမဲ့ ထွက်ဖို့မလွယ်ဘူးဖြစ်နေတယ်" လို့ မြေပြင်အခြေအနေသိရှိသူ တစ်ဦး ကဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ရက်ကလည်း မြို့တွင်းတိုက်ပွဲဖြစ်ခဲ့ပြီးနောက် မန်တုံမြို့ပေါ်မှာ အင်တာနက်ရော ဖုန်းလိုင်းတွေပါ ဖြတ်တောက်ခံထားရပြီလို့ နီးစပ်သူတွေကနေသိရပါတယ်။

ကန့်ဘလူ၊ ဇော်ချောင်းကျေးရွာမီးရှို့ခံရ

ဒီကနေ့ အောက်တိုဘာ ၄ရက်မနက်အစောပိုင်းမှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇော်ချောင်းကျေးရွာထဲကို စစ်ကောင်စီတပ်တွေရောက်ရှိလာခဲ့ပြီး ‌နေအိမ်မီးရှို့တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီစစ်ကြောင်းဟာ ကိုးတောင်ဘို့ကျေးရွာထဲမှာ အထိုင်ချထားတဲ့ တပ်ဖွဲ့တွေဖြစ်ပြီး မနေ့ညက ချပ်ကုန်းကျေးရွာကို ဝင်‌ရောက်ခဲ့ကာ ဒီမနက်မှာတော့ ဇော်ချောင်းရွာဘက် ရောက်လာတာလို့ဆိုပါတယ်။

"မနက် ၈နာရီလောက်ကတည်းက ရွာကိုမီးရှို့တာ၊ ဇော်ချောင်းရွာကဒါနဲ့ဆို မီးရှို့ခံရတာနှစ်ကြိမ်ရှိပြီ။ ဒီတခါတော့ မီးခိုးတွေ့ရတာပိုများတယ်။ အခုနေ့လယ်တော့ မီးခိုးနည်းသွားပြီ၊ ရွာထဲတော့ သူတို့ရှိနေတုန်းပဲ" လို့ မြေပြင်အခြေအနေသိရှိသူ ကန့်ဘလူဒေသခံတစ်ဦးက ပြောပါတယ်။

ဒါကြောင့် ကိုးထောင်ဘို့ကျေးရွာအုပ်စုအောက်မှာရှိတဲ့ ချပ်ကုန်း၊ ဇော်ချောင်း၊ နှော်ကုန်း၊ သင်တော၊ အလယ်ခုံစတဲ့ ရွာတွေက‌ ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးကြရပြီလို့သိရပါတယ်။

ဘုတလင်မြို့နယ် ကလိုင်းကျေးရွာမှာ ဗုံးသီးကို တုတ်နဲ့ရိုက်တာကြောင့် ကလေးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကလိုင်းကျေးရွာမှာ အောက်တိုဘာ ၃ ရက်က နွားကျောင်းနေတဲ့ အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသမီးက နွားကျောင်းရင်းတွေ့ရှိတဲ့ ဗုံးသီးတစ်လုံးကို ဝါးရင်းတုတ်နဲ့ ရိုက်ကြည့်ရာကနေ ပေါက်ကွဲမှုဖြစ်တာကြောင့် အဲ့ဒီအမျိုးသမီးနဲ့ အနားမှာရှိတဲ့ အသက် ၁၁ နှစ်အရွယ် ကလေးတစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီဗုံးသီးက စစ်ကြောင်းကနေ ကျကျန်ခဲ့တာလို့ ဒေသခံတွေက ယူဆပြောပြကြပါတယ်။

“လမ်းဘေးမှာ ကျနေတဲ့ ဗုံးသီးကိုကောက်ပြီး သစ်ပင်အရိပ်ကို ယူလာတယ်။ ပြီးတော့ ဝါးရင်းတုတ်နဲ့ရိုက်တော့ ပေါက်ကွဲရော၊ အဲ့မျိုးသမီးက လက်တွေလည်းပြတ်၊ မျက်နှာဆိုလည်း ရုပ်ဖမ်းမရတော့ဘူး။ အနားမှာရှိတဲ့ အသက် ၁၀ နှစ်ဝန်းကျင် ယောက်ျားလေး နှစ်ယောက်က ဒဏ်ရာပြင်းတော့ မုံရွာဆေးရုံကိုပို့တာ၊ မေးအောက်ကိုထိတဲ့ ကလေးတစ်ယောက်က ဆေးရုံမှာဆုံးတယ်။ နောက်တစ်ယောက်ကတော့ ခြေထောက်ကို ထိတယ် ”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဘုတလင်မြို့ကနေ ထွက်လာတဲ့စစ်ကြောင်းဟာ ကျောင်းရွာမှာ ညအိပ်ခဲ့ပြီးနောက် အောက်တိုဘာ ၂ ရက်မှာ ကလိုင်းကျေးရွာကို ဖြတ်ပြီး ကူတော်ရွာဘက်ကိုသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးဆံပေါက်ကွဲခဲ့တဲ့ ဖြစ်စဥ်ကြောင့် သေဆုံးသွားတဲ့အမျိုးသမီးကို အောက်တိုဘာ ၃ ရက်နေ့မှာ သဂြိုလ်ခဲ့ပြီး၊ မုံရွာဆေးရုံမှာ ဆုံးသွားတဲ့ကလေးကိုတော့ ဒီနေ့မှာကျေးရွာကို ပြန်သယ်လာတယ်လို့လည်း ပြောကြပါတယ်။

အရပ်သားတွေက စစ်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်လို့ အန္တရာယ်ရှိတာကို မသိကြတာကြောင့် အခုလိုဖြစ်ခဲ့တဲ့အတွက် လက်နက်အကြောင်း နားလည်သူတစ်ချို့က အဲ့ဒီကျေးရွာဝန်းကျင်မှာ အသိပညာပေးတာတွေ လုပ်နေကြပါတယ်။

လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးကို စစ်ကောင်စီဥက္ကဋ္ဌတက်ရောက်ခွင့်မရ

လာမယ့် နိုဝင်ဘာ ၈ရက်ကနေ ၁၃ရက်အထိ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ပြုလုပ်မယ့် အာဆီယံထိပ်သီးအစည်းအဝေး(ASEAN Summit)ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်တက်ရောက်ခွင့်မပေးဘူးလို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Chum Sunry ကပြောပါတယ်။

"အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကုန်လုံးကို ဖိတ်ကြားစာတွေပို့ထားပါပြီ။ ဒေသတွင်းက‌ရော နိုင်ငံတကာက အဖွဲ့အစည်းတွေကိုလည်းဖိတ်ထားပါတယ်။ မြန်မာကတော့ နိုင်ငံရေးအရ မသက်ဆိုင်တဲ့သူကိုပဲ တက်ရောက်ဖို့ ဖိတ်မှာပါ" လို့ Mr. Chum Sunry က ဖနွမ်းပင်တိုင်းမ်ကို ပြောထားပါတယ်။

ဒါဟာ မြန်မာ့အရေးအတွက် အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်လုပ်ဆောင်တာမရှိတာကြောင့် အခုလိုမဖိတ်တာလို့ ဆိုပါတယ်။

အခုလာမယ့် ၄၀ နဲ့ ၄၁ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ဒီဘုံသဘောတူညီချက်ငါးချက်ကို ပြန်သုံးသပ်ဖို့ရှိပြီး မြန်မာ့အရေးအတွက် ထိရောက်တဲ့ဖြေရှင်းနည်း‌ဖြစ်ဖို့ တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ မလေးရှားနိုင်ငံဘက်က တရားဝင်ပြောကြားထားပါတယ်။

အာဆီယံအပါအဝင် မြန်မာ့အရေးစိတ်ဝင်စားတဲ့နိုင်ငံတွေပါ ပါဝင်နိုင်မယ့် ‌နည်းလမ်းကို တိုက်တွန်းသွားမယ်လို့ မလေးရှားဘက်ကထုတ်ပြောထားတာပါ။

ပြီးခဲ့တဲ့နှစ်အောက်တိုဘာမှာပြုလုပ်ခဲ့တဲ့ အာဆီယံအစည်းအဝေးမှာလည်း မြန်မာဘက်က ကိုယ်စားလှယ်တက်ရောက်တာမျိုးမရှိခဲ့ပါဘူး။

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌနေရာ ဦးသန်းဋ္ဌေးပြန်အရွေးမခံတော့

ဒီကနေ့ အောက်တိုဘာ ၄ ရက်မှာပြုလုပ်နေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ညီလာခံမှာ ပါတီဥက္ကဋ္ဌတာဝန်ကနေ နှုတ်ထွက်ပြီး ပြန်အရွေးမခံတော့ဘူးလို့ ဦးသန်းဋ္ဌေးက မိန့်ခွန်းမှာ ထည့်ပြောတဲ့အကြောင်း ညီလာခံတက်နေသူတွေထံက သိရပါတယ်။

ရွေးကောက်ပွဲနိုင်‌အောင် ဦးမဆောင်နိုင်ခဲ့တာ၊ ပါတီဝင်နှစ်ထောင်ကျော် သတ်ဖြတ်ခံရတာကို အကာအကွယ်မပေးနိုင်တာမှာ တာဝန်ရှိတယ်လို့ယူဆတဲ့အပြင် ခါးနာဝေဒနာကိုခွဲစိတ် ကုသထားတာကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ခရီးကြမ်းမထွက်နိုင်တော့တာကြောင့် နှုတ်ထွက်တာလို့ ဦးသန်းဌေးကမိန့်ခွန်းထဲ ထည့်ပြောတယ်လို့ ပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးတင်ထားပါတယ်။

ဦးသန်းဋ္ဌေးလက်ရှိရင်ဆိုင်နေရတဲ့ ပါတီတွင်းအွန်လိုင်းကတိုက်ခိုက်မှုတွေကြောင့်နှုတ်ထွက်တာမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။

အခုကျင်းပနေတဲ့ ညီလာခံကနေ ကြံ့ခိုင်ရေးထိပ်ပိုင်းခေါင်းဆောင်တွေကို ပြန်လည် ရွေးကောက်ဖို့ရှိနေတာဖြစ်ပြီး လက်ရှိစစ်ခေါင်းဆောင်နဲ့ နီးစပ်သူတွေ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်မှာ ပါဝင်လာနိုင်ချေရှိတယ်လို့ မြန်မာ့နိုင်ငံရေးစောင့်ကြည့်သူတွေက သုံးသပ်ထားပါတယ်။

ပြည်နှင်ဒဏ်ပေးမယ့် တရုတ်နိုင်ငံသား ၇ဦး အမည်မသိ လက်နက်ကိုင်တွေကကြားဖြတ် ဖမ်းဆီးခေါ်ဆောင်

မြန်မာနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးမယ့် တရုတ်နိုင်ငံသား ၇ယောက်ကို မန္တလေးကနေ လားရှိုးကို ပို့ဆောင်စဥ် အာဏာပိုင်တွေ လက်ထဲကနေ လွတ်မြောက်သွားတယ်လို့ စစ်ကောင်စီဘက်က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။

လ၀က အရာရှိ၄ဦးနဲ့အတူ တရုတ်နိုင်ငံသားတွေ လိုက်ပါလာတဲ့ကားကို ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ လွယ်ခေါ် ရွာနားမှာ နောက်ကဆိုင်ကယ်၂စင်းနဲ့ လိုက်ပါလာတဲ့ လက်နက်ကိုင် ၃ယောက်ကရပ်တန့်ခိုင်းကာ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လ၀က အရာရှိတွေကိုတော့ပြန်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အဲဒီ ဖြစ်ရပ်မှာ ဆိုင်ကယ်နဲ့ လက်နက်ကိုင်၃ယောက်ကို လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့လို့ စစ်ကောင်စီက သုံးနှုံးထားပြီး အမည်ဖော်ပြမထားဘဲ စိစစ်ဆဲလို့ ဆိုထားပါတယ်။

နိုင်ငံတော်ကိုပေးရမယ့်အခွန်တွေနဲ့ချေးငွေတွေ အပြည့်အဝပြန်ပေးဖို့ စစ်ခေါင်းဆောင်ပြော

စားသုံးဆီထုတ်လုပ်ပြီး ပြည်ပကိုပြန်လည်တင်ပို့နိုင်အောင်ကြိုးပမ်းမယ်လို့ ဆို

နိုင်ငံကိုပေးသွင်းရမယ့်အခွန်အခတွေကို အပြည့်အဝပေးသွင်းဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကိုဗစ်ချေးငွေတွေကိုလည်း ပြန်ဆပ်ရမယ့်ကာလအတွင်း ပြည့်မီအောင်ပြန်ပေးသွင်းဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မနေ့ အောက်တိုဘာ ၃ရက်နေ့မှာ အသေးစားနှင့်အငယ်စားစက်မှုလုပ်ငန်းရှင်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံချိန် ပြောခဲ့ပါတယ်။

မြန်မာ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အဓိကဆွေးနွေးခဲ့ကာ လုပ်ငန်းရှင်တွေထဲ အခွန်တိမ်းရှောင်သူတွေမရှိစေဖို့ကြပ်မတ်ဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ပေးဆောင်မယ့်အခွန်ငွေတွေကို လာမယ့်ဘတ်ဂျက်ကာလမှာ နိုင်ငံစီးပွား‌ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအတွက် ထည့်သွင်းလျာထား‌ ဆောင်ရွက်သွားမှာဖြစ်သလို ချေးငွေတွေပြန်ရပါက နိုင်ငံတော်မှာ ပြည်တွင်းလည်ပတ်သုံးစွဲငွေတွေရရှိမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေအတွက် ချေးငွေပြန်ထုတ်ပေးမယ်လို့ ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းတွေဘက်ပြန်ကြည့်ရင်လည်း ဆီထွက်သီးနှံစိုက်ပျိုးရာမှာ မြေပဲသီးနှံတစ်ခုပဲ အထွက်နှုန်းကောင်းပြီး ကျန်တဲ့သီးနှံတွေက ရည်မှန်းချက်အတိုင်းမထွက်တာကြောင့် စိုက်ပျိုးတဲ့လုပ်ငန်း‌ရှင်တွေနဲ့ ဆီထုတ်လုပ်သူတွေ အမှန်တကယ်အလုပ်လုပ်ဖို့ လိုအပ်မယ်လို့ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဒါမှသာ မကြာမီကာလမှာ ပြည်တွင်းဆီလိုအပ်ချက်ကိုပြည့်မီတဲ့အပြင် ပိုလျှံကာ ပြည်ပကို ပြန်လည်တင်သွင်းသူ (exporter) အဖြစ်ထိရောက်အောင် ကြိုးပမ်းသွားမယ်လို့ သူကဆိုပါတယ်။

ရန်ကုန်တိုင်းက စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကတော့ စျေးကွက်လည်ပတ်ဖို့ ရင်းနှီးမြှုပ်နှံငွေ၊ လျှပ်စစ်လိုအပ်ချက်အပြင် မြေနေရာလိုအပ်ချက်နဲ့ ကျွမ်းကျင်လုပ်သားလိုအပ်နေတယ်လို့ တင်ပြခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အခြေခံလိုအပ်ချက်တွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးမယ်လို့ တုံ့ပြန်ပြောခဲ့ပါတယ်။