စက်တင်ဘာ ၁၅ ရက် ထိပ်တန်းသတင်းများ - စစ်တွေ မြို့တွင်းပစ်ခတ်မှု အမျိုးသားတစ်ဦးသေဆုံး

အမျိုးသားတစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ရေးသားခဲ့သည်။

စစ်တွေမြို့က ရခိုင်ပြည်နယ်အစိုးရရုံးနဲ့ ကိုက် ၂၀၀ လောက်သာဝေးတဲ့နေရာမှာ ဒီကနေ့နေ့လယ်ပိုင်းက ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးသွားတယ်လို့ အခင်းဖြစ်ပွားတဲ့နေရာအနီး နေထိုင်သူတွေက ပြောကြပါတယ်။

သေဆုံးသွားသူဟာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်ဖြစ်ကြောင်းသိရပြီး ဘယ်အဖွဲ့အစည်းကပစ်ခတ်သွားတယ်ဆိုတာ မသိရသေးပါဘူး။

စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်တာလို့ အရပ်ထဲမှာ ပြောဆိုနေကြပေမယ့် ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီပစ်ခတ်မှုရဲ့အနီးဝန်းကျင်မှာ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဆက်သွယ်ရေးရုံးနဲ့ ကြံ့ခိုင်ရေး ပါတီရုံး တို့ လည်း တည်ရှိနေတာ ဖြစ်ပါတယ်။

ALP တပ်ဖွဲ့ဝင်တွေဟာ စစ်တွေမြို့ပေါ်မှာ အခုလို မကြာခဏပစ်ခတ်ခံနေကြရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က မင်းဂံရပ်ကွက်မှာရှိတဲ့ ဥက္ကဋ္ဌ ရုံးကနေ မုန်တိုင်းကယ်ဆယ်ရေးအတွက် အစည်းအဝေးလုပ်ပြီးပြန်လာတဲ့ ALP တပ်ဖွဲ့ဝင်တွေ စစ်တွေတက္ကသိုလ်အနီးပစ်ခတ်ခံရပြီး ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပါတယ်။

အခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း လွတ်လပ်ရေးနေ့အခမ်းအနားကပြန်လာတဲ့ ALP စစ်ဦးစီးချုပ်နဲ့ တပ်ရင်းမှူးတို့အပါအဝင် သုံးဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဥ်တွေ ရှိခဲ့ဖူးပါတယ်။

အာဆီယံလေတပ်ဦးစီးချုပ်တွေ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့တွေ့

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နဲ့ နေပြည်တော်ရောက်နေတဲ့ အာဆီယံလေတပ်ဦးစီးချုပ်တွေ

ဓာတ်ပုံ ရင်းမြစ်, cincds

စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နဲ့ နေပြည်တော်ရောက်နေတဲ့ အာဆီယံလေတပ်ဦးစီးချုပ်တွေ မနေ့ကတွေ့ဆုံခဲ့ပြီး စစ်ကောင်စီရဲ့လုပ်ဆောင်ချက်တွေကို ပြောပြခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘရူနိုင်းလေတပ်ဦးစီးချုပ်၊ ကမ္ဘောဒီးယားလေတပ်ဦးစီးချုပ်၊ လာအိုလေတပ်ဦးစီးချုပ်၊ ထိုင်းလေတပ်ဦးစီးချုပ် နဲ့ ဗီယက်နမ်လေတပ်ဦးစီးချုပ် တို့ တွေ့ခဲ့ကြတာဖြစ်ပြီး အာဆီယံတပ်မတော်တွေအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် သန်းခေါင်စာရင်းကောက်ယူဖို့ နဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေတွေကိုပါ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အာဆီယံလေတပ်ဦးစီးချုပ်တွေကို ပြောပြခဲ့ပါတယ်။

ဝေဖန်ကန့်ကွက်မှုတွေရှိနေတဲ့ အကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး ကို အာဆီယံ ၅ နိုင်ငံတက်ရောက်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်က နေပြည်တော်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံနဲ့ စင်္ကာပူနိုင်ငံလေတပ် ဦးစီးချုပ်တွေကတော့ နေပြည်တော်ကိုရောက်မလာဘဲ Video Message ပေးပို့ပြီး မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကတော့ အစည်းအဝေးတက်ရောက်ခဲ့ခြင်းမရှိပါဘူး။

လူပေါင်းများစွာသေကြေပျက်စီးခဲ့တဲ့ ပြည်တွင်းကတိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကိုအားထားခဲ့တာကြောင့် မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ဒီအစည်းအဝေးကို မတက်ရောက်ဖို့နဲ့ အသိအမှတ်မပြုဖို့ ကန့်ကွက်တားမြစ်မှုတွေ ရှိခဲ့တာပါ။

မြန်မာနိုင်ငံကိုရောက်နေတဲ့ လေတပ်ဦးစီးချုပ်တွေကတော့ နေပြည်တော်က သူရဲကောင်းဗိမာန် နဲ့ ပြင်ဦးလွင်မြို့အထိပါ အလည်အပတ် သွားရောက်ခဲ့ကြပါတယ်။

ဗဟိုဘဏ်ဝန်ထမ်း လေးဆယ်ကျော်ကို အကြမ်းဖက်အဖြစ် NUG ကြေညာ

ဗဟိုဘဏ်ဝန်ထမ်း လေးဆယ်ကျော်ကို အကြမ်းဖက်အဖြစ် NUG ကြေညာ

ဓာတ်ပုံ ရင်းမြစ်, MOI

ဗဟိုဘဏ်ဝန်ထမ်းတွေဟာ စစ်ကောင်စီအတွက် ဘဏ္ဍာငွေအထောက်အပံ့၊ ငွေကြေးစီးဆင်းမှု၊ နိုင်ငံခြားတိုင်းပြည်တွေက လေယာဉ်ဆီအပါအဝင် လူအများအပြားသေကြေပျက်စီးနိုင်တဲ့ လက်နက်တွေဝယ်ယူတဲ့ ကိစ္စရပ်တွေမှာ အဓိကကြံရာပါအဖြစ် ပါဝင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောပါတယ်။

ဒါကြောင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌတွေ ဖြစ်တဲ့ ဦးဇော်မြင့်နိုင်၊ ဒေါက်တာလင်းအောင်တို့အပြင် ညွှန်ကြားရေးမှူးချုပ်အဆင့်ကစလို့ ညွှန်ကြားရေးမှူးအဆင့်အထိ ၄၄ ယောက်ကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာတာလို့ ဆိုပါတယ်။

ဗဟိုဘဏ်ဥက္ကဋ္ဌအပါအဝင် ဝန်ထမ်းအဆင့်ဆင့်ဟာ ပြည်တွင်းစျေးနှုန်းတည်ငြိမ်အောင် ရရှိစေမယ့် ငွေကြေးမူဝါဒသတ်မှတ်ပြီး အကောင်အထည်ဖော်ရမယ့်အစား မြန်မာ့ငွေစက္ကူတွေကို ရိုက်ထုတ်တဲ့အကျိုးဆက်ကြောင့် ‌ငွေကြေးဖောင်းပွပြီး ကုန်စျေးနှုန်းကြီးမြင့်တဲ့ဒဏ်ခံနေရတယ်လို့ NUG က ထောက်ပြပါတယ်။

ဒါ့အပြင် နိုင်ငံခြားငွေစျေးကွက်ကိုလည်း စစ်ကောင်စီအလိုကျလုပ်‌ဆောင်ခွင့်ပေးထားတာကြောင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေသလို ဗဟိုဘဏ်ကစီမံရမယ့် နိုင်ငံခြားသုံးသီးသန့်ငွေတွေကို တလွဲအသုံးပြုနေတာလို့ NUG က ပြောပါတယ်။

ဒီလိုလုပ်ဆောင်ချက်တွေကြောင့် အခုလို အကြမ်းဖက်သမားတွေအဖြစ် ကြေညာရတာလို့ NUG က ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ ငွေကြေးမူဝါဒတွေချမှတ်လုပ်ဆောင်နေကြောင်း ကြေညာ‌ထားပြီး နိုင်ငံခြားငွေကြေးစျေးကွက်ကိုလည်း ထိန်းချုပ်တာအပါအဝင် လုပ်ငန်းရှင်တွေကိုလည်း ဖမ်းဆီးစစ်ဆေးပါတယ်။