ဒီဇင်ဘာ ၁ ရက် ထိပ်တန်းသတင်းများ - ရန်ကုန်မှာ ပါတီဥက္ကဋ္ဌ တစ်ဦး ပစ်သတ်ခံရ

 အသတ်ခံရတဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် ရဲ့ လက်ရှိဥက္ကဋ္ဌ ဦးသန်းထွန်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အသတ်ခံရတဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် ရဲ့ လက်ရှိဥက္ကဋ္ဌ ဦးသန်းထွန်း
ရေးသားခဲ့သည်။

စစ်ကောင်စီဝင်ဟောင်း ဦးသိန်းညွန့်တည်ထောင်တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် ရဲ့ လက်ရှိဥက္ကဋ္ဌ ဦးသန်းထွန်း ရန်ကုန်မြို့၊သင်္ဃန်းကျွန်းနေအိမ်မှာ ဒီမနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ပါတီအသိုင်းအဝိုင်းက သိရပါတယ်။

ငမိုးရိပ် Mission Network က ဒီပစ်ခတ်မှုဟာ သူတို့လက်ချက်လို့ထုတ်ပြောပြီး ဦးသန်းထွန်း ဟာ အာဏာသိမ်းမှုနဲ့စစ်ကောင်စီကို ထောက်ခံအားပေးသူဖြစ်လို့ ရှင်းလင်းလိုက်တာလို့ ထုတ်ပြန်ပါတယ်။

အမျိုးသားဒီမိုကရေစီပါတီသစ် ဟာ ၁၀၂၇ စစ်ဆင်ရေး နဲ့ပတ်သက်လို့ အမျိုသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြန်လည်လက်တုန့်ပြန်မယ်လို့ ပြောကြားချက်ကို ထောက်ခံကြိုဆိုထားတာတွေ့ရပါတယ်။

အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့် စစ်ကောင်စီဝင်ဖြစ်သွားပြီးနောက် ဥက္ကဋ္ဌနေရာကို ဦးသန်းထွန်းက တာဝန်ယူခဲ့ပြီး စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နဲ့ တွေ့ဆုံပွဲတွေကို ပုံမှန်တက်ရောက်ခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီပါတီသစ်ဟာ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ သွားတွေ့ခဲ့တဲ့နိုင်ငံရေးပါတီတွေထဲက တစ်ခုဖြစ်ပြီး စစ်ကောင်စီရဲ့ပါတီမှတ်ပုံတင် ဥပဒေအောက်မှာ မှတ်ပုံပြန်တင်တဲ့ ပါတီလည်းဖြစ်ပါတယ်။

ကော့ကရိတ်မှာ စစ်ကောင်စီ နဲ့ KNLA တိုက်ပွဲပြင်းထန်၊ ဌာနဆိုင်ရာရုံးတချို့ မီးလောင်

မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်က ပိတ်မိနေတဲ့ ကုန်တင်ကားတွေ

ဓာတ်ပုံ ရင်းမြစ်, Karen Information Center - KIC

ဓာတ်ပုံ ပုံစာ, မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်က ပိတ်မိနေတဲ့ ကုန်တင်ကားတွေ

ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်နဲ့ မြဝတီဘက်ကိုထွက်တဲ့ မြို့အစပ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်တို့ ဒီကနေ့မနက်ပိုင်းမှာ တိုက်ပွဲစတင်ဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲလို့ ကော့ကရိတ်ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ကော့ကရိတ်မြို့ပေါ်မှာရှိတဲ့ တံတားဦး၊ ချောင်းတောင် ရပ်ကွက်တွေဘက်ကို စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူတွေနဲ့ အဆက်မပြတ်တိုက်ခိုက်နေပြီး KNLA ဖက်ကလည်း ကော့ကရိတ်မြို့မရဲစခန်းနဲ့ မြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ မြို့ခံတစ်ဦးကပြောပါတယ်။

“မနေ့ညကတည်းက လေယာဥ်တွေနဲ့လာပြီး ချောင်းတောင်ဘက်ကိုပစ်နေတာ။ အခုဖုန်းပြောနေတဲ့အချိန်အထိတောင် ဒီဘက်မှာ ကြားနေရတာ အကျယ်ကြီးပဲ” လို့ သူကဆက်ပြောခဲ့ပါတယ်။

တိုက်ပွဲအတွင်း ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီရဲ့ စက်မှုလယ်ယာရုံးလည်း မီးလောင်ကျွမ်းနေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့တိုက်ခိုက်တာတွေကြောင့် သေဆုံးတဲ့သူတွေရှိတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားကြပါတယ်။

စစ်ကောင်စီဘက်က မြဝတီ-ကော့ကရိတ်ဆက်သွယ်ထားတဲ့ အာရှလမ်းမကြီးကိုလည်း တိုက်ပွဲစဖြစ်ကတည်းက ဖြတ်သန်းခွင့်ပိတ်ထားတာကြောင့် ကုန်တင်ကား၊ ခရီးသွားကားတွေ ပိတ်မိနေပြီး ခရီးသည်တော်တော်များများကတော့ အနီးနားကအိမ်တွေမှာ ဝင်ရောက်ခိုလှုံနေရတယ်လို့ သိရပါတယ်။

ကော့ကရိတ်မြို့ခံတွေကို KNLA နဲ့ ပူးပေါင်းတပ်တွေက နိုဝင်ဘာလမကုန်ခင် နေရာရွှေ့ပြောင်းကြဖို့ တိုက်တွန်းထားတာကြောင့် မနေ့ကညနေအထိ မြဝတီ၊ ဘားအံမြို့နဲ့ မော်လမြိုင်မြို့တွေဘက်ကို ပြောင်းရွှေ့နေကြတယ်လို့ မြို့ထဲမှာ ကျန်ရှိနေသေးတဲ့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

စက်သုံးဆီဈေး တစ်လီတာကို ကျပ် ၃၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်

စက်သုံးဆီအရောင်းဆိုင်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, စက်သုံးဆီအရောင်းဆိုင်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြည်တွင်းမှာ လူသုံးများတဲ့ စက်သုံးဆီ ၉၂ တစ်လီတာကို ကျပ် ၃၄၀ အထိ တက်သွားတယ် လို့ စက်သုံးဆီသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကနေ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ စျေးနှုန်းအရ ၉၂ ဆီအမျိုးအစားက တစ်လီတာကို ကျပ် ၂,၅၁၀ ဖြစ်ပြီး ၉၅ ဆီအမျိုးအစားက တစ်လီတာကို ကျပ် ၂,၆၄၀ ဖြစ်ပါတယ်။

စက်သုံးဆီကြီးကြပ်ရေးကော်မတီရဲ့ စျေးနှုန်းသတ်မှတ်ချက်တွေအရ နိုဝင်ဘာ တစ်လလုံးမှာ စက်သုံးဆီစျေးနှုန်းက ၂၃၀၀ အထိတောင် မရောက်ခဲ့ပါဘူး။

ပြည်တွင်းက အငှားယာဉ်မောင်းသမားတွေကြားမှာလည်း စက်သုံးဆီဈေးမြင့်တက်လာတာနဲ့ပတ်သက်လို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်ပြောဆိုမှုတွေရှိနေကြပါတယ်။

“ကားကလည်း မထွက်လို့မရဘူး။ နေ့တိုင်းဒါနဲ့ပဲ လုပ်စားနေရတာ။ ဈေးတွေက ထပ်တက်တော့ အရမ်းစိတ်ညစ်တယ်” လို့ ရန်ကုန်မှာ အငှားယာဉ်မောင်းတဲ့ အမျိုးသမီးတစ်ဦးက ဘီဘီစီကို‌ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၃၀ ရက်မှာလည်း စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ၂၀၂၃-ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ငွေစာရင်းတင်ပြတဲ့ ညှိနှိုင်းအစည်းအဝေးပွဲမှာ စက်သုံးဆီနဲ့ စားသုံးဆီကို အမြတ်တင်ရောင်းချခဲ့တဲ့ ကုမ္ပဏီ ၈ ခုနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေထဲက တာဝန်ရှိတဲ့သူတွေကို သတ်မှတ်ဥပဒေတွေအတိုင်း အရေးယူခဲ့တယ်လို့ ပြောခဲ့ပါတယ်။

မစ္စတာ ဆာဆာကာဝါ နေပြည်တော်ကို သုံးရက်ကြာလာရောက်

မစ္စတာ ဆာဆာကာဝါ နဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, မစ္စတာ ဆာဆာကာဝါ နဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တွေ့ဆုံ

နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါဟာ နေပြည်တော်ကို သုံးရက်ကြာလာရောက်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

မစ္စတာ ဆာဆာကာဝါဟာ နိုဝင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်အထိ နေပြည်တော်မှာရှိနေခဲ့ပေမဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နဲ့ တွေ့တဲ့သတင်းကလွဲလို့ တခြားတွေ့ဆုံဆွေးနွေးမှုတွေကို စစ်ကောင်စီဘက်က မထုတ်ပြန်ခဲ့ပါဘူး။

‘’ မစ္စတာ ဆာဆာကာဝါက ရှမ်းမြောက်ကတိုက်ပွဲတွေရော၊ ရခိုင်က တိုက်ပွဲတွေကိုပါ စိတ်ပူနေပါတယ်။’’ လို့ စစ်ကောင်စီရုံး နဲ့ နီးစပ်တဲ့ နေပြည်တော်က ဘီဘီစီ သတင်းအရင်းအမြစ်ကပြောပါတယ်။

စစ်ကောင်စီ နဲ့ ရက္ခိုင့်တပ်တော် အေအေ တို့ ရခိုင်ပြည်နယ်မှာ နှစ်ကြိမ် အပစ်ရပ်အောင် ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ မစ္စတာ ဆာဆာကာဝါဟာ ၁၀၂၇ စစ်ဆင်ရေး ရခိုင်ပြည်နယ်အထိ ကူးစက်လာတဲ့အချိန်မှာ နေပြည်တော်ကို ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

‘’ရခိုင်အကြောင်းကို အဓိကထားဆွေးနွေးပါတယ်။ စစ်ပွဲတွေ ဖြစ်နေရင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးဖို့ ခက်ခဲတဲ့အခြေအနေတွေအကြောင်း ဆွေးနွေးကြပါတယ်’’ လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ မစ္စတာ ဆာဆာကာဝါရဲ့ဆွေးနွေးမှုအကြောင်း ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။

မစ္စတာ ဆာဆာကာဝါ နဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့တွေ့ဆုံမှုမှာတော့ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ နိပွန်ဖောင်ဒေးရှင်းတို့ မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ပူးပေါင်းလုပ်ဆောင်နေတဲ့ စီမံကိန်းတွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က စာသင်ကျောင်း ဆောက်လုပ်ရေးစီမံကိန်းတွေ ဆောင်ရွက်ပြီးစီးမှုနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ရက္ခိုင့်တပ်တော် အေအေ နဲ့လည်း အဆက်အသွယ်ရှိတဲ့ မစ္စတာ ဆာဆာကာဝါဟာ နေပြည်တော်မှာ စစ်ကောင်စီရဲ့အသံကို လာနားထောင်ခဲ့ပေမဲ့ ဒီတစ်ကြိမ်အပစ်ရပ်အောင် ကြားဝင်စေ့စပ်မှုလုပ်ဆောင်ခဲ့ရင် ရှေ့က နှစ်ကြိမ်ထက် ပိုခက်ခဲမယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

သံတမန်အရင်းအမြစ်တစ်ဦးကတော့ မစ္စတာ ဆာဆာကာဝါဟာ အထူးကိုယ်စားလှယ်အဖြစ် လာတာမဟုတ်ဘူးလို့ သိထားတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

မစ္စတာ ဆာဆာကာဝါ နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း မစ္စတာဟွန်ဆန်တို့ နေပြည်တော်ကိုလာမယ်လို့ အောက်တိုဘာ ဒုတိယပတ်မှာ ကြေညာခဲ့ပေမဲ့ မစ္စတာဟွန်ဆန်က ကျန်းမာရေးအကြောင်းပြချက်နဲ့ နေပြည်တော်ကို ရောက်မလာခဲ့ပါဘူး။