သြဂုတ် ၈ ရက်ထိပ်တန်းသတင်းများ- အာဆီယံထဲ ဆက်နေမယ်လို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဆီယံထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့်တားမြစ်ထားခံရတဲ့ အခြေအနေမှာပဲ ( ၅၆ ) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ပြီး အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတွေ နဲ့ ရည်မှန်းချက်တွေ ပြည့်မီဖို့ ကြိုးပမ်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဆီယံပဋိညာဉ် စာတမ်းပါအချက်တွေကို လေးစားလိုက်နာပြီး အာဆီယံ အခြေခံမူတွေနဲ့ အညီ ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့လည်း သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။
အကြမ်းဖက်မှုတွေကိုလျှော့ချဖို့ အာဆီယံရဲ့ မြန်မာ့အရေးထုတ်ပြန်တိုက်တွန်းချက်တွေကို အာဆီယံ ပဋိညာဉ်ပါ မူတွေနဲ့ မကိုက်ညီဘူး လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တောက်လျှောက်ကန့်ကွက် ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် ဧပြီလမှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာလုပ်တဲ့ မြန်မာ့အရေးအစည်းအဝေးကလွဲလို့ အာဆီယံထိပ်သီးအစည်းအဝေးတွေကို စစ်ခေါင်းဆောင်အပါအဝင် နိုင်ငံရေးရာထူးအဆင့်က တက်ရောက်ခွင့်မရခဲ့ပါဘူး။
ဒီလို တင်းမာမှုတွေရှိခဲ့ပေမဲ့ ‘’မြန်မာနိုင်ငံအနေနဲ့ တာဝန်ရှိတဲ့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်’’ လို့လည်း စစ်ခေါင်းဆောင် က သဝဏ်လွှာမှာ ထပ်လောင်းကတိပြုထားပါတယ်။
စစ်ကောင်စီအနေနဲ့ အာဆီယံအသိုက်အဝန်းထဲမှာ အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံတွေထက် ထိုင်း၊ကမ္ဘောဒီးယား၊ ဗီယက်နမ်၊လာအို တို့နဲ့ ပိုမိုဆက်ဆံရေးကောင်းနေတာ ဖြစ်ပါတယ်။
ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေမှာ ကျင်းပနေတဲ့ (၅၆)နှစ်မြောက် အာဆီယံတည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားတွေကို မြန်မာသံအမတ်ကြီးတွေ ပါဝင်တက်ရောက်နေတာ တွေ့ရပါတယ်။
မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် (၅) ရပ် ချမှတ်ထားပေမဲ့ ဒါက အလုပ်မဖြစ်တော့လို့ ပြန်သုံးသပ်သင့်နေပြီလို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။
ရှစ်လေးလုံးတော်လှန်ရေးစိတ်ဓာတ်ကို နွေဦးတော်လှန်ရေးမှာ ပြန်ယူဖို့လိုတယ် လို့ NUG ပြော

ဓာတ်ပုံ ရင်းမြစ်, YPS
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နွေဦးတော်လှန်ရေးမှာ ရှစ်လေးလုံး လူထုအရေးတော်ပုံက မွေးဖွားလာတဲ့ တော်လှန်ရေးစိတ်ဓာတ်ကို ပြန်လည်ပွားများယူဖို့ လိုအပ်တဲ့ အကြောင်း ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်ပြည့် အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောလိုက်ပါတယ်။
‘’ရှစ်လေးလုံးတော်လှန်ရေး စိတ်ဝိညာဉ်ကို တန်ဖိုးထား နှလုံးသွင်းပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ထွန်းပေါ်ပေါက်ချိန်အထိ ဆက်လက်ချီတက်ရပါလိမ့်မယ် ‘’ လို့ သူက ပြောပါတယ်။
ရှစ်လေးလုံးလူထုအရေးတော်ပုံဟာ နွေဦးတော်လှန်ရေးနဲ့ ဖြစ်စဉ်ကြီးတစ်ခုတည်းမှာ ရှိနေတဲ့ လူထုတော်လှန်ရေးဖြစ်ကြောင်း သတိချပ်ကြဖို့သူကပြောပြီး တိုင်းပြည်တစ်ခုရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတိုင်းဟာ ‘’ဖြစ်စဉ်’’ ဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်ကြဖို့ ပြောပါတယ်။
‘’ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို တစ်ပွဲထိုးစိတ်ဓာတ်နဲ့ ရှေ့ဆက်လို့ မရဘူး’’ လို့ ဒူဝါလရှီးလ က ပြောပါတယ်။
တော်လှန်ရေး ဖြစ်စဉ်ကြီးထဲမှာ တစ်ဆင့်ချင်းစီ အဆင့်အဆင့် ချိတ်ဆက် တက်လှမ်းရင်းနဲ့ တော်လှန်ရေးသက်လုံကို မြှင့်ပြီး အောင်ပွဲရတဲ့အထိ ကြိုးစားရမှာဖြစ်တယ် လို့ သူ့ရဲ့မိန့်ခွန်းမှာ ထည့်ပြောပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံနေ့ အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလည်း ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အပါအဝင် အဖွဲ့အစည်းတချို့က သဝဏ်လွှာတွေပေးပို့ခဲ့ ကြပါတယ်။
အနှောင့်အယှက်တွေက ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နှောင့်နှေးစေမယ် လို့ စစ်ခေါင်းဆောင် သတိပေး

ဓာတ်ပုံ ရင်းမြစ်, cincds
စစ်ကောင်စီရဲ့ တည်ငြိမ်အေးချမ်းရေး နဲ့ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်နေမှုအပေါ် နှောင့်ယှက်မှုတွေရှိနေရင် ရွေးကောက်ပွဲလုပ်ငန်းစဉ်ပါ နှောင့်နှေးလိမ့်မယ် လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ပြောလိုက်ပါတယ်။
အရေးပေါ်ကာလသက်တမ်းတိုးပြီးတဲ့နောက် ပထမဆုံးခေါ်ယူတဲ့ စစ်ကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ ကောင်စီဝင်တွေကို ပြောခဲ့တာဖြစ်ပါတယ်။
‘’ နှောင့်ယှက်မှုများ ရှိနေမည်ဆိုပါက ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ ပြန်လည်ဖော်ဆောင်ရေးအတွက် လုပ်ဆောင်ရမယ့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် နှောင့်နှေးစေမယ်’’ လို့ သူက ပြောပါတယ်။
စစ်ခေါင်းဆောင်က အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးမှာ ရွေးကောက်ပွဲ အစီအစဉ်တွေကို ပြောခဲ့ပြီးတဲ့နောက် အခုလို သူ့ကောင်စီဝင်တွေကို ထပ်ပြောလာတာဖြစ်ပါတယ်။
မတည်ငြိမ်တဲ့ ဒေသတွေကို ချန်ထားပြီး တည်ငြိမ်တဲ့နေရာတွေမှာပဲ ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ အခင်းအကျင်းနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် အခင်းအကျင်း ကို စစ်ခေါင်းဆောင်က ကာလုံအစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးမြောက်ဘက်ခြမ်း နေရာအချို့၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း နဲ့ တနင်္သာရီတိုင်းဒေသကြီး အတွင်းက နေရာအနည်းငယ်ကို ချန်လှပ်ပြီး ရွေးကောက်ပွဲပြုလုပ်ဖို့ ကာလုံအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပေမဲ့ ဆုံးဖြတ်ချက်ချခဲ့တာတော့ မရှိပါဘူး။
ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးဖို့ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
နိုင်ငံရေးအကဲခတ်တွေကတော့ လက်ရှိလုံခြုံရေးအခြေအနေအရ စစ်ခေါင်းဆောင်ပြောတဲ့ အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ လို့ သုံးသပ်နေကြပါတယ်။
စစ်တပ်နဲ့ပူးပေါင်းတာရပ်ဖို့ ဝမ်ပေါင်၊ ယန်စီကုမ္ပဏီကို မုံရွာသပိတ်အင်အားစုတွေသတိပေး

ဓာတ်ပုံ ရင်းမြစ်, ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေး
တရုတ်ပိုင် ဝမ်ပေါင်၊ ယန်စီကုမ္ပဏီတွေအနေနဲ့ စစ်တပ်နဲ့ ပူးပေါင်းတာချက်ချင်းရပ်တန့်ဖို့ စစ်ကိုင်းတိုင်း၊ မုံရွာတဝိုက် ဒေသခံပြည်သူတရပ်လုံးက ပြင်းထန်စွာသတိပေးတားမြစ်တဲ့အကြောင်း ကျောင်းသားသမဂ္ဂတွေနဲ့ သပိတ်ကော်မတီတွေက ဩဂုတ် ၇ ရက် ရက်စွဲနဲ့ ပူးတွဲစာ ထုတ်ပြန်လာပါတယ်။
ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ လက်ပံတောင်းတောင်စီမံကိန်းအတွက် ဆယ်စုနှစ်နဲ့ချီ အငြင်းပွားနေတဲ့မြေနေရာတွေကို ဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီတွေက အခုရက်ပိုင်းအတွင်းခြံစည်းရိုးခတ်တဲ့ ဖြစ်စဉ်တွေရှိလာပြီးနောက် မုံရွာသပိတ်အင်အားစုတွေက အခုလိုသတိပေးတားမြစ်စာ ထုတ်လာတာဖြစ်ပါတယ်။
"မနေ့ကဆို စစ်တပ်က ထပ်ရောက်လာတယ်၊ ဝက်မှေးရွာထဲ ကျန်နေတဲ့သူတွေနဲ့ အိမ်တွေကို ဓာတ်ပုံတွဲရိုက်တယ်။ ခြံစည်းရိုးခတ်လို့ အပြင်ထွက်လိုက်ကြတဲ့အိမ်တွေကို ဓာတ်ပုံမရိုက်ဘူး။ မြန်မြန်ရွှေ့လေကောင်းလေပဲ ရှေ့လျှောက်ပိုဆိုးမယ်လို့ ပြောသွားတယ်" လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
သပိတ်အင်အားစုတွေနဲ့ ထုတ်ပြန်ချက်မှာတော့ ကုမ္ပဏီတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြေးနီစီမံကိန်းဧရိယာထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စခန်းချခွင့်ပြုတာ၊ စားနပ်ရိက္ခာထောက်ပံ့တာ၊ စစ်တပ်က စစ်ကြောင်းထိုးလိုတဲ့ရွာတွေကို ကုမ္ပဏီပိုင်ကားတွေနဲ့ပို့ပေးတာအပါအဝင် ညအချိန်တွေမှာ ဝမ်ပေါင်ကုမ္ပဏီဝန်းထဲကနေ အနီးနားက ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်ခွင့်ပြုထားခဲ့တယ်လို့ ပြောပါတယ်။
ဝမ်ပေါင် - ယန်စီကုမ္ပဏီတွေက အခုလိုပံ့ပိုးပေးခဲ့တာကြောင့် ညောင်ပင်ကြီး - ယင်းမာပင် - ပုလဲ လမ်းပေါ်မှာ စစ်ကောင်စီက အခကြေးငွေတောင်းခံတာ၊ ညောင်ပင်ကြီး - ဆားလင်းကြီးလမ်းပေါ် သွားလာတဲ့ ခရီးသွားတွေ အကြောင်းမဲ့ ပစ်ခတ်သတ်ခံရတာအပြင် ဒီကုမ္ပဏီတွေဟာ စစ်ကောင်စီဆက်လည်ပတ်နိုင်အောင် ထောက်ပံ့နေတဲ့ ဝင်ငွေရင်းမြစ်စာရင်းမှာ ပါဝင်နေတယ်လို့ ထောက်ပြထားကြပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ လုပ်ငန်းတွေရပ်နားထားကြောင်း ဝမ်ပေါင်ကုမ္ပဏီက မနှစ်မေလမှာ စာထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ မြေအငြင်းပွားမှုရှိတဲ့ဝက်မှေးရွာဟောင်းတခုလုံးကို ခြုံပြီး ကုမ္ပဏီက ဒေသခံတွေကို ကြိုတင်အသိပေးတာမရှိဘဲ စစ်တပ်လုံခြုံရေးယူကာ ဩဂုတ် ၃ ရက်ကစလို့ ခြံစည်းရိုးခတ်ခဲ့ပါတယ်။
ဒါကြောင့် ဝက်မှေးရွာသားတွေပိတ်မိနေခဲ့ကြပြီး ဒီကနေ့ ဩဂုတ် ၈ ရက်မနက်မှာတော့ ဒေသခံတွေက ကုမ္ပဏီဝန်းထဲ ဒီကိစ္စသွားရောက်ဆွေးနွေးနေပြီလို့ သိရပါတယ်။








