ဇွန် ၉ ရက် နိုင်ငံတဝန်းအနှစ်ချုပ် - ပူတာအိုမှာ ကုန်ဈေးနှုန်း‌မြင့်တက်ပြီး ကျောင်းအပ်နှံဖို့ပါ အခက်အခဲရှိလာ

ပူတာအိုမှာ ကုန်ဈေးနှုန်း‌မြင့်တက်ပြီး ကျောင်းအပ်နှံဖို့ပါ အခက်အခဲရှိလာ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ပူတာအိုမြို့က မူလတန်းကျောင်းက မြင်ကွင်း (ပုံဟောင်း)
ရေးသားခဲ့သည်။

မြန်မာပြည်မြောက်ဖျားစွန်းမှာရှိတဲ့ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာပြီး ကျောင်းဖွင့်ချိန်မှာ ကျောင်းအပ်နှံဖို့အတွက်ပါ အခက်အခဲတွေရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါဟာ လနဲ့ချီကြာခဲ့ပြီဖြစ်တဲ့ ကချင်ပြည်နယ်က ထိတွေ့ တိုက်ပွဲတွေကြောင့် ဆွမ်ပရာဘွမ် ၊ ပူတာအို အပါအဝင် ဝိုင်းမော်၊ မံစီနဲ့ မိုးမောက်ဒေသတွေမှာ လမ်းပန်း ဆက်သွယ်ရေးတွေ ဖြတ်တောက်ခံထားရပြီး အခုလိုနောက်ဆက်တွဲသက်ရောက်မှုတွေရှိလာတာပါ။

ပူတာအိုမြို့မှာ စာရေးကိရိယာပစ္စည်းဈေးနှုန်းတွေလည်းမြင့်တက်နေပြီး လောင်စာဆီ ရှားပါးတဲ့ အခြေအနေကြောင့် သွားလာရေးအတွက်ပါ အခက်အခဲတွေရှိနေပါတယ်။

"စာအုပ်ဖိုးလည်းဈေးကြီးလာတယ်။ ရွာကနေမြို့ကိုလာပြီး ကျောင်းအပ်ဖို့ စာရင်းပေးရင်တောင် ၁၅ မိုင်လောက်ခြေလျင်လျှောက်ရတယ်" လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။

ဒီလို မြို့ပေါ်ကိုသွားလာရေးအခက်အခဲတွေရှိလာတာ‌ကြောင့် ကျောင်းသားတွေကို ကျောင်းထားဖို့ဆိုရင် မြို့ပေါ်ကနီးစပ်ရာဆွေမျိုးနေအိမ်မှာ နေထိုင်တာ ဒါမှမဟုတ် အဆောင်နေပြီးမှ နေ့စဉ်ကျောင်းတက်ဖို့ အဆင်ပြေမှာပါ။

မြို့ပေါ်မှာ အဆောင်ထားဖို့အတွက်လည်း ငွေကြေးမတတ်နိုင်သူတွေရှိပြီး အခုနှစ်ကျောင်းဖွင့်ရာသီမှာ ကျောင်းမတက်နိုင်တဲ့ ကျောင်းသားတွေများလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မြန်မာလက်နက်ကိုင်ပဋိပက္ခတွေက ရာသီဥတုပြောင်းလဲမှုကို သွယ်ဝိုက်ဖြစ်ပေါ်နေစေတယ်လို့ဆို

မြန်မာလက်နက်ကိုင်ပဋိပက္ခတွေက ရာသီဥတုပြောင်းလဲမှုကို သွယ်ဝိုက်ဖြစ်ပေါ်နေစေတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရန်ကုန်က မီးသွေးလုပ်ငန်း (ပုံဟောင်း)

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က ရာသီဥတုဒဏ် အခံရနိုင်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ်ပါဝင်နေပြီး လက်ရှိ လက်နက်ကိုင်ပဋိပက္ခတွေက ရာသီဥပြောင်းလဲမှုအပေါ် သွယ်ဝိုက်နည်းနဲ့ သက်ရောက်မှုရှိနေတဲ့အကြောင်း အမေရိကန်နိုင်ငံက သုတေသနအထူးပြုတက္ကသိုလ်ဖြစ်တဲ့ ဂျော့တောင်းတက္ကသိုလ်ရဲ့ ဇွန်လ ၉ ရက်ထုတ် စာတမ်းမှာ ဖော်ပြပါတယ်။

လက်နက်ကိုင်ပဋိပက္ခကြောင့် အထူးသဖြင့် မြေနိမ့်ပိုင်းဒေသနဲ့ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်တဲ့မြန်မာ လူဦးရေ ၅ သန်းကျော်ဟာ ရာသီဥတုခြိမ်းခြောက်တာကို ရင်ဆိုင်နေရပြီး ဆိုးရွားလာတဲ့ရာသီဥတုဖြစ်စဉ် တွေအတွက်ပြင်ဆင်မှု သိသိသာသာနည်းပါးလာစေတယ်လို့ စာတမ်းရှင်က ထောက်ပြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ လျှပ်စစ်မီးလုံလုံလောက်လောက်မရတဲ့အခါ မီးသွေးလိုအပ်ချက် ပိုများလာပြီး သစ်တောပြုန်းတီးမှု ဦးတည်လာစေတဲ့အချက်ကိုလည်း ထောက်ပြပါတယ်။

ဒီရေတောတွေကနေ အရည်အသွေးကောင်းတဲ့မီးသွေးတွေကို ထုတ်လုပ်နိုင်တဲ့ တနင်္သာရီကမ်းရိုးတန်း ဒေသမှာဆိုရင် မိရိုးဖလာလယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ဝင်ငွေနည်းပါးတဲ့ ကျေးလက်ပြည်သူတွေဟာ အခုဆိုရင် မီးသွေးဖုတ်တဲ့လုပ်ငန်းကို ပြောင်းလဲလုပ်လာတယ်လို့ ဆိုပါတယ်။

သုံးနှစ်ကျော်ကာလအတွင်း လက်နက်ကိုင်ပဋိပက္ခတွေတိုးလာတာနဲ့ တပြိုင်နက်တည်းမှာပဲ သစ်ထုတ်လုပ်တာအပြင် ‌ရွှေ၊ ကျောက်စိမ်း၊ မြေရှား စတဲ့ သတ္တုတူးဖော်တာတွေလည်း များလာပါတယ်။

ဒီလိုအတားအဆီးမဲ့ ထုတ်ယူတာတွေကြောင့် လေထုညစ်ညမ်း၊ မြေယာပျက်စီးပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေပိုတိုးလာတယ်လို့ စစ်တမ်းက ထောက်ပြပါတယ်။

ဥပမာအနေနဲ့ တရားမဝင်သစ်ထုတ်လုပ်မှုကြောင့် မိုးကာလ ရေကြီးမှုအတွင်း မြေပြိုမှုအန္တရာယ်ဖြစ်နိုင်ခြေ လည်း ပိုများလာစေတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုအရေးယူလုပ်ဆောင်ရေးနဲ့ သဘာဝဘေးအန္တရာယ်လျော့ပါးရေးစီမံမှုတွေမှာ နိုင်ငံအဆင့်အပြင် ဒေသတွင်းအစိုးရတွေအတွက် မူဝါဒ ချမှတ်နိုင်ရေးလုပ်ဆောင်နိုင်ရေး လျော့ပါးမှုဖြစ်သွားစေတယ်လို့ အဲဒီအစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

စစ်ကိုင်းမြို့နယ်၊ သပြေသာကျေးရွာ လေကြောင်းပစ်ခတ်ခံရပြီး ဘုန်းကြီးတွေအပါအဝင် ၈ ယောက်သေဆုံး

လေကြောင်းတိုက်ခိုက်ခံရတဲ့ ‌သပြေသာဘုန်းကြီးကျောင်းဘေးက ဓမ္မာရုံ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်ခံရတဲ့ ‌သပြေသာဘုန်းကြီးကျောင်းဘေးက ဓမ္မာရုံ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သပြေသာကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဇွန် ၈ ရက် မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူ ၈ ယောက်ရှိတယ်လို့ မြေပြင်အခြေအနေသိတဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

သေဆုံးသူတွေထဲမှာ ဘုန်းကြီးနှစ်ပါး၊ သားအဖ သုံးယောက်လည်း ပါတယ်လို့ သိရပြီး ဒဏ်ရာရသူ အယောက် ၄၀ ဝန်းကျင်လောက်ရှိတယ်လို့လည်း အခြေအနေ သိရှိသူတွေက ပြောပါတယ်။

“လေကြောင်းမလာခင် ကင်းထောက်ဖို့ထင်တယ်၊ လေကြောင်းပျံသွားတာရှိတယ်။ ပြီးတော့ နာရီဝက်မကြာဘူး။ လေကြောင်းကနေ ပစ်တယ်။ ပြီးတော့ အရာတော်ဘက်ကနေလည်း ဟောင်ဝှစ်ဇာ(အမြောက်)နဲ့ ပစ်တယ်။ သေဆုံးတာတွေရော၊ ဒဏ်ရာရတာတွေရော အခြေအနေ တော်တော်ဆိုးတယ်”လို့‌ ပြောပါတယ်။

ထန်းတောဆိပ်ကျေးရွာအုပ်စု၊ သပြေသာရွာ ဘုန်းကြီးကျောင်းမှာ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံ‌ရေး အဖွဲ့အစည်းတွေနဲ့ ရပ်ကျေး အဖွဲ့တွေ အစည်းအဝေး လုပ်နေချိန်မှာ လေကြောင်းကနေ ပစ်ခတ်သွားတာလို့ ဘီဘီစီက အဆက်အသွယ်ရရှိတဲ့ဒေသခံ အချို့က ပြောပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိအချိန်မှာ သေဆုံးသူတွေကို မြှုပ်နှံပေးခဲ့ပြီးသလို ဒဏ်ရာရသူတွေကိုလည်း ဆေးကုသနိုင်ဖို့ ကြိုးပမ်း နေကြပါတယ်။

သပြေသာကျေးရွာဝန်းကျင်မှာလည်း ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့အတွက် ဖုန်းအဆက်သွယ်တွေလည်း ပြတ်တောက်နေပါတယ်။

ဆေးရုံမှာ မြန်မာအမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့တဲ့ ထိုင်းရဲအဖမ်းခံရ

ဆေးရုံမှာ မြန်မာအမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့တဲ့ ထိုင်းရဲအဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, Chakkrapan Natanri/ Bangkok Post

ထိုင်းနိုင်ငံ၊ ခွန်ကိန်းဆေးရုံမှာတက်‌ရောက်ဆေးကုသနေတဲ့ မြန်မာအမျိုးသားကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ထိုင်းရဲ မစ္စတာဗီရာဖွန် ဘူရန်ကို သူ့ရဲ့နေအိမ်မှာပဲ သေနတ်နဲ့တကွ ဖမ်းဆီးရမိ တယ်လို့ ထိုင်းဘက်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။ အခင်းဖြစ်ပွားရာဆေးရုံမှာ ဖြစ်စဉ်ဖြစ်ခဲ့ပုံကို ပြန်လည်သရုပ်ဖော်ပြဖို့ သူက ငြင်းဆိုခဲ့တယ်လို့ ဒေသအခြေစိုက်သတင်းတွေကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ရေးသားထားတာပါ။

၂၉ နှစ်အရွယ် မြန်မာအမျိုးသား ကိုကျော်စွာအောင်ဟာ ဘေးကုတင်မှာ တက်ရောက်နေတဲ့ ဖခင်ဖြစ်သူကို အနှောင့်အယှက်ဖြစ်စေတာကြောင့် အခုလို သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ မစ္စတာ ဗီရာဖွန်က ပြောပါတယ်။

အသက် ၃၄ နှစ်အရွယ် မစ္စတာဗီရာဖွန် ဟာ ခွန်ကိန်းခရိုင်က ဖရာယွန်ရဲစခန်းမှာ တာဝန်ကျနေတာဖြစ်ပေမဲ့ ခွန်ကိန်းခရိုင်ရဲရုံးကို သူ့ကိုယ်တိုင်လာရောက်ပြီး ဖြစ်စဉ်ကို ထုတ်ပြောခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ခွန်ကိန်းရဲစခန်းက ရဲအရာရှိ မစ္စတာ အနုဝဂ် ဆူဝနဖွန် ရဲ့ အပြောအရ စနေနေ့ နေ့လယ်ပိုင်းရဲစခန်းကို ပြန်ရောက်လာကာ စိတ်ရှုပ်ထွေးနေပုံရပြီး အခုလိုသေနတ်နဲ့ပစ်သတ်ခဲ့ကြောင်းကိုလည်း ဝန်ခံခဲ့ပါတယ်။

“အရင်ကတခါမှမမြင်ဖူးတဲ့ မြန်မာတစ်ယောက်ကိုပစ်သတ်ခဲ့တယ်လို့ ဝန်ခံခဲ့တာပါ။ မြန်မာအမျိုးသား ကို တစ်ကြိမ်ပဲတွေ့ခဲ့ဖူးပြီး သူလုံးဝမကြိုက်တဲ့အပြုအမူတွေရှိနေတာ‌ကြောင့် သူ့ကိုမကြိုက်ခဲ့ဘူး။ အဲဒါနဲ့ပဲ သေနတ်နဲ့ ဦးခေါင်းကို ပစ်ခတ်ခဲ့ပြီး သူဘာလို့လုပ်ခဲ့လည်း သူမသိဘူး” လို့ ရဲအရာရှိ မစ္စတာ အနုဝဂ် က ပြောပါတယ်။

သေနတ်ပစ်ခတ်မှုဟာ ကြာသပတေးနေ့ညပိုင်းမှာ ဖြစ်ခဲ့ပြီး အရေးပေါ်ဆေးကုသမှုပေးခဲ့ပေမဲ့ ကိုကျော်စွာအောင်က သေနတ်ဒဏ်ရာနဲ့ပဲ သေဆုံးခဲ့ပါတယ်။

အခုလို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ထိုင်းရဲ မစ္စတာဗီရာဖွန် ဟာ မူးယစ်ဆေးဝါးသုံးစွဲပြီး စိတ်ကျရောဂါ ခံစားနေရတဲ့အကြောင်း ထိုင်းအခြေစိုက်သတင်းဌာနဖြစ်တဲ့ ခေါက်ဆွတ်သတင်းအရ သိရပါတယ်။

မြဝတီမြို့ပေါ် မှာ ရေကြီးနေ

မြဝတီမြို့ပေါ် မှာ ရေကြီးနေ

ဓာတ်ပုံ ရင်းမြစ်, CJ

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ သုံးရက်ဆက်တိုက်မိုးရွာသွန်းပြီးတဲ့နောက် ရေကြီးရေလျှံနေပြီး သွားလာရေးခက်ခဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၆ ရက်နေ့ကစလို့ မိုးကြီးခဲ့ပြီး မနေ့ညပိုင်းမှာ ရေစတက်လာတာပါ။ ဒီကနေ့ မနက်ပိုင်းမှာတော့ မြို့ပေါ်ရပ်ကွက် (၄) နဲ့ (၅) တို့မှာ ပိုပြီးရေတက်နေပါတယ်။

“သောင်ရင်းမြစ်ရေတက်လာတာမဟုတ်သေးဘူး။ ရေစီးရေလာမကောင်းတော့ မြောင်းရေတွေတက်လာတာ ပါ။ ခါးလောက်အထိတော့ တက်နေတယ်။ မိုးဆက်ရွာရင်တော့ မြစ်ရေလျှံနိုင်တယ်” လို့ မြဝတီမြို့ခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ သောင်ရင်းမြစ်ရေ သိသိသာသာတက်နေပါတယ်။

ဒါအပြင်ကရင်ပြည်နယ်အပါအဝင် မွန်၊ ကချင်၊ ရခိုင် နဲ့ တနင်္သာရီ တို့မှာ နေရာကွက်ပြီးမိုးကြီးနိုင်ပြီး လာမယ့်နှစ်ရက်အထိလည်း တနင်္သာရီ၊ ကရင် နဲ့ မွန် တို့မှာ မိုးဆက်များနိုင်တယ်လို့ မိုးဇလကခန့်မှန်းထား ပါတယ်။

မြန်မာလုပ်သားတွေရဲ့ဘဏ်စာရင်းတွေ အွန်လိုင်း‌လောင်းကစားနဲ့ ငွေကြေးခဝါချလိုသူတွေဆီရောက်မှု မြန်မာသံရုံးသတိပေး

ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ လုံခြုံရေးယူနေတဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ လုံခြုံရေးယူနေတဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ကိုယ့်ရဲ့ ဘဏ်စာရင်းတွေကို အွန်လိုင်း‌ လောင်းကစားလုပ်သူတွေနဲ့ ငွေကြေးခဝါချလိုသူတွေလက်ထဲဆီ ရောက်မသွားအောင် သတိပြုကြဖို့ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတိပေးထုတ်ပြန်လာပါတယ်။

မြန်မာ MOU လုပ်သားအချို့ရဲ့ ဘဏ်အကောင့်တွေမှာ ငွေအဝင် အထွက်များတာ၊ စုဆောင်း ငွေများပြားတာတွေနဲ့ မသင်္ကာပြီး မြန်မာလုပ်သားအချို့ကို ထိုင်းအာဏာပိုင်တွေက ဝရမ်းထုတ်နဲ့ ဆင့်ခေါ်တာတွေပြုလုပ်ခံနေရတဲ့အကြောင်းကိုလည်း ဇွန်လ ၆ ရက်မှာ သံရုံးက ထုတ်ပြန်ပါတယ်။

ထိုင်းရဲ့ ဘဏ်စနစ်ကို မသိကျွမ်းတဲ့ MOU မြန်မာလုပ်သားတွေရဲ့ ဘဏ်စာရင်းနဲ့ စာအုပ်တွေကို MOU ကုမ္ပဏီ ကိုယ်စားလှယ်အချို့က ထိန်းသိမ်းပြီးတဲ့နောက် ထိန်းသိမ်းထားသူတွေက အွန်လိုင်းလောင်းကစားလုပ်သူတွေနဲ့ ငွေကြေးခဝါချလိုသူတွေဆီကို အခကြေးငွေယူပြီး ရောင်းစား တာတွေကြောင့်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ဘဏ်ငွေစာရင်းနဲ့ပတ်သက်တဲ့မသင်္ကာမှုတွေကြောင့် ထိုင်းအာဏာပိုင်တွေရဲ့ ဆင့်ခေါ်ဝရမ်းထုတ်ခဲရတာ၊ ချုပ်နှောင်ခံရတာတွေ ကြုံရတဲ့အခါ မြန်မာသံရုံးနဲ့ အလုပ်သမားသံအရာရှိ ရုံးကို လာရောက် အကူအညီတောင်းခံနိုင်တယ်လို့လည်း ပြောထားပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ဘဏ်စာရင်း၊ ဘဏ်စာအုပ်နဲ့ PIN(ပင်)နံပါတ်တွေကို ကိုယ့်ဘာသာ ဒါမှမဟုတ် မိသားစုထံမှာပဲ သိမ်းဆည်းထားဖို့ သံရုံးက အကြံပြုထားပါတယ်။

ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေ အလားတူဖြစ်ရပ်တွေနဲ့ ဖမ်းဆီး စစ်ဆေးခံနေရတဲ့အကြောင်း ဘီဘီစီ သတင်းဖော်ပြချက် ‘‘ ထိုင်းမှာ မြန်မာလုပ်သားတွေရဲ့ ဘဏ်အကောင့်တွေ အလွဲသုံးစား အသုံးပြုခံနေရ’’ ကိုလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။