ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဧပြီ ၁၉ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ်- မန္တလေး၊ သပိတ်ကျင်းက ရေထွက်ရွာကို စစ်တပ်ဗုံးကြဲလို့ ၁၃ ဦးထက်မနည်းသေဆုံး
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက ရေထွက်ရွာကို ဒီကနေ့ ဧပြီ ၁၉ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ် ၂ ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့တယ်လို့ သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။
ဓာတ်ပုံမှတ်တမ်းတွေနဲ့ ထုတ်ပြန်လာတဲ့အထဲ ဗုံးကျရောက်ပေါက်ကွဲလို့ ဆိုးဆိုးရွားရွားအခြေအနေနဲ့ သေဆုံးကြတာတွေ့ရပါတယ်။
'' အလောင်းတွေက ပြတ်ထွက်ကုန်တာတွေတောင်ရှိတယ်။ မီးလောင်နေတာရယ် လေယာဉ်ဝဲနေတာရယ်ကြောင့် ကယ်ဆယ်ရေးတွေ သတိထားလုပ်နေကြရတယ်'' လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုက ဓာတ်ဆီဆိုင်ကိုကျရောက်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်ကာ အသက် ၃ နှစ်နဲ့ ၂ နှစ်ကျော် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် သေဆုံးသူ ၁၃ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၅ ဦးထက်မနည်းရှိတယ်လို့ ကနဦးသတင်းတွေကဆိုပါတယ်။
မနေ့ ဧပြီလ ၁၈ ရက်ကလည်း သပိတ်ကျင်းမြို့နယ်ထဲက လိပ်ကျကျေးရွာနဲ့ ရေထွက်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လိပ်ကျကျေးရွာမှာ ၁၂ ဦး သေဆုံးခဲ့ပြီး ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒီကနေ့မှာတော့ ရေထွက်ရွာ ထပ်မံဗုံးကြဲခံရတာဖြစ်ပြီး သေဆုံးသူတွေက အရပ်သားတွေဖြစ်တယ်လို့
မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။
ငလျင်ကြောပေါ် ရှိနေတဲ့ ရုံးတွေကို ပြောင်းရွှေ့ပြီး နေပြည်တော်ရဲ့ မြို့အကွက်ချမှုပုံစံကို ပြန်လည်ရေးဆွဲမယ်
ငလျင်ကြောပေါ် ရှိနေတဲ့ ရုံးအဆောက်အဦတွေကို ပြောင်းရွှေ့ပြီး နေပြည်တော်ရဲ့ မြို့အကွက်ချမှုပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားမယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဧပြီ ၁၈ ရက်ကလုပ်ခဲ့တဲ့ ငလျင်ကြောင့်ထိခိုက်ပျက်စီးပြိုပျက်ခဲ့တဲ့ နေပြည်တော်က ဝန်ကြီးဌာနရုံးနေရာတွေကို သွားရောက်စစ်ဆေးပြီးနောက် ပြုလုပ်တဲ့ စစ်ကောင်စီအစိုးရအဖွဲ့ အစည်းအဝေး မှာပြောကြားတာဖြစ်ပါတယ်။
ငလျင်ကြောင့် ပြိုပျက်ခဲ့တဲ့ အဆောက်အဦတွေဟာ ဖို့မြေတွေပေါ်မှာ တည်ဆောက်ခဲ့တာကြောင့် ပိုပြီးထိခိုက်ပျက်စီးခဲ့တာလို့ သူကဆိုပြီး ပြန်လည်တည်ဆောက်ချိန်မှာတော့ မြေစမ်းသပ်မှု (Soil Test) တွေလုပ်ပြီးမှ ဆောက်ဖို့ ပြောပါတယ်။
မြန်မာမှာ လှုပ်ခတ်ခဲ့ ငလျင်ကြောနေရာ တွေကို စနစ်တကျသုတေသနပြုပြီး ပြန်လည်တည်ဆောက်မယ့် ရုံး အဆောက်အဦတွေက ငလျင်ဒဏ်ခံနိုင်ဖို့လိုသလို ဝန်ထမ်းအိမ်ရာတွေ ပြန်လည်တည်ဆောက်တဲ့အခါ အင်အား ရစ်ချ်တာစကေး ၈ အထိခံနိုင်တဲ့ အဆောက်အဦတွေ ဖြစ်ရမယ်လို့လည်း ထည့်ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ အလုပ်သမားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံး၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ရုံးချုပ်အဆောက်အဦတွေ ကြီးကြီးမားမားထိခိုက်ပြိုကျပျက်စီးခဲ့တာကို စစ်ကောင်စီရဲ့ ဓာတ်ပုံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
ဝန်ကြီးဌာနအများစုရဲ့ မျက်နှာစာတွေပျက်စီးပြိုကျနေတာတွေ့ရပြီး လက်ရှိအချိန်အထိ ပြန်လည်ပြင်ဆင်နိုင်တာမရှိတာကိုလည်းတွေ့ရပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ကတော့ ရုံးအဆောက်အဦများအတွင်းက အရေးကြီးစာရွက်စာတမ်းများ၊ စက်ပစ္စည်းကိရိယာတွေနဲ့ ရွှေ့ပြောင်းရတဲ့ ပစ္စည်းတွေကို အမြန်ဆုံးပြောင်းရွှေ့ဖို့ ကို ညွှန်ကြားခဲ့တာတွေ့ရပါတယ်။
အဆောက်အဦတွေကို ပြန်တည်ဆောက်ချိန်မှာ တစ်လုံးတည်းကြီးမားစွာတည်ဆောက်တဲ့ပုံစံထက် အကန့်လိုက်၊ အလုံးလိုက်ခွဲ တည်ဆောက်ရင် ငလျင်ဒဏ်ပိုခံမယ်လို့လည်း သူက ဆိုပါတယ်။
ဝန်ထမ်းမိသားစုများ ယာယီနေထိုင်တဲ့နေရာတွေမှာ လုံခြုံမှုရှိစေရေးနဲ့ ယာယီနေထိုင်နေရာများ တည်ဆောက်တဲ့အခါ နှစ်ခန်းတွဲတွေ တည်ဆောက်ပေးပြီး ရေ၊ မီးများ လုံလောက်စွာ ရရှိရေးစီစဥ်ပေးဖို့လည်း သူက ထည့်ပြောတာတွေ့ ရပါတယ်။
တဖက်မှာလည်း ငလျင်ဒဏ်ခံခဲ့ရတဲ့ နေပြည်တော်ရှေးဟောင်းသုတေနနဲ့အမျိုးသားပြတိုက်က ထိန်းသိမ်းထားတဲ့ ကမ္ပည်းကျောက်စာ ပေစာ ပုရပိုက်တွေနဲ့ စာကြည့်တိုက်စာအုပ်စာတမ်းတွေကို ရန်ကုန်နဲ့ဧရာဝတီတိုင်းက မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရွှေ့ပြောင်းခဲ့ပြီး သောင်းနဲ့ချီရှိတဲ့စာအုပ်စာတမ်းတွေနဲ့စာပေပစ္စည်းတွေ၊ ကွန်ပျူတာတွေကိုရနိုင်သလောက်ကြိုးစားသိမ်းဆည်းနေတယ်လို့ အမျိုးသားပြတိုက်နေပြည်တော်ဝန်ထမ်းတစ်ဦးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။
နေပြည်တော်မှာတော့ ပြိုပျက်ပစ္စည်း စာရင်းတွေကို လိုက်လံ ကောက်ယူမှုတွေရှိနေတယ်လို့ နေပြည်တော် ဒေသခံတွေထံက သိရပါတယ်။
၀န်ထမ်းနေအိမ် အပြိုအပျက်စာရင်းတွေကတော့ စုစုပေါင်း တစ်ထောင်ကျော်ရှိနေပြီး ပြန်လည်ပြင်ဆင်ဖို့ စာရင်းထွက်လာပြီလို့လည်း သိရပါတယ်။
အဲဒီစာရင်းထဲမှာ အနီရောင်အဆင့် ရှိတဲ့ အကြီးစားပြိုကျ ပျက်စီးပြီး လူနေရန်မသင့်တဲ့ ဝန်ထမ်း နေအိမ် ၆၁၀ နဲ့ လူနေထိုင်လို့ ရပေမယ့် အကြီးစားပြင်ဆင်ဖို့လိုအပ်တဲ့ နေအိမ် ၉၄၆ လုံး ပါရှိပါတယ်။
သတ်မှတ်ချက် အနီရောင်အဆင့်ရှိနေတဲ့ တိုက်ပေါ်က ၀န်ထမ်း မိသားစုတွေကိုတော့ လက်ရှိ စည်ပင် ဧည့်ရိပ်သာမှာ ပြောင်းထားကြပြီ အရင်က တိုက်အောက်မှာ တဲထိုးနေတဲ့ ၀န်ထမ်းတွေပါ ပြောင်းနေကြတယ်လို့နေပြည်တော်မှာ နေထိုင်သူက ဆိုပါတယ်။
တချို့ ဌာနဆိုင်ရာ တွေရဲ့ သံဖရိန်းနဲ့ ဆောက်ထားတဲ့ ဟောတိုက်လို့ အရပ်ခေါ် တဲ့ အဖွင့်ခန်းဆောင်တွေမှာ အခန်းဖွဲ့ပြီးရုံး ပြန်လည်ပတ်နေတာတွေရှိသလို ရုံးအများစုဟာ ၃ပုံ ၁ပုံလောက် ပြိုကျခဲ့တယ်လို့ သိရပါတယ်။
ဌာနဆိုင်ရာ ရုံးတည်ဆောက်ဖို့ ပြန်လည်ထူထောင်ရေးက နှစ်နဲ့ချီကြာနိုင်တာကြောင့် နိုင်ငံခြားရေး၀န်ကြီးဌာနနဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေး ၀န်ကြီးဌာနကတော့ ရန်ကုန်ဘက်ကို ရွှေ့ပြောင်းပြီးရုံးလုပ်ငန်းလည်ပတ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။
နေပြည်တော် ကောင်စီနယ်မြေဟာ ၀န်ထမ်းနေရပ်ကွက် ၉ခု ရှိပြီး ဦးစားပေးအဆင့်သတ်မှတ်ချက် အလိုက်ချက်ချင်းပြင်ဆင်ရမယ့်နေအိမ်တွေကို ဒီလကုန်မှာ စတင်ပြင်ဆင်တော့မယ်လို့ သိရပါတယ်။
ဘီဘီစီက ရရှိတဲ့အချက်အလက်တွေအရ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမြို့တော်နေပြည်တော်မှာ ဌာနဆိုင်ရာအဆောက်အဦတွေ၊ ရုံးဌာနတွေအပါအဝင် အုပ်ချုပ်ရေးယန္တရား ၇၀ ရာခိုင်နှုန်းလောက်ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ငလျင်ဘေးသင့် မန္တလေးမြို့ က ရပ်ကွက်တချို့မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုရှိ
ငလျင်ဒဏ်သင့် မန္တလေးမြို့အတွင်းက ရပ်ကွက်တချို့မှာ သင်္ကြန်ကာလမိုးရွာပြီးနောက်ပိုင်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုတွေရှိနေတယ်လို့ သဘာဝဘေးနောက်ဆက်တွဲကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့တွေဆီက သိရပါတယ်။
မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်နဲ့ အမရပူရမြို့နယ်တွေမှာ ဝမ်းပျက်သူတွေပိုများလာလို့ ကုသပေးရတာတွေရှိလာတယ်လို့ ဆိုပြီး အရေအတွက်ကိုတော့ စိစစ်နေဆဲလို့ အခမဲ့ဆေးကုသပေးနေတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။
ငလျင်ကြောင့် ပြိုကျပျက်စီးမှုတွေထဲ ဆေးခန်းတွေဖွင့်ထားတဲ့တိုက်တွေလည်း ပါတာကြောင့် ဆေးခန်းတွေပိတ်ထားရတာလို့ဆိုပါတယ်။ ဒါကြောင့်လည်း ရုတ်တရက်ရောဂါတွေဖြစ်လာတဲ့အခါ ကုသဖို့အခက်အခဲရှိကြတယ်လို့သိရပါတယ်။
ဆေးအလှူရှင်တွေ ရှိပေမဲ့လည်း အများစုက ပတ်တီးနဲ့ အရက်ပျံတွေပဲ ထောက်ပံ့ကြတာများတယ်လို့ အခမဲ့ ဆေးကုသပေးနေတဲ့ ဆရာဝန်က ပြောပါတယ်။
စစ်ကိုင်းမြို့ဘက်မှာလည်း ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်ဝန်းကျင်က ဝမ်းပျက်ဝမ်းလျှောဖြစ်သူတွေရှိခဲ့တာကြောင့် အုပ်ချုပ်ရေးအဖွဲ့တွေက ဆောင်ရန်၊ရှောင်ရန်အချက်တွေကို အသံချဲ့စက်တွေနဲ့ လိုက်လံသတိပေးတာတွေ ရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ယောက်က ပြောပါတယ်။
မန္တလေးမြို့ထဲမှာလည်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှု ပိုတိုးမဖြစ်လာဖို့ ကျန်းမာရေးအသိပညာပေး လုပ်ငန်းတွေကိုလုပ်နေကြတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ထဲက ပန်းတောကြီးစခန်းကို အာရက္ခတပ်တော် သိမ်းပိုက်လိုက်ပြီလို့ဆို
ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ ဆက်နေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ထဲက ပန်းတောကြီးစစ်ကောင်စီစခန်းကို အာရက္ခတပ်တော်-အေအေ နဲ့ ပူးပေါင်းအဖွဲ့တွေက မနေ့ ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ အေအေ စစ်ရေးရင်းမြစ်က ပြောပါတယ်။
ပန်းတောကြီးစခန်းကို ဧပြီ ၁၅ ရက်စပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၃ ရက်အကြာမှာ သိမ်းပိုက်ခဲ့တာလို့ဆိုပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ အေအေ ပြောခွင့်ရသူကိုဆက်သွယ်မေးမြန်းထားပါတယ်။
ငလျင်ဒဏ်ကြောင့် စစ်ကောင်စီက ဧပြီ ၂ ရက် ကနေ ၂၂ ရက် အထိ အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားသလို အေအေပါဝင်တဲ့ မဟာမိတ်ညီနောင် သုံးဖွဲ့ကလည်း ဧပြီ ၁ ရက်ကနေ ၃၀ ရက်အထိ ထိုးစစ်တွေ ရပ်နားမယ်လို့ ကြေညာထားတာပါ။
"ပန်းတောကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စခန်းပါ။ အရမ်းကြီး အချက်အချာ ကျတာရယ်မဟုတ်ပေမဲ့ လေးမျက်နှာမြို့ရဲ့ ကာကင်းစခန်းလို့တော့ ပြောလို့ရတယ်။ ကြားထဲမှာ အပစ်ခတ်ရပ်စဲတယ်ဆိုပြီး ငြိမ်ထားတာ၊ ကျောက်တော်ကို ဧပြီ ၁၃ ရက်က ဗုံးကြဲတော့ အခုမနားတော့ဘူး"လို့ အေအေ စစ်ရေးရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ ပန်းတောကြီးစခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အေအေနဲ့ပူးပေါင်းအဖွဲ့တွေက လိုက်လံတိုက်ခိုက်တာကြောင့် ပန်းတောကြီးရွာနဲ့ ၅ မိုင်ဝန်းကျင်လောက်ဝေးတဲ့ ဆီဆုံကုန်းရွာမှာ ဧပြီ ၁၈ ရက် ညနေပိုင်းကနေ ဧပြီ ၁၉ ရက် မနက်ပိုင်းအထိ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။
ပန်းတောကြီးကျေးရွာ စစ်စခန်းနဲ့ လေးမျက်နှာမြို့ကြားမှာ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ဆီဆုံကုန်းကျေးရွာ ရှိတာဖြစ်ပါတယ်။
" ဒီနေ့မနက်အထိကို လက်နက်ကြီးပစ်ခတ်သံကြားတယ်။ အရင်ရက်တွေဆို ညဘက်ရော ပစ်ခတ်နေကြတာ၊ မြို့အစပ်မှာနေတဲ့သူတွေဆို ပန်းတောကြီးဘက်က အိမ်တွေမီးလောင်တာလည်း မြင်နေရတယ်"လို့ လေးမျက်နှာမြို့ခံတစ်ယောက်က ပြောပါတယ်။
ဒါ့ကြောင့် လေးမျက်နှာမြို့ဘက်ကို တိုက်ပွဲတွေ ဦးတည်လာမှာကိုလည်း မြို့ခံတွေ စိုးရိမ်နေပါတယ်။
လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ကြသလို စစ်ကောင်စီကလည်း ဆက်တိုက်လေကြောင်းကနေ ဗုံးကြဲတာကြောင့် ပန်းတောကြီးရွာက နေအိမ်တချို့လည်း မီးလောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန်းတောကြီး၊ ဆီဆုံကုန်း၊ ဆင်သေ၊ အောင်ဘော်၊ လှည်းကူး၊ ကွမ်းခြံကုန်း စတဲ့ကျေးရွာက ဒေသခံတွေလည်း လေးမျက်နှာမြို့ပေါ်၊ ငါးသိုင်းချောင်းနဲ့ ဟင်္သာတ စတဲ့မြို့တွေဘက်ကို တိမ်းရှောင်နေကြရပါတယ်။
ကော့ကရိတ် - ကျုံဒိုးလမ်းပိုင်းတိုက်ပွဲဆက်ပြင်းထန်နေ၊ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုဆက်ရှိ
ကရင်ပြည်နယ်၊ ကော့ကရိတ် - ကျုံဒိုးလမ်းပိုင်းမှာ စစ်တပ်နဲ့ KNLA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲဆက်ပြင်းထန်နေပြီး ဒီကနေ့ ဧပြီ ၁၉ ရက် မနက်ပိုင်းက ကျုံဒိုးမြို့နယ် တောင်ကမ္မရိုက်၊မြောက်ကမ္မရိုက်ရွာဘက်ကို စစ်တပ်က လေကြောင်း ဗုံးကြဲခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA/PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ကော့ကရိတ် - ကျုံဒိုးလမ်းပိုင်းမှာ သင်္ကြန်ကာလကတည်းက တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။
ကော့ကရိတ်မြောက်ပိုင်းက ရန်ကုတ်ရွာ၊မီချောင်းအင်း၊ကောင်းမှုရွာတွေဘက်မှာ တိုက်ပွဲဆက်ပြင်းထန်နေသလို အာရှလမ်းမကြီးဘက်မှာလည်းတိုက်ပွဲရှိတယ်လို့ဆိုပါတယ်။
''စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတယ်။ တိုက်ပွဲဖြစ်နေတဲ့ ရွာတွေနဲ့ အနီးစပ်ဆုံးတပ်ရင်းတွေဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးတယ်။ လေယာဉ်က တော့ ဝဲလိုက်ကြဲလိုက်ပဲ။ဂျက် လေယာဉ်က ကင်းထောက် တယ်။ Y12 လေယာဉ်နဲ့လည်းကြဲချတယ်'' လို့ စစ်ရေးရင်းမြစ်ကပြောပါတယ်။
ကော့ကရိတ်-ကျုံဒိုးတိုက်ပွဲက ဧပြီ ၁၅ ရက်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ကျုံဒိုးကနေ ကော့ကရိတ် မြို့အဝင် စစ်တပ်ရဲ့ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကနေ တိုက်ပွဲဖြစ်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ ကူပစ်ပေးနေတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
KNLA/PDF ပူးပေါင်းတပ်တွေကတော့ ကျုံဒိုး ၊ကော့ကရိတ် အာရှလမ်းက လေးတိုင်၊ငါးတိုင်၊နွားခြံကုန်းရွာတွေဘက်က စစ်စခန်းတွေကို သိမ်းထားတယ်လို့သိရပါတယ်။
တဖက်မှာလည်း ကျုံဒိုး-ကော့ကရိတ် အာရှလမ်းမကြီးတလျှောက်တိုက်ပွဲတွေကြောင့် ထိုင်း - မြန်မာ နယ်စပ် ကုန်စည်တင်ယာဉ်တွေက မြဝတီ-ထို့ကော်ကိုး-နဘူး-ထီလုံ လမ်းပိုင်းကနေ ပြောင်းသွားနေရတယ်လို့ ကရင်သတင်းဌာန KIC ကဖော်ပြပါတယ်။
ထိုင်းနယ်ခြားစောင့်စစ်တပ်ကလည်း ကော့ကရိတ်နဲ့ ကျုံဒိုးဘက်ကတိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းကိုထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်သူတွေကို ကယ်ဆယ်ရေးဆောင်ရွက်ပေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ရေးရင်းမြစ်ရဲ့ ပြောပြချက်အရ တော်လှန်ရေးအင်အားစုတွေသိမ်းထားတဲ့ ကော့ကရိတ်-မြဝတီ- အာရှလမ်းနဲ့ ထိုင်း မြန်မာနယ်စပ်က စစ်တပ်စခန်းတွေကို စစ်တပ်ဘက်က ပြန်မသိမ်းနိုင်အောင် တော်လှန်ရေးအင်အားစုတွေဘက်က ကြားဖြတ်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်လာတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက်ကလည်း စစ်ကောင်စီက ကျုံဒိုး မြောက်ကမ္မရိုက်ရွာကို Y12 လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အသက် ၃၀ ကျော်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဗုံးစထိမှန် သေဆုံးသွားပြီး ရွာရှိ ကလေး၊ လူကြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မော်ဖားဆူး တိုက်ပွဲကြောင့် ထိုင်းဘက်တိမ်းရှောင်တဲ့ ဒေသခံ ၂၀၀ ကျော်ကို ထိုင်းစစ်တပ်ကယ်ဆယ်
ကရင်ပြည်နယ်၊ မြဝတီမြို့၊ မော်ဖားဆူးစစ်တပ်စခန်းကို KNLA/PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်နေလို့ ဒေသခံ ၂၁၅ ဦးဟာ ထိုင်းဘက်ခြမ်း မယ်လမမြို့ ကို တိမ်းရှောင်ခဲ့ကြပါတယ်။
စစ်ဘေးရှောင်သူတွေကို ထိုင်းစစ်တပ်က ကယ်ဆယ်စောင့်ရှောက်ထားတယ်လို့ ထိုင်းနယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ပါတယ်။
စစ်ဘေးရှောင်သူတွေထဲ အမျိုးသား ၉၂ ဦး၊ အမျိုးသမီး ၁၂၃ ဦးပါဝင်ပြီး တက်ခ်ခရိုင်စစ်တပ်နဲ့ ကယ်ဆယ်ရေးအသင်းတွေက ထိုင်းမြန်မာနယ်စပ် ထိုင်းဘက်ခြမ်းမှာ နေထိုင်ရေး စီစဥ်ပြီးခေါ်ထားတယ်လို့ သိရပါတယ်။
တဖက်မှာလည်း ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA/PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ကော့ကရိတ် - ကျုံဒိုးလမ်းပိုင်းမှာ သင်္ကြန်ကာလကတည်းက တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။
အေအေ ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ ဗုံးကြဲခံရလို့ ၂ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ
အာရက္ခတပ်တော်- အေအေ သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ က ရပ်ကွက်တွေထဲကို ဒီကနေ့ မနက်ပိုင်း ဧပြီ ၁၉ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဂျက်လေယာဉ်နှစ်စီးက မနက်အစောပိုင်း ၃ နာရီဝန်းကျင်မှာ ပြည်တော်သာ၊ မြို့သစ်၊ ရှမ်းရွာ စတဲ့ ရပ်ကွက်တွေထဲကို ဗုံး ၄ ကြိမ်ထက်မနည်း ကြဲခဲ့တာလို့ သိရပါတယ်။
" ကြဲခံရတဲ့ နေရာမှာပဲ တစ်ယောက် ဆုံးတယ်။ နောက်တစ်ယောက်က ဒဏ်ရာပြင်းထန်ပြီးမှ ဆုံးသွားတယ်။ သေဆုံးတဲ့သူ အရေအတွက်လည်း တိုးလာနိုင်တယ်။ ဒဏ်ရာပြင်းသူများတယ်။ မြို့က အေအေကသိမ်းပြီးသားဆိုတော့ စစ်ရေးတင်းမာနေတဲ့အခြေအနေလည်း မရှိပါဘူး"လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
ဒဏ်ရာရတဲ့အထဲမှာ အသက် ၄ နှစ်အပါအဝင် အသက်မပြည့်တဲ့ ကလေး ၆ ယောက်လည်း ပါဝင်ပါတယ်။
စစ်ကောင်စီက ငလျင်ဒဏ်ထိခိုက်ခံစားရသူတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဖို့အတွက် ဧပြီ ၂ ရက်နေ ၂၂ ရက်အထိ ယာယီအပစ်ခတ်ရပ်စဲထားပေမဲ့လည်း လေကြောင်းတိုက်ခိုက်မှုတွေက နေ့တိုင်းရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောထားပါတယ်။
အေအေ စစ်ရေးအရင်းအမြစ်ကတော့ စစ်ကောင်စီအနေနဲ့ လက်လွှတ်လိုက်ရပြီး ပြန်မရနိုင်တော့တဲ့ နေရာတွေကို အေးအေးချမ်းချမ်း မနေစေချင်တဲ့ ရည်ရွယ်ချက်ကြောင့် ဗုံးကြဲတိုက်ခိုက်နေတာလို့ပြောပါတယ်။
ကျောက်တော်မြို့ ရပ်ကွက်တွေထဲကို လေကြောင်းပစ်ခတ်တယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်တွေ- ရန်ကုန်ကားလမ်းမကြီးဘေးမှာ ရှိပြီး အချက်အချာကျတဲ့ ကျောက်တော်မြို့ကို အာရက္ခတပ်တော်-အေအေက ၂၀၂၄ ခုနှစ် ဩဂုတ်မှာ သိမ်းပိုက်ခဲ့တာပါ။
လားရှိုးမြို့ထဲကို စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေ ဝင်ရောက်လာ
ကိုးကန့် ရဲတပ်ဖွဲ့လည်း မြို့တွင်းမှာဆက်ရှိနေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ထဲကို ဧပြီ ၁၈ရက်က စလို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဝင်ရောက်လာပြီဖြစ်သလို ကိုးကန့် ရဲတပ်ဖွဲ့ဝင်တွေလည်း မြို့တွင်းမှာ ဆက်ရှိနေတုန်းပဲလို့ လားရှိုးဒေသခံတစ်ဦး က ပြောပါတယ်။
" စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက မနေ့က ဝင်လာကြတယ်။ ကိုးကန့်တပ်တချို့လည်း မြို့ပြင်ထွက်ပြီး လုံခြုံရေးယူထားတာရှိတယ်။ မြို့ထဲမှာလည်း မနေ့ည (ဧပြီ ၁၈ ရက်) အထိကို ကင်းပတ်နေကြတုန်း။ လတ်တလော အုပ်ချုပ်ရေးကတော့ ဘယ်လိုဆက်သွားမလဲ မသိဘူး။ ဧပြီ ၂၁ ရက်ကို စောင့်ကြည့်ရမှာပဲ"လို့ လားရှိုးမြို့ခံတစ်ယောက်က ပြောပါတယ်။
လားရှိုးမြို့ကို သိမ်းပိုက်ထားတဲ့ ကိုးကန့်တပ်(MNDAA)တပ်တွေဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုအရ ဧပြီ ၂၁ ရက် နောက်ဆုံးထားပြီး မြို့ကနေ ဆုတ်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
စစ်ကောင်စီက လာမယ့် ဒီဇင်ဘာအတွင်း ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲအတွက် အုပ်ချုပ်ရေးအဖွဲ့တွေကို အရင်ဦးစားပေးစေလွှတ်တာ ဖြစ်နိုင်တယ်လို့လည်း အဲဒီဒေသခံက မှတ်ချက်ပေးပါတယ်။
လက်ရှိအချိန်ထိတော့ လက်နက်ကိုင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြို့ထဲကို ဝင်ရောက်လာတာမျိုး မတွေ့ရသေးဘူးလို့ သိရပါတယ်။
တဖက်မှာလည်း လားရှိုးမြို့ကို ကိုးကန့်တပ်သိမ်းပိုက်ခဲ့ချိန်က မူဆယ်မြို့မှာ ပြောင်းရွှေ့နေထိုင်တဲ့ စစ်ကောင်စီ အရာရှိတချို့ကတော့ မူဆယ်နဲ့ လားရှိုးကို အခုရက်ပိုင်းအတွင်း ရဟတ်ယာဉ်နဲ့ အသွားအပြန်လုပ်နေကြတယ်လို့ ဒေသခံက ဆိုပါတယ်။
ဧပြီ ၂၁ ရက် မတိုင်ခင် သင်္ကြန်ကာလအတွင်းမှာ ပိတ်ထားတဲ့ ကိုးကန့်တပ် လက်အောက်ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေလည်း အခုချိန်အထိ ပိတ်ထားသလို ကိုးကန့်ရဲ့ ဌာနဆိုင်ရာ ပစ္စည်းတွေကိုလည်း ရွှေ့ပြောင်းထားကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေ လားရှိုးမြို့ကို ပြန်ဝင်ရောက်မလာခင်မှာပဲ CDM ဝန်ထမ်းတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ပြောင်းရွှေ့သွားကြတာဖြစ်ပါတယ်။
မန္တလေး၊ သပိတ်ကျင်းခရိုင်ထဲက ရွာသုံးခုကို တစ်ရက်တည်း လေကြောင်းတိုက်ခိုက်ခံရမှု ၁၂ ဦးထက်မနည်း သေဆုံး
တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲမန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်ထဲက လိပ်ကျကျေးရွာကို ဧပြီ ၁၈ ရက်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့လို့ ၁၂ ဦး သေဆုံးခဲ့ပြီး ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
"လိပ်ကျက MDY PDF - ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ရုံးပေါ်ကိုကြဲလို့ ကလေးအပါအဝင် အမှုလာတိုင်တဲ့ရွာသားတွေ လမ်းပေါ်က ရွာသားတချို့သေတာပါ။ ၃ နေရာလောက်ပတ်ကြဲပြီး ဗုံးအပြင် စက်သေနတ်နဲ့ပါ ပစ်ပါတယ်"လို့ မြေပြင်အခြေအနေကို သိရှိသူက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေး တာဝန်ရှိသူရဲ့ ပြောကြားချက်အရ သပိတ်ကျင်းမြို့နယ်ထဲက လိပ်ကျကျေးရွာနဲ့ ရေထွက်ရွာ၊ စဉ့်ကူးမြို့နယ်ထဲကကျောက်ပေါက်ရွာ တို့ကို စစ်ကောင်စီက ဧပြီ ၁၈ ရက်တစ်ရက်တည်းမှာတင် လေကြောင်းကနေ ဗုံးကြဲသွားတာလို့ဆိုပါတယ်။
လိပ်ကျကျေးရွာက သေဆုံးသူတွေထဲမှာ အရပ်သား ၁၀ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးပါဝင်တယ်လို့ မြေပြင်အခြေအနေကို သိရှိသူက ပြောပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာတော့ ရေထွက်ရွာ လမ်းခွဲနားကို ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးနှစ်လုံး ကြဲချခဲ့ပြီး အဲဒီရွာမှာတော့ လူအထိအခိုက် မရှိဘူးဘူးလို့ဆိုပါတယ်။
စဉ့်ကူးမြို့နယ်ထဲက ကျောက်ပေါက်ရွာ စာသင်ကျောင်းကိုတော့ နေ့လယ်ပိုင်းမှာ ဗုံးကြဲခဲ့တာဖြစ်ပြီး အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။
"ပေါင် ၅၀၀ ဗုံး အရှိန်နဲ့ စာသင်ကျောင်းနားမှာနေတဲ့ ပြည်သူတွေ ထိခိုက်သွားတာပါ"လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၄ ရက်တုန်းကလည်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာကို လေကြောင်းတိုက်ခိုက်တာကြောင့် လသားအရွယ် ကလေးငယ်တွေအပါအဝင် ၂၇ ဦး သေဆုံးပြီး ၃၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ရန်ကုန်၊ ကမာရွတ်ရဲစခန်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတင်းကျပ်စစ်ဆေး
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ရဲစခန်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရဲစခန်းတဝိုက်ကို ပိတ်ဆို့စစ်ဆေးပြီးလုံခြုံရေးတင်းကျပ်ထားတယ်လို့ မြေပြင်အခြေအနေသိရှိသူကပြောပါတယ်။
မနေ့ဧပြီ ၁၈ ရက်ညပိုင်းက Yangon UG People Army (YUPA)နဲ့ Operation Flam (OF) တို့ ပူးပေါင်းပြီး
ကမာရွတ်မြို့နယ် မြို့မရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားသလို ရဲစခန်းနဲ့ ကြည့်မြင်တိုင်မြို့နယ်ဘက်ခြမ်းနေသူတွေလည်း ပေါက်ကွဲသံအကျယ်ကြီးကြားခဲ့ရတယ်လို့ ပြောပါတယ်။
'' ကျွန်တော်တို့ ဖောက်ခွဲတိုက်ခိုက်ပြီး နောက်ပိုင်း စစ်ကောင်စီဘက်က အဲဒီနေရာ ဝန်းကျင်မှာ ပိတ်ဆို့စစ်ဆေးတာတွေရှိတယ်လို့သိရပါတယ်'' လို့ YUPA က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ရဲတပ်ဖွဲ့ တစ်ချို့ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ပြောဆိုချက်တွေရှိပေမဲ့ တိတိကျကျသိရတာမရှိလို့ သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်မေးမြန်းနေပါတယ်။
Operation Flam (OF)နဲ့ အဖွဲ့ဟာ အခုနှစ်အတွင်း လေတပ်အိမ်ထောင်သည်လိုင်းခန်း ကင်းဂိတ်၊ မင်္ဂလာဒုံတပ်နယ်မှူးရုံး ၊ ရွှေပြည်သာရဲစခန်း၊ မှော်ဘီရဲတပ်ဖွဲ့မှူးရုံးနဲ့ ထောက်ကြန့်ရဲစခန်းတို့ကို တိုက်ခိုက်မှုတွေလုပ်ခဲ့တာကို မှတ်တမ်းတွေ အရသိရပါတယ်။