မတ် ၃၁ ရက် နိုင်ငံတဝန်း ထူးခြားသတင်းများအနှစ်ချုပ်
မိုးမောက်တိုက်ပွဲမှာ တပ်မ ၈၈ တပ်မမှူး သေဆုံးတယ်လို့ ကေအိုင်အေ ပြော

ဓာတ်ပုံ ရင်းမြစ်, MNP/ Social Media
ကချင်ပြည်နယ်၊ မိုးမောက်မြို့တဝိုက်ကို စစ်ကောင်စီရဲ့ အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး အပါအဝင် စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တာကြောင့် ကချင်လွတ်လပ်ရေးတပ်(KIA) တပ်ဖွဲ့ဝင်တွေက စစ်ဆင်ရေးအဖြစ်တိုက်ခိုက်ခဲ့ရာကနေ အခုလို တပ်မမှူး သေဆုံးတာလို့ ကေအိုင်အေ ဆီက သိရပါတယ်။
“တိုက်ပွဲဖြစ်တော့ စစ်ကောင်စီရဲ့ Y 12 စစ်ထောက်ပို့ယာဉ်က ဗုံးကြဲတယ်တဲ့။ ကြဲတဲ့မိုင်းကနေ တပ်မ ၈၈ က တပ်မမှူးတို့ သူ့ရဲ့ အဖွဲ့အကုန်လုံး မိုင်းထိပြီးသေသွားတယ်ဆိုတာကြားရပါတယ်” လို့ ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ဒီနေ့ ညနေပိုင်းမှာ အတည်ပြုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်တိုက်ပွဲမှာ ဗိုလ်မှူးချုပ် မင်းထွဋ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပြီး ဗန်းမော်မြို့ကို ဆေးကုသဖို့ သွားရာလမ်းမှာတင် ၃၀ ရက်နေ့မှာ သေဆုံးခဲ့တာလို့ ကေအိုင်အေ က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ခရိုင် ပြန်/ဆက်
ဘီဘီစီလေ့လာကြည့်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး အဖြစ် ဗိုလ်မှူးချုပ် မင်းထွဋ်ဦး တာဝန်ထမ်းဆောင်ခဲ့တာပါ။
အခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်ထဲမှာတော့ အမှတ်(၁၁) ခြေမြန်တပ်မဌာနချုပ်၊ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်၊ အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ်၊ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်က တပ်မမှူးတွေနဲ့ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ အမှတ် (၁၇) စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲရေးမှူးတွေ အပြောင်းအလဲ ရှိခဲ့တာဖြစ်ပါတယ်။
အခုမတ်လ ကချင်စစ်မြေပြင်မှာ သေဆုံးခဲ့တဲ့ အမှတ် (၈၈) တပ်မမှူးဟာ ဗိုလ်မှူးချုပ် မင်းထွဋ်ဦး ဟုတ်၊ မဟုတ်နဲ့ သူသေဆုံးပြီလားဆိုတာကို ဘီဘီစီအနေနဲ့ ထပ်မံအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲပါ။
မကွေးမြို့အခြေစိုက် အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်းတွေဟာ ပြီးခဲ့တဲ့ နှစ်ကစလို့ ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
ဒါဟာ စစ်ကောင်စီတပ် ထိပ်သီးဗိုလ်မှူးချုပ်တစ်ဦး တိုက်ပွဲကျတာလို့ ယူဆလို့ရနိုင်ပြီး ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးတုန်းကလည်း ရှမ်းပြည်နယ်၊ မုံးကိုးတိုက်ပွဲမှာ အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်လွင် သေဆုံးခဲ့ပါတယ်။
မိုးမောက်မြို့စစ်ရေးအခြေအနေကြည့်ရရင် မတ်လနောက်ဆုံးအပတ်ထဲမှာတင် စစ်ကောင်စီတပ်ရဲ့ တပ်ရင်းဌာနချုပ် ၂ ခုအပြင် မိုးမောက်ထဲက မြို့သစ်ရွာအခြေစိုက် စစ်တပ်ရဲ့အရေးပါတဲ့ စလောင်းကုန်း ပေါ်က ပင်မတပ်စခန်းနဲ့ ကာကင်းစခန်း ၇ ခုကို ကေအိုင်အေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားပါသေးတယ်။
မြန်မာ - အိန္ဒိယ စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာနဲ့ အိန္ဒိယကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ အိန္ဒိယသံရုံးကနေ တာဝန်ပြီးဆုံးလို့ ပြန်မယ့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနဲ့ မြန်မာ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာ အခုသီတင်းပတ်အတွင်းတွေ့ဆုံချိန် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
မြန်မာပြည်မှာရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်နေတဲ့အခြေအနေအပါအဝင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်စီးပွားနဲ့ ရင်းနှီးမြှုပ်နှံရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ ဝါဂွမ်းနဲ့ဆေးဝါး ထုတ်လုပ်ရေးတွေကိုလည်း အိန္ဒိယသံအမတ်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အိန္ဒိယ သံအမတ် မစ္စတာ ဗီနေး ခူးမားဟာ သူ့ရဲ့သံတမန် ခန့်အပ်လွှာကို ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ မြန်မာစစ်ကောင်စီဥက္ကဋ္ဌကို နေပြည်တော်မှာ ပေးအပ်ခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီတုန်းက အိန္ဒိယဟာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆော်ဒီအာရေးဗျပြီးရင် စစ်ကောင်စီထံ သံတမန် ခန့်အပ်လွှာပေးအပ်တဲ့ ဒုတိယမြောက်နိုင်ငံဖြစ်ခဲ့ပါတယ်။
ဒီလိုသံတမန်ခန့်အပ်လွှာပေးအပ်ခဲ့တာကြောင့် ဒါဟာ နိုင်ငံတကာမှာ စစ်ကောင်စီ အသိအမှတ်ပြုခံရဖို့ နီးစပ် လာပြီလားဆိုပြီး ဝေဖန်မေးခွန်းထုတ်တာတွေလည်း ရှိခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန အောက်က လုပ်ငန်းအများစုပါဝင်တဲ့ လုပ်ငန်း ၁၀ ခု ဟာ မြန်မာစစ်တပ်ကို စစ်ဘက်သုံးပစ္စည်း၊နည်းပညာနဲ့လောင်စာဆီရောင်းချထားတာ ဒါမှမဟုတ် စစ်အုပ်စုနဲ့စီးပွားရေးလုပ်ဖို့ ကြိုးစား အားထုတ်တာကို မြန်မာစစ်တပ်လှုပ်ရှားမှုကို စောင့်ကြည့်တဲ့ Justice For Myanmar အဖွဲ့က ထုတ်ဖော်ရေးသားထားပါတယ်။
စစ်မှုမထမ်းလိုတဲ့ ကျောင်းသားတွေကို လွတ်မြောက်ဒေသခေါ်ယူဖို့ သမဂ္ဂတွေ ပူးပေါင်းဆောင်ရွက်နေ

ဓာတ်ပုံ ရင်းမြစ်, တကသများ - ရန်ကုန်
စစ်ကောင်စီထိန်းချုပ်ရာဒေသမှာရှိနေပြီး စစ်မှုမထမ်းလိုတဲ့ ကျောင်းသားတွေကို လွတ်မြောက်ဒေသတွေဆီ ခေါ်ယူနိုင်ဖို့ ကျောင်းသားသမဂ္ဂတွေကြား ပူးပေါင်းဆောင်ရွက်နေတယ်လို့ ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်) က ဘီဘီစီကို ပြောပါတယ်။
“လွတ်မြောက်ရာဒေသတွေကို ဘယ်လိုမျိုးခေါ်မလဲ၊ ဒီကျောင်းသားတွေအနေနဲ့ အားလုံးပူးပေါင်းပြီး တော်လှန်ရေးမှာ ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတဲ့ကိစ္စတွေအတွက် ကျွန်မတို့ စီစဉ်ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ ရှိပါတယ်” လို့ တကသများ - ရန်ကုန်ရဲ့ ပြောရေးဆိုခွင့်ရ ခရစ္စတင်းက ပြောပါတယ်။
ဒါဟာ နိုင်ငံတဝန်းက ကျောင်းသားထုနဲ့ သက်ဆိုင်ရာကျောင်းသားသမဂ္ဂတွေအနေနဲ့ တပ်ပေါင်းစု သဏ္ဍာန် စနစ်တကျစုစည်းဆောင်ရွက်ဖို့ဆိုပြီး ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာကျရောက်တဲ့ တကသများ - ရန်ကုန်ဖွဲ့စည်းတာ သုံးနှစ်ပြည့် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ဒီထုတ်ပြန်ချက်မှာ တော်လှန်ရေးအချိုးအကွေ့အတွက် အရေးကြီး အချက်သုံးချက်နဲ့ ထောက်ပြထားပြီး အခုလိုကျောင်းသားထုစုစည်းဖို့ဆိုတဲ့အချက်အပါအဝင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘုံသဘောတူညီချက်တွေ တည်ဆောက်ပြီး စုစည်းညီညွတ်ဖို့အပြင် ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ပေးဖို့ဆိုတဲ့ အချက်တွေလည်းပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တကသများ - ရန်ကုန်
နိုင်ငံရေးအရ ဦးဆောင်တဲ့ တကသများ - ရန်ကုန် မှာ စစ်ရေးအတွက် ကျောင်းသားလက်ရုံးတပ်တော် - SAF ကိုလည်း ဖွဲ့စည်းထားတာပါ။
စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း တိုင်းပြည်တဝန်းမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အောင်ပွဲတွေပိုပြီးရလာပေမဲ့လည်း စစ်ကောင်စီလိုမျိုး နှစ် ၇၀ ကျော်စနစ်တကျတည်ဆောက်လာခဲ့တဲ့ ယန္တရားတစ်ရပ်ကိုဖြိုချနိုင်ဖို့အတွက်တော့ လက်ရှိတော်လှန်ရေးအရှိန်အဟုန်နဲ့ မလုံလောက်သေးဘူးလို့ ထောက်ပြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့တုန်းကလည်း တကသများ - ရန်ကုန်ကနေ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ NUCC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ထံ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပြီး စစ်မှုထမ်းဥပဒေ နဲ့ ပတ်သက်လို့ လူထုကို တိကျရှင်းလင်းတဲ့ ထုတ်ပြန်ချက်တွေပေးဖို့၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ကို တာဝန်ယူ တာဝန်ခံပြီး ကာကွယ်ဖို့နဲ့ NUG ကွပ်ကဲမှုအောက် အဖွဲ့အစည်းတွေရဲ့ ပုံရိပ်ကျဆင်းလာမှုတွေ ကို ပြန်ထိန်းကြောင်းပြီး လူထုယုံကြည်မှု ပြန်ရယူဖို့ကိုပါ တိုက်တွန်းခဲ့ပါသေးတယ်။
ဆီဆိုင်မြို့ကို ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, PNLA
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။
ဆီဆိုင်မြို့ကို လုံခြုံရေးအတွက် တိုက်ခိုက်တယ်လို့ဆိုပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်(PNLA) ပူးပေါင်းတပ်ဖွဲ့တွေ ဆီဆိုင်မြို့က စစ်ကောင်စီတပ်၊ နောက် သူ့လက်အောက်ပအိုဝ်းပြည်သူ့စစ်(PNO/PNA)ကို တိုက်ခိုက်ခဲ့တာ ၂ လကျော်ကြာမြင့်ခဲ့ပါတယ်။
အခုတော့ ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ဆိုပြီး စစ်ကောင်စီဘက်က မတ်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။
ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်တာကိုတော့ မတ်လ နောက်ဆုံးပတ်အတွင်း ပြုလုပ်နိုင်ခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်သလို ပအိုဝ်းပြည်သူ့စစ်ဘက်ကလည်း မြို့ကို ပြန်ထိန်းချုပ်နိုင်ပြီဆိုတဲ့အကြောင်း ဘီဘီစီကို အစောပိုင်းကတည်းက ပြောထားပါတယ်။
စစ်ကောင်စီကတော့ ဆီဆိုင်မြို့ကို PNLA အပါအဝင် ကရင်နီအမျိုးသားများတော်လှန်ရေးတပ်(KNDF)၊ KNPP နဲ့ PDF တို့က တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
PNLA ဘက်ကတော့ စစ်ကောင်စီဟာ လူထုကို မြို့ထဲပြန်ဝင်နေနိုင်ပြီလို့ပြောနေပေမဲ့ ဆီဆိုင်မြို့ထဲမှာ တိုက်ပွဲ ဆက်ဖြစ်နေတုန်းဆိုပြီး တစ်နေ့တည်းမှာပဲ ထုတ်ပြန်ပြောဆိုပါတယ်။
ရှမ်းတောင်က ဆီဆိုင်၊ ဟိုပုံးနဲ့ ပင်လောင်းတို့မှာဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် အရပ်သား ၂ ဦး နေ့စဥ် ထိခိုက်နေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက ပြောထားပါတယ်။
ဓမ္မသရွာမှာ ဘာတွေဆက်ဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, ဂဠုန်စစ်ကြောင်း
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်က မွန်လူမျိုးတွေအများဆုံးနေထိုင်ရာ ဓမ္မသရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက လက်နက်ကြီးကျပြီး အိမ်တွေရာချီ မီးလောင်ခဲ့တာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် စစ်ဘေးရှောင်နေကြရပြီး ရွာအနီးနားမှာလည်း လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်ရှိနေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေဆီက သိရပါတယ်။
ဒီကနေ့ မတ်လ ၃၁ ရက်နောက်ဆုံးရအချက်အလက်အရ ဓမ္မသရွာထဲကို အခုမနက်ပိုင်းမှာတင် လက်နက်ကြီးပစ်ခတ်မှုတွေရှိနေပြီး နေအိမ်တွေဆက်လက်မီးလောင်နေဆဲလို့ မြေပြင်မှာရှိနေသူတွေက ပြောပါတယ်။
“ဓမ္မသစစ်ရှောင်တွေက ဘီလူးကျွန်း၊ ချောင်းဆုံ ဘက်ရှောင်ကုန်ကြပြီ။ ရွာမှာက ပိတ်မိသူတွေမရှိတော့ဘူး၊ အိမ်စောင့်လောက်ပဲ ရွာမှာကျန်ခဲ့တာပါ” လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက ပြောပါတယ်။
မတ်လနောက်ဆုံးအပတ်အတွင်း ကော့ဘိန်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲစခန်းကို မွန်နဲ့ကရင် တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက စီးနင်းသိမ်းပိုက်မှုပြုလုပ်ခဲ့အပြီးမှာ စစ်ကောင်စီတပ်ဟာ ရမ္မာဝတီလမ်းတလျှောက်မှာရှိတဲ့ ကော့ဘိန်းရွာ၊ ဓမ္မသရွာ၊တရာနာရွာတွေဟာ စစ်ကောင်စီဝင်ရောက်စီးနင်းတာတွေကြုံခဲ့ရပါတယ်။
နေပြည်တော်မှာ ဆန္ဒအလျောက် စစ်မှုထမ်းသူ ၁၈၀ ကျော်အထိရှိတယ်လို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, screengrab
နေပြည်တော် မြို့နယ် ၈ မြို့နယ်မှာ သဘောဆန္ဒအလျောက် စစ်မှုထမ်းဖို့ မှတ်ပုံတင်သူ ၁၈၀ ကျော်အထိရှိတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။
သဘောဆန္ဒအလျောက် စစ်မှုထမ်းမယ့်သူတွေကို နေပြည်တော်မှာ ကြိုဆိုခဲ့ပြီး စစ်ဆေးမှုတွေပြုလုပ်ဖို့ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းတွေကို ပို့ဆောင်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းစာတွေမှာ မတ်လ ၂၉ ရက်တုန်းက ထုတ်ပြန်တာဖြစ်ပါတယ်။
ဘီဘီစီက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဆက်သွယ်မေးမြန်းချက်တွေအရ တနင်္သာရီအပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ စစ်မှုထမ်း စာရင်းမှာပါဝင်သူတွေကို စစ်ဆေးတာတွေပြုလုပ်ဖို့ ဆင့်ခေါ်ထားပြီးပြီလို့ သိရပါတယ်။
စစ်ကောင်စီက ဆန္ဒအလျောက်စစ်မှုထမ်းသူတွေပဲ အချက်အလက်နဲ့ ဆေးစစ်တာလို စစ်ဆေးမှု အဆင့်ဆင့် လုပ်နေတယ်လို့ ပြောပေမဲ့ ရန်ကုန်အပါအဝင် ပြည်နယ်နဲ့တိုင်းက မြို့နယ်အချို့မှာတော့ စစ်မှုထမ်းဖို့ ဒေသခံတွေကို မဲနှိုက်ရွေးချယ်တာမျိုး ရှိနေပါတယ်။
စစ်ကောင်စီဘက်ကတော့ ဖေဖော်ဝါရီလဆန်းမှာ အသက်ဝင်ပြီလို့ ကြေညာခဲ့တဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ဖို့ ပထမဆုံး ဆင့်ခေါ် တာကို မြန်မာနှစ်သစ်ကူးကာလ ဧပြီလမှာ စတင်မယ်လို့ စစ်ကောင်စီပြောခွင့်ရက အစောပိုင်းကတည်းက ဘီဘီစီကို ပြောထားပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းက လူငယ်တွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကို တိမ်းရှောင်တာအပြင် ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီးပေါ်ပေါက်လာတဲ့ အာဏာသိမ်းဆန့်ကျင်ရေးလက်နက်ကိုင်အဖွဲ့တွေဆီ ပူးပေါင်းတာတွေလည်းရှိနေပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲမဖြေခဲ့ရတဲ့ ကျောင်းသားတွေအတွက် စာမေးပွဲပြန်ကျင်းပမယ်

ဓာတ်ပုံ ရင်းမြစ်, BBC
အခုလဆန်းပိုင်းမှာ ကျင်းပခဲ့တဲ့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လုံခြုံရေးအခြေအနေကြောင့် ဝင်ရောက်မဖြေဆိုဖြစ်ခဲ့တဲ့ ကျောင်းသားတွေအတွက် ဧပြီလကုန်ပိုင်းမှာ အထူးအစီအစဉ်အနေနဲ့ စာမေးပွဲပြန်ကျင်းပပေးမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာလာပါတယ်။
လာမယ့် ဧပြီလ ၂၉ ရက်ကစလို့ မေလ ၆ ရက်နေ့အထိ စာမေးပွဲတွေ ပြန်ကျင်းပပေးမှာဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်တွေက ဒေသ (၁၇) ခုက အထက်တန်းကျောင်း (၂၇) ကျောင်းမှာ ဖြေဆိုခွင့်ရမှာဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဒေသတွေထဲက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တို့မှာပါ စာစစ်ဌာနတွေထားရှိပေးသွားမှာပါ။
ဒါကြောင့် စာမေးပွဲဖြေဆိုဖို့ စာရင်းပေးထားပေမဲ့ မဖြေဆိုခဲ့ရတဲ့ ကျောင်းသားတွေအနေနဲ့ မိမိဖြေဆိုလိုတဲ့ စာစစ်ဌာနတွေကို လာမယ့် ဧပြီ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးဖို့လည်း ဒီရက်ပိုင်းထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဆက်တိုက်ကြေညာလာပါတယ်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာ စစ်ကောင်စီဦးစီးကျင်းပတဲ့ စာမေးပွဲတွေထဲ ဖြေဆိုသူ ကျောင်းသားအရေအတွက် သိသိသာသာလျော့ကျခဲ့တဲ့ နှစ်ဖြစ်သလို ကယား(ကရင်နီ) ပြည်နယ်မှာဆိုရင် စာစစ်ဌာနလုံးဝမရှိခဲ့ပါဘူး။
၁၀၂၇ စစ်ဆင်ရေးကြောင့် တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ စာရင်းပေးသွင်းတဲ့အရေအတွက်ရဲ့ ၅၀ ရာခိုင်နှုန်းကျော် ပျက်ကွက်ခဲ့ပါတယ်။












