ဂါဘွန်နိုင်ငံမှာ စစ်အာဏာသိမ်း၊ သမ္မတကို အကျယ်ချုပ် ထိန်းသိမ်းထား-သြဂုတ်လ ၃၀ ရက်ညပိုင်း နောက်ဆုံးရသတင်းများ

စစ်တပ်ကိုထောက်ခံကြောင်း လမ်းပေါ်တက်ကြသူတွေရှိနေကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်တပ်ကိုထောက်ခံကြောင်း လမ်းပေါ်တက်ကြသူတွေရှိနေကြ
ရေးသားခဲ့သည်။

ဂါဘွန်နိုင်ငံမှာ သမ္မတ အာလီ ဘွန်ဂို ကို အကျယ်ချုပ် ထိန်းသိမ်းထားလိုက်ပြီး သူ့နေရာမှာ သမ္မတ အစောင့်တပ်ဖွဲ့အကြီးအကဲကို အစားထိုး ခန့်အပ်ဖို့ ရှိတယ်လို့ စစ်တပ်အရာရှိတွေက ပြောပါတယ်။

ဂါဘွန်ပြည်သူတွေရဲ့ ကိုယ်စား၊ နိုင်ငံတော်အဖွဲ့အစည်းတွေကို ကာကွယ်စောင့်ရှောက်သူတွေအဖြစ် ငြိမ်းချမ်းရေးကို ကာကွယ်ဖို့အတွက် လက်ရှိအစိုးရကို ဖျက်သိမ်းဖို့ စစ်တပ်က ဆုံးဖြတ်လိုက်ကြောင်းနဲ့ ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ မဲရလဒ်တွေကို ပယ်ဖျက်လိုက်ပြီ ဖြစ်ပြီး နိုင်ငံတော် အဖွဲ့အစည်းအားလုံးကိုလည်း ဖျက်သိမ်းလိုက်ပြီ လို့ အမည်မသိ ပြောခွင့်ရသူတစ်ဦးက ယူနီဖောင်းဝတ် စစ်တပ်ဖွဲ့ဝင်တွေ ခြံရံရင်း ကြေညာချက်ကို ဖတ်ပြသွားခဲ့ပါတယ်။

နောက်ထပ် ကြေညာချက် မထုတ်ပြန်မချင်း နယ်စပ်တွေကို ပိတ်ထားလိုက်ပြီလို့ ဆိုပါတယ်။

ရွေးကောက်ပွဲမှာ ထောက်ခံမဲ ၃ ပုံ ၂ ပုံ နဲ့ မစ္စတာ ဘွန်ဂို အနိုင်ရကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ဖော် ကြေညာခဲ့ပြီးပြီးချင်းမှာပဲ စစ်တပ်ဖွဲ့ဝင်တွေက အခုလို ကြေညာလိုက်တာပါ။

ဂါဘွန်နိုင်ငံဟာ ဆိုးဝါးတဲ့ နိုင်ငံရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေ မပါဘဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု၊ ယုံကြည်စိတ်ချရမှု မရှိဘူးလို့ စစ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လစ်ဘရက်ဗီးမြို့တော်မှာ သေနတ်သံတွေ ကြားခဲ့ရပါတယ်။

ရေနံကြွယ်ဝတဲ့ အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဂါဘွန်နိုင်ငံမှာ မစ္စတာ ဘွန်ဂို ရာထူးကနေ ဖြုတ်ချခံလိုက်ရတာကြောင့် နှစ်ပေါင်း ၅၆ နှစ်ကြာ သူ့မိသားစု ဆွေစဉ်မျိုးဆက် အာဏာကိုင်စွဲထားမှု ဆုံးခန်းတိုင် သွားနိုင်ဖွယ် ရှိနေပါတယ်။

ဂါဘွန်၊ စစ်အာဏာသိမ်း၊ သမ္မတ အာလီ ဘွန်ဂို

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းစစ်တပ်ကို ပြည်သူလူထုက လမ်းတွေပေါ်မှာ ထောက်ခံကြိုဆိုခဲ့ကြ

ဂါဘွန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ပြင်သစ်အစိုးရက ဝေဖန်ရှုတ်ချလိုက်ပြီး ရွေးကောက်ပွဲ ရလဒ်ကို လေးစားလိုက်နာဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီဖြစ်ရပ်ဟာ အနောက်နဲ့ ဗဟိုအာဖရိက ဒေသက ပြင်သစ်ကိုလိုနီဟောင်း နိုင်ငံအများစုမှာ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုတွေထဲ အခုနောက်ဆုံး ဖြစ်ရပ်ဖြစ်ပါတယ်။

ရုရှားအစိုးရကလည်း စိုးရိမ်မကင်း ဖြစ်မိကြောင်းနဲ့ ဖြစ်စဉ်တွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာနေတယ်လို့ ဆိုပါတယ်။

အီးယူ ဥရောပ သမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဖ် ဘော်ရဲလ် ကလည်း ဂါဘွန်နိုင်ငံ စစ်အာဏာသိမ်းမှုကြောင့် ဒေသတစ်ခုလုံးကို ပိုမတည်မငြိမ် ဖြစ်လာစေမယ်လို့ ပြောပါတယ်။

မစ္စတာ ဘော်ရဲလ် ဟာ အနောက်အာဖရိက ဒေသနိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေနဲ့ စပိန်နိုင်ငံ တိုလက်ဒိုမြို့မှာ တွေ့ဆုံတဲ့အခါ ဂါဘွန်မြို့ အာဏာသိမ်းမှု အခြေအနေတွေအကြောင်း ဆွေးနွေးပြောဆိုမှာ ဖြစ်ပါတယ်။

အားကောင်းတဲ့ အီဒါလီယာ ဟာရီကိန်းမုန်တိုင်း အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ထဲ ဝင်တိုက်ခတ်

အမေရိကန်၊ ဖလော်ရီဒါ၊ အီဒါလီယာ ဟာရီကိန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Big Bend ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ညွှန်ကြားထား

အီဒါလီယာ ဟာရီကိန်း မုန်တိုင်းဟာ အမေရိကန် ပြည်ထောင်စု အရှေ့တောင်ပိုင်းကို ဦးတည် ရွေ့လျားသွားနေရာမှာ အလွန်အမင်း အန္တရာယ်များတဲ့ မုန်တိုင်းအဆင့် ၄ အဖြစ် အားကောင်းလာနေပြီ ဖြစ်ပါတယ်။

အီဒါလီယာ မုန်တိုင်းဟာ ဖလော်ရီဒါပြည်နယ် Big Bend ဒေသထဲ ဝင်ရောက်လာလုနီးပါး ဖြစ်နေပြီ ဖြစ်ပြီး ၅ မီတာ နီးပါးအထိ လှိုင်းလုံးကြီးတွေနဲ့ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ လေပြင်းတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဖလော်ရီဒါပြည်နယ်မှာ ခရိုင် ၂၀ ကျော်မှာ လူတွေ ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ အမိန့်ညွှန်ကြားချက် ထုတ်ပြန်ထားပြီး မုန်တိုင်းအပြီးလုပ်ဆောင်ရမယ့် ကယ်ဆယ်ရေး ဆောင်ရွက်ချက်တွေကို ပြည်နယ် အုပ်ချုပ်ရေးမှူး ရောန် ဒီဆန်းတစ်စ် က ကြိုတင် စီစဉ် ချမှတ်ခဲ့ပါတယ်။

မက္ကဆီကို ပင်လယ်ကွေ့က မကြုံစဖူး ပူနွေးတဲ့ ရေပြင်တွေကြောင့် မုန်တိုင်း ပိုအားကောင်းလာခဲ့တာ ဖြစ်ပါတယ်။

အီဒါလီယာ မုန်တိုင်းကြောင့် ကျူးဘားနိုင်ငံ အနောက်ပိုင်းမှာ ရေကြီးမှုတွေ နေရာအနှံ့ ဖြစ်ပွားခဲ့ပြီး ဖြစ်ပါတယ်။

ယူကရိန်းရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ခံခဲ့ရတယ်လို့ ရုရှားပြော

ယူကရိန်း၊ ရုရှား၊ ဒရုန်းတိုက်ခိုက်မှု

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, သြဂုတ်လဆန်းပိုင်းက ယူကရိန်းတို့ ပစ်လွှတ်လိုက်တာလို့ ယူဆရတဲ့ ဒရုန်း ထိမှန်ပြီး မော်စကိုမြို့ ပြပွဲအဆောက်အဦ ထိခိုက်ပျက်စီးခဲ့

ရုရှားနိုင်ငံဟာ ယူကရိန်းတပ်ဖွဲ့တွေရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ခဲ့ရပြီး အနည်းဆုံး ဒေသ ၆ ခုနဲ့အတူ ခရိုင်းမီးယားဒေသမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ရုရှားဘက်က ပြောပါတယ်။

အက်စတိုးနီးယားနိုင်ငံနဲ့ သိပ်မဝေးတဲ့ ရုရှားနိုင်ငံ အနောက်မြောက်ပိုင်းနယ်စပ် ပီစကော့ဖ်မြို့မှာ ရှိတဲ့ လေဆိပ်တစ်ခုကို ဒရုန်းထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ အနည်းဆုံး စစ်ကုန်တင်လေယာဉ်နှစ်စင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မော်စကို၊ ဘရိုင်ယန်စ်ခ်၊ အော်ရွယ်လ်၊ ရီယာဇန် စတဲ့ ဒေသတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒရုန်းအများစုကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ယူကရိန်းနိုင်ငံကို ရုရှားက ခရုဇ်မစ်ဆိုင်းတွေ၊ ဒရုန်းတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာကို ခံခဲ့ရကြောင်း ဒါပေမဲ့ အားလုံးနီးပါးလောက်ကို ပစ်ချလိုက်နိုင်ခဲ့ကြောင်း ယူကရိန်းအစိုးရက ပြောပါတယ်။

ပြိုကျလာတဲ့ အပျက်အစီးတွေကြောင့် လူ နှစ်ဦး သေဆုံးခဲ့ပြီး နောက်လူနှစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို ဆက်ထိန်းသိမ်းထားဖို့ အထူးတရားရုံးအမိန့်ချ

ပါကစ္စတန်၊ အင်မရန်ခန်း

ဓာတ်ပုံ ရင်းမြစ်, EPA-EFE/REX/SHUTTERSTOCK

ပါကစ္စတန်နိုင်ငံမှာ သံတမန်ရေး လျှို့ဝှက်စာရွက်စာတမ်း တစ်ခုပါ အချက်အလက်တွေကို မလျော်မကန် အသုံးပြုခဲ့မှု စွဲချက်နဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန် ခန်းကို ဆက်လက် ထိန်းသိမ်းထားဖို့ အထူးတရားရုံးက ညွှန်ကြားလိုက်ပါတယ်။

သူဟာ အမေရိကန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်က ပို့လိုက်တဲ့ လျှို့ဝှက် သတင်းအချက်အလက်တွေကို နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် ပေါက်ကြားအောင် လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

သူ့ကို ရာထူးကနေ မနှစ်တုန်းက ဖယ်ရှားခဲ့တာ ဖြစ်ပြီး မစ္စတာ ခန်းက သူ့ကို ရာထူးဖယ်ရှားမှုဟာ ပါကစ္စတန် စစ်တပ်၊ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေနဲ့ အမေရိကန်အစိုးရ ပါဝင်ပတ်သက်တဲ့ ပူးပေါင်းကြံစည်မှုတစ်ခု ဖြစ်တယ်လို့ ပြောနေခဲ့တာပါ။ သူတို့အားလုံးကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

အဂတိလိုက်စားမှုစွဲချက်နဲ့ မစ္စတာခန်း ပြစ်မှုထင်ရှားခဲ့မှုကို နောက်တရားရုံးတစ်ခုက ဆိုင်းငံ့ခဲ့အပြီး တစ်ရက်အကြာမှာပဲ ဒီစီရင်ချက် ထွက်ပေါ်လာခဲ့တာပါ။

မစ္စတာ ခန်းကတော့ သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်အားလုံးဟာ နိုင်ငံရေးနဲ့ ဆက်နွှယ်နေတယ်လို့ ပြောနေပါတယ်။