ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စရေး အရပ်သား ၁၂၀,၀၀၀ ကျော် သေနတ်လိုင်စင်လျှောက်
မိုဟန်နက် တူတန်ဂျီ နဲ့ ကလဲရာ ပရက်စ်
ဘီဘီစီ အာရေဗျဘာသာ၊ အစ္စရေး
ဟားမတ်စ် စစ်သွေးကြွတွေ သတ်ဖြတ်မှုကြောင့် လူပေါင်း ၁,၄၀၀ ကျော်သေဆုံး ခဲ့ရတဲ့ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးက အရပ်သားတွေ ပထမဆုံး သေနတ်လိုင်စင်ကို ရဖို့ လျှောက်လွှာတင်ရာမှာ လူပေါင်း ၁၂၀, ၀၀၀ ကျော် ရှိလာပါပြီ။
ဥပဒေနဲ့အညီ သေနတ် တလက်ရဖို့ နိုင်ငံအနှံ့မှာ လူတွေက အပြေးအလွှား လုပ်နေကြတာပါ။ သေနတ်ပစ် လေ့ကျင့်ကွင်းတွေမှာလည်း ပစ်နည်းတွေ ကျွမ်းကျင်အောင် လာလေ့ကျင့်လာကြတဲ့ အစ္စရေးတွေလည်း တဟုန်ထိုးများလာလို့ လူတွေ စည်နေပါတယ်။ သေနတ်ဆိုင်တွေရှေ့မှာ သူတို့ရဲ့ ပထမဆုံးလက်နက်ကို ရဖို့ အတွက် လူတွေက စိတ်ရှည်လက်ရှည်နဲ့ စီတန်းစောင့်နေကြပါတယ်။
သေနတ်ကိုင်ဆောင်ခွင့် ကန့်သတ်ချက် ဥပဒေကို လျှော့ချပေးမယ့်အကြောင်း အစ္စရေး အစိုးရက ကြေညာခဲ့ပြီးတဲ့နောက်ပိုင်းမှာပဲ ရာဇဝတ်မှု နောက်ကြောင်း ကင်းရှင်းသူတွေ၊ ကျန်းမာရေးအရ ပြည့်စုံသူတွေ စသဖြင့် လက်နက်ကိုင်ဆောင်ဖို့ တရားဝင် အခွင့်အရေးရှိသူတွေဟာ အခုဆိုရင် သီတင်း တပတ်အတွင်း သေနတ် လိုင်စင်ရနိုင်ပါပြီ။
တစ်ဦးကို အရင်က ကျည်ဆန် အတောင့် ၅၀ ပိုင်ဆိုင်ခွင့်အစား အတောင့် ၁၀၀ အထိ တိုးမြှင့် သတ်မှတ်ပေးတာကိုလည်း အစိုးရက လုပ်ပေးလိုက်ပါတယ်။
“အစိုးရက ကန့်သတ်ချက်အားလုံးကို ဖယ်ပေးလိုက်ပြီဆိုတော့ အခုက သေနတ် တလက်ရဖို့ သိပ်လွယ်သွားပါပြီ” လို့ ဂျေရုဆလင်မြို့ပြင်လေးမှာပဲ ရှိတဲ့ ကဘုက အသက် ၄၁ နှစ်အရွယ် ရှေ့နေ အိုမရီ ရှနိုက်ဒါက ပြောပါတယ်။
ဒါပေမဲ့ သူ့ရဲ့ အဲဒီဆုံးဖြတ်ချက်အပေါ် မစ္စတာ ရှနိုက်ဒါ တယောက် သိပ် စိတ်ချမ်းသာတာတော့ မဟုတ်ပါဘူး။ အရပ်သားတွေဆီ လက်နက်တွေ သိန်းနဲ့ချီပြီး ရောက်သွားတဲ့ နောက် ဖြစ်လာမယ့် ရိုက်ခတ်မှုတွေကို သူ စိုးရိမ်ပါတယ်။
“အကျိုးကျေးဇူးတွေရှိတယ်၊ ဒါပေမဲ့ ဆိုးကျိုးတွေလည်း အများကြီးပါပဲ။ အမေရိကန်မှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့ တွေ့နေရတာပဲလေ။ ဒီလို ဆုံးဖြတ်လိုက်ရတာ လွယ်လွယ်ကူကူနဲ့တော့ ဖြစ်လာတာမဟုတ်ပါဘူး။ ဒါပေမဲ့ အစ္စရေး ပြည်သူတွေ စိတ်ထဲ ပိုပြီးလုံခြုံအောင် ဒီလို လုပ်ဖို့လိုတယ်လို့ ထင်လို့ ကျွန်တော် လုပ်လိုက်တာပါ။”
လက်ယာစွန်းဝါဒီလည်းဖြစ်၊ ပုဂ္ဂလိက လက်နက်ပိုင်ဆိုင်ခွင့်ကို ကာလရှည်ကြာ ထောက်ခံသူလည်းဖြစ်တဲ့ အမျိုးသားလုံခြုံရေးဝန်ကြီး အစ်တမာ ဘန်ဂျီဗာက နိုင်ငံအနှံ့လှည့်လည်ပြီး သောင်းနဲ့ချီတဲ့ လက်နက်တွေကို ထုတ်ပေးနေပါတယ်။
ဂါဇာနဲ့ နယ်စပ်ချင်းထိနေတဲ့နေရာတွေ၊ ဂျူးနဲ့ အာရပ်ရောပြီးနေထိုင်နေတဲ့ မြို့တွေ စတဲ့ဒေသတွေက လူတွေကို အထူးပြုပြီး လက်နက်တွေ ထုတ်ပေးတယ်၊ ဂျူးရပ်ရွာ အသိုင်းအဝိုင်းတွေ အနေနဲ့ အရပ်သား လုံခြုံရေး အဖွဲ့တွေ ဖွဲ့ကြဖို့ တိုက်တွန်းနေတယ်လို့ သူက ပြောပါတယ်။
အိမ်ထောင်စု ၂၀၀ လောက်နေထိုင်ကြတဲ့ ကိဘွတ်ဇ်- စုပေါင်းရွာမြေ မှာ မစ္စတာ ရှနိုက်ဒါက နေပါတယ်။ သူက “အရပ်သားတွေရဲ့ ဆောင်ရွက်မှု” ဆိုတဲ့ အတွေးအမြင်ကို ထောက်ခံပါတယ်။
“အခုဖြစ်နေတဲ့ အခြေအနေတွေကြောင့် ကျွန်တော်နေတဲ့ ကိဘွတ်ဇ်မှာ ဆိုရင် လူတွေက လက်နက်တွေ ကိုင်မယ်၊ ကိုယ့်ရပ်ရွာကို စောင့်ရှောက်မယ်ဆိုတာကို ဆုံးဖြတ်လိုက်ကြတယ်။ အကြမ်းဖက်သမားတွေရဲ့ နောက်ထပ်တိုက်ခိုက်မှုတွေ၊ ကျူးကျော်လာတာမျိုးတွေ ဘယ်နေရာမှာ ဖြစ်လာပါစေ၊ အရေးပေါ် တုံ့ပြန်မယ့် အဖွဲ့တွေက လုပ်စရာရှိတာတွေ ကိုလုပ်ကြပါလိမ့်မယ်။”
အခုလို ဂျူးရပ်ရွာအသိုင်းအဝိုင်း အများအပြားက သူတို့ကို သူတို့ ပိုပြီး လုံခြုံ နိုင်မယ့်နည်းတွေ ရှိကြပေမယ့် လူဦးရေရဲ့ ၂၀ % ကျော်ဖြစ်တဲ့ အာရပ်နွယ်ဖွား အစ္စရေး နိုင်ငံသားတွေကတော့ သူတို့ အခုအချိန်မှာ ခံစားရတဲ့ ကြောက်ရွံ့ရမှုမျိုးက အရင်ကတုန်းက မတူဘဲ အထိတ်လန့်ရဆုံး အခြေအနေကို ကြုံနေရတာလို့ ပြောပါတယ်။
ခွဲခြားဆက်ဆံခံရတာတွေ၊ နှုတ်နဲ့ စော်ကားတာတွေ၊ အွန်လိုင်းက ခြိမ်းခြောက်တာတွေ စတဲ့ အဖြစ်တွေကို နိုင်ငံတလွှားက အာရပ်နွယ်ဖွား အစ္စရေးနိုင်ငံသားတွေက ဘီဘီစီကို ပြောပြကြပါတယ်။
အစ္စရေး အလယ်ပိုင်းက လော့မြို့ဟာ ဂျူးနဲ့ အာရပ်တွေကြား စိတ်နာကျင်စရာ ကောင်းလှတဲ့ လူမျိုးရေးတိုက်ခိုက်အကြမ်းဖက်မှု ရာဇဝင် အကြီးအမား ရှိပါတယ်။
မသန်စွမ်းတဲ့ကလေးတွေအတွက် အထူးပြုသင်ကြားပေးတဲ့ ဆရာမ ဆူဟာ ဟမ်ဒိုနီဟာ သူ့ဘဝတလျောက်လုံး လော့မှာနေထိုင်လာတာပါ။ သူ့အိမ်ရှေ့က လမ်းတဖက်မှာ ဂျူးတွေရဲ့ အိမ်တွေရှိပြီး ဒီဘက်ခြမ်းမှာတော့ အာရပ်တွေရဲ့ အိမ် တွေပါ။
တိုက်ခိုက်မှုတွေ ဖြစ်ပြီးကတည်းက စော်ကားတိုက်ခိုက်ခံရမှာတွေကို ကြောက်လန့် တာ သက်သက်ကြောင့် ဂျူးရပ်ကွက်ထဲမှာ ရှိတဲ့ စျေးဆိုင်ကို မသွားတော့ဘဲ အာရပ်ဆိုင်တွေရှိတဲ့နေရာကို တကွေ့တပတ်ကြီး လမ်းလျောက်သွားဝယ်တယ်လို့ သူက ဆိုပါတယ်။
“ကျွန်မတို့အိမ်တွေက အရင်ကတည်းက အတိုက်အခိုက်ခံလာနေရတာ၊ စိတ်ဒဏ်ရာတွေကို ကျွန်မတို့က ကုစားရင်း ရုန်းကန်နေရတာပါ။”
အာရပ်နွယ်ဖွားတွေဟာ အစ္စရေးနိုင်ငံသားဖြစ်ပေမယ့် ယေဘုယျအားဖြင့် ပါလက်စတိုင်းလို့ပဲ အသတ်အမှတ်ခံကြရပြီး စစ်ထဲ မဝင်မနေရ ကောက်ယူတာမျိုး ကနေ လည်း ကင်းလွတ်ခွင့်ပေးထားပါတယ်။ ဒီလို စစ်သင်တန်းတွေ မရခဲ့ဘဲနဲ့ သေနတ် လိုင်စင်ရဖို့က သူတို့အတွက် ခက်ခဲပါတယ်။
“အစ္စရေးအရပ်သားတွေ သူတို့ကို သူတို့ ကာကွယ်ပိုင်ခွင့်ရသွားမှာကို ကျွန်မ သိပ်စိုးရိမ်ပါတယ်၊ ကျွန်မ သေသွားနိုင်တယ်လေ၊ ကျွန်မကော၊ ကလေးတွေကော သေသွားနိုင်တာ” လို့ သူက ပြောပါတယ်။
“ကျွန်မ အမှားလုပ်မိလို့ အဲဒီလို ကြုံရမှာ မဟုတ်ဘူး။ ကျွန်မက အာရပ် ဆိုတာကြောင့် ကြုံရမှာ။ ကျွန်မ အရပ်ထဲမှာ ဂျူးအသိုင်းအဝိုင်းက သေနတ် ရပိုင်ခွင့်ရှိတယ်လို့ ဆိုရင် ကျွန်မကရော ဘာလို့ သေနတ် မရနိုင်ရမှာလဲ၊ ဒါမှ မဟုတ် နှစ်ဖက်စလုံးကို သေနတ် ပေးမကိုင်နဲ့လေ။”
အရင်တုန်းက ဒေသခံ ခရီးသွားတွေနဲ့ ပြည့်နှက်နေတတ်တဲ့ ဂျူးနဲ့ အာရပ် ရောထွေးမြို့တွေမှာ ဟားမတ်စ်တို့ တိုက်ခိုက်မှုနောက်ပိုင်း လူသူမရှိလောက်အောင် ချောက်ကပ်နေပါတယ်။ စျေးဆိုင်တွေလည်း ပိတ်၊ စားသောက်ဆိုင်တွေလည်း မဖွင့်ကြပါဘူး။
လော့ စားသောက်ဆိုင် ပိုင်ရှင် အဘူ အက်မာက “ကျွန်တော့ စားသောက်ဆိုင်ကို လာတဲ့ ဖောက်သည် ၆၀% က ဂျူးတွေပါ” လို့ ပြောပါတယ်။
“အခုတော့ သူတို့ မလာတော့ဘူး။ တယောက်မှကို မလာတော့တာ။ တယောက်မှ လည်း ဖုန်းမဆက် လာကြတော့ဘူး။ အာရပ်တွေက ဂျူးရပ်ကွက် တွေထဲ သွားဖို့ ကြောက်လန့်နေကြတယ်။ ဂျူးတွေကလည်း အာရပ်တွေရှိတဲ့အရပ်တွေ ကို မလာရဲ ကြတော့ဘူး။”