ဇူလိုင် ၁၁ ရက် ထိပ်တန်းသတင်းများ - သိုင်းငင်းမှာ စခန်းတိုက်ခိုက်ခံရချိန် စစ်တပ်က လေကြောင်းသုံး တုံ့ပြန်

CDF စီးယင်း တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, CDF စီးယင်း

ဓာတ်ပုံ ပုံစာ, CDF စီးယင်း တပ်ဖွဲ့ဝင်တွေ
ရေးသားခဲ့သည်။

စစ်ကောင်စီပစ်တဲ့လက်နက်ကြောင့် ကလေး ၂ ဦး လက်နက်ကြီးထိမှန်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ဖီလာရပ်ကွက်က‌ နေအိမ်ကို စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီး ကျလို့ အိမ်ထဲမှာရှိနေတဲ့ မောင်နှမ ၂ ဦးထဲက ၁ ဦးသေဆုံးပြီး ၁ ဦးကပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ တောင်ဖီလာဒေသခံတစ်ဦးက အတည်ပြုပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီးယင်းဒေသအတွင်းက သိုင်းငင်းစစ်ကောင်စီ ကင်းစခန်းကို ချင်းကာကွယ်ရေးတပ်ပေါင်းစုတွေက ဒီကနေ့ ဇူလိုင် ၁၁ ရက် မနက်‌အစောပိုင်းက သိမ်းယူပြီးနောက် စစ်ကောင်စီဘက်က ကလေးမြို့ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာကနေ မြို့ထဲကို လက်နက်ကြီးကျတာလို့ ဒေသခံတွေက ယူဆကြပါတယ်။

''တမနက်လုံး လက်နက်ကြီးနဲ့ ပစ်နေတာ အသံတွေဆူညံနေတာပဲ။ အဲဒီလက်နက်က ကလေးမြို့အနောက်က တောင်ဖီလာက အိမ်ကို ခေါင်းမိုးဖောက်ဝင်ပြီးကျတာ။ အဲဒီအိမ်ထဲက ကလေးလေး မောင်နှမ ၂ ယောက် ကိုထိတာ အစ်မဖြစ်တဲ့ကလေးမလေး က လည်ပင်းကိုထိပြီး သေသွားတယ်၊ သူ့မောင်လေးက ရင်ဘတ်ကိုထိထားတယ်ကြားတယ်''လို့ ကလေးမြို့ခံ တစ်ဦးက ပြောပါတယ်။

တဖက်မှာလည်း သိုင်းငင်းစစ်ကောင်စီ ကင်းစခန်းကို သိမ်းယူတဲ့ တိုက်ပွဲဟာ အနည်းဆုံး ၆ နာရီ ကျော်ကြာခဲ့ပြီး စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်အများစု သေဆုံးသလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ချင်းကာကွယ်ရေးတပ် CDF စီးယင်းက ထုတ်ပြန်ပါတယ်။

ချင်းကာကွယ်ရေးတပ်ပေါင်းစုတွေဘက်က ၄ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက်စစ်ကောင်စီဘက်က သိုင်းငင်းတဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတာတွေရှိခဲ့တယ်လို့ ဆိုပြီး ကလေးမြို့ဘက်ကနေ လက်နက်ကြီးနဲ့ အကြိမ်များစွာပစ်ခတ်တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကျောက်မဲမြို့နယ်ထဲ စစ်တပ်နဲ့ TNLA စစ်ရေးတင်းမာနေ

TNLA တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, TNLA တပ်ဖွဲ့ဝင်တွေ

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ထဲက မိုင်းငေါ့မြို့နယ်ခွဲထဲမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်(TNLA) တို့ စစ်ရေးတင်းမာနေတယ်လို့ TNLA ဘက်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ကြား မနေ့တုန်းက ၃ နာရီကြာတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့အပြီးမှာ ဒီနေ့အထိ စစ်ရေးတင်းမာနေတာလို့ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က အမှတ် ၂၅၇ ခြေလျင်တပ်ရင်းက အင်အား ၇၀ နီးပါးနဲ့ မိုင်းငေါ့မြို့ကနေ ထွက်လာပြီး နမ့်တွေရွာဘက်ကို စစ်ကြောင်းထိုးလာချိန် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာကနေ စစ်ရေးဆက်လက်တင်းမာနေတာလို့လည်း ဆိုပါတယ်။

TNLA ဘက်ကတော့ အဲဒီဒေသဟာ တပ်မဟာ ၂ စစ်ဒေသဖြစ်ပြီး တစ်ဖက်နဲ့တစ်ဖက် စစ်ရေးစောင့်ကြည့်နေတဲ့အခြေအနေရှိတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း မြန်မာစစ်တပ်ဟာ TNLA လှုပ်ရှားရာနယ်မြေ ဒေသထဲမှာ အခုလအစောပိုင်းစတင်ပြီး စစ်အင်အား ပိုမိုတိုးချလှုပ်ရှားလာနေတယ်လို့ ပြောပါတယ်။

မနေ့က တိုက်ပွဲမှာ ထိခိုက်ကျဆုံးမှုဘယ်လောက်ရှိလဲဆိုတာကို‌တော့ TNLA ဘက်က မပြောသလို စစ်ကောင်စီတပ်ဘက်ကလည်း ကျောက်မဲက တိုက်ပွဲနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို တိတ်တဆိတ်လာရောက်

ပြီးခဲ့တဲ့ ဧပြီလက ထိုင်းနိုင်ငံခြားရေးဝန်ကြီး နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တွေ့ဆုံဆွေးနွေးခဲ့

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ ဧပြီလက နေပြည်တော်ကို တရားဝင်ခရီးစဉ်လာရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံဆွေးနွေးခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို ဇူလိုင် ၉ ရက် က တိတ်တဆိတ်လာရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမတိုင်ခင်မှာဖြစ်ပေါ်ခဲ့တဲ့ နေ့ချင်းပြန်ခရီးစဉ်ကို နှစ်နိုင်ငံလုံး တရားဝင်သတင်းမထုတ်ပြန်ခဲ့ကြပါဘူး။

ဒါပေမဲ့ ထိုင်းနိုင်ငံမှာ အစိုးရ အကူးအပြောင်း ဖြစ်ဖို့ ရက်ပိုင်းအလိုမှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီခရီးစဉ်ကို သံတမန်အသိုင်းအဝိုင်းက သတိပြုမိခဲ့ကြပါတယ်။

နေပြည်တော်က လာတဲ့ သတင်းတွေအရ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး နဲ့ နယ်စပ်ဒေသ လုံခြုံရေး အဓိကထားဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ ဧပြီလက နေပြည်တော်ကို တရားဝင်ခရီးစဉ်လာရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံတို့အကြား နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ လျှော့ချရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လူကုန်ကူးမှု၊ မူးယစ်ကုန်သွယ်မှုနဲ့ လက်နက်ကုန်သွယ်မှုတွေ ပပျောက်ဖို့ ပူးပေါင်းဆောင်ရွက်သွားမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ တရားဝင်ခရီးစဉ်တွေအပြင် နေပြည်တော်ကို တိတ်တဆိတ်ခရီးစဉ်တွေ လာရောက်လေ့ရှိပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာတုန်းကလည်း နေပြည်တော်ကို တိတ်တဆိတ် လာရောက်ခဲ့ပါသေးတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီး ရဲ့ခရီးစဥ် နဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

တာချီလိတ်မှာ ဆိုင်ကယ်ခိုးသူနဲ့ ခိုးရာပါပစ္စည်းဝယ်ရောင်းသူ ၉ ဦးဖမ်းမိ

ဖမ်းမိတဲ့လူတွေနဲ့ ဆိုင်ကယ်တွေလို့ဆို

ဓာတ်ပုံ ရင်းမြစ်, တာချီလိတ်သတင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ မြို့တွင်းက ဆိုင်ကယ်တွေ ပျောက်ဆုံးမှုနဲ့ လုယက်မှုတွေမှာ တာဝန်ရှိတယ်လို့ စွပ်စွဲခံရသူတွေနဲ့ ခိုးရာပါပစ္စည်းရောင်းဝယ်သူတွေကို ဆိုင်ကယ်အစီးရေ ဆယ်ချီနဲ့အတူ နယ်မြေခံရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

လုယက် ခိုးယူသူနဲ့ လက်ခံသူ စုစုပေါင်း လူ ၉ ဦးကို ဆိုင်ကယ် ၁၉ စီးနဲ့အတူ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က အခုလဆန်းပိုင်းမှာ ဖမ်းမိခဲ့တာလို့ သိရပါတယ်။

အခုတော့ အဲဒီအမျိုးသားတွေကို ဟောင်လိတ်နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပြီး ဆိုင်ကယ် ပျောက်ဆုံး၊ လုယက်ခံရတဲ့ပိုင်ရှင်တွေအနေနဲ့ ဖမ်းမိထားတဲ့ဆိုင်ကယ်တွေထဲမှာ ကိုယ့်ရဲ့ဆိုင်ကယ်ပါတယ်ဆိုရင် တာချီလိတ် ရဲစခန်းမှာ အထောက်အထားနဲ့လာရောက်ထုတ်ယူနိုင်တယ်လို့လည်း သိရပါတယ်။

တာချီလိတ်မှာ ခိုးယူထားတဲ့ဆိုင်ကယ်တွေကို ပြန်လည်ရောင်းချတဲ့မှောင်ခို စျေးကွက်ရှိနေတယ်လို့ ဒေသခံတွေကပြောပေမဲ့ တာချီလိတ်ရဲတပ်ဖွဲ့ကတော့ ခိုးရာပါဘီးတွေကို လက်ခံထားသူတွေကိုပါ အမှုဖွင့်ဖို့ ပြင်နေတယ်လို့ သိရပါတယ်။

မြန်မာစစ်ခေါင်းဆောင်ရဲ့ ရခိုင်ပြည်နယ်ခရီးစဥ်မှာ ဘယ်လိုကတိတွေပေးခဲ့လဲ

ဇူလိုင်လ ၁၁ ရက်တွေ့ဆုံပွဲမှာတွေ့ရတဲ့ စစ်ခေါင်းဆောင်

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်ကို သွားရောက်ပြီး မုန်တိုင်းအလွန်ထောက်ပံ့ရေးနဲ့ အကူအညီပေးရေးကိစ္စတွေကို ကတိကဝတ်ပြုသွားပါတယ်။

ထောက်ပံ့ရေးပစ္စည်းလိုအပ်ချက်ကို ဦးစားပေးသတ်မှတ်ပြီး ဖြည့်ဆည်းပေးမယ်လို့ သူကပြောသလို မြို့နယ်အလိုက် ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်တွေကိုလည်း အမြန်ဆုံးဖြည့်ဆည်းပေးဖို့ စီမံမယ်လို့လည်း ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မိုခါ မုန်တိုင်းဒဏ်ကိုအများဆုံးခံခဲ့ရတဲ့ ရသေ့တောင်နဲ့ ဘူးသီးတောင်က မြို့မိမြို့ဖတွေနဲ့ ဇူလိုင်လ ၁၀ ရက်မှာ တွေ့ဆုံခဲ့ပြီး ဒေသခံတွေက မုန်တိုင်းအလွန် ကူညီကယ်ဆယ်ရဲ့ ပြန်လည်ထူထောင်ရေးလိုအပ်ချက်တွေရှိနေတယ်လို့ ပြောလာကြတဲ့အပေါ် စစ်ခေါင်းဆောင်က အခုလိုကတိပြုခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲ မုန်တိုင်းဒဏ်သင့်ပြည်သူတွေဆီကို အကူအညီပေးရေး ဝင်ရောက်တဲ့အနေရာမှာ ကန့်သတ်မှုတွေကြုံနေရတယ်လို့ နိုင်ငံတကာကူညီရေးအဖွဲ့တွေက ပြောဆိုနေချိန်မှာပဲ စစ်ခေါင်းဆောင်ရဲ့ ခရီးစဥ် ထွက်ပေါ်လာတာပါ။

မြန်မာနဲ့တောင်တရုတ်ပင်လယ်အရေးလွှမ်းမိုးမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို  ဂျာကာတာ မှာ ဒီနေ့ စတင်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဂျာကာတာ မှာ ဒီနေ့ စတင်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ဒီနေ့ စတင်ကျင်းပဖို့ ရှိနေပြီး မြန်မာနဲ့တောင်တရုတ်ပင်လယ်အရေးကို အဓိကထား ဆွေးနွေးနိုင်ချေရှိနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာစစ်တပ်နဲ့ရော၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ပါ စကားပြောဆိုတာတွေရှိတယ်လို့ပြောထားပေမဲ့ အာဆီယံဟာ ဒီနေ့အစည်းအဝေးပွဲမှာ မြန်မာစစ်တပ်ကိုယ်စားလှယ်တွေကို တက်ရောက်ခွင့်မပေးတဲ့သဘောတူညီချက် ဆက်ထားရှိထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆုဒီကတော့ ‘‘မြန်မာ့အရေးမှာပါဝင်ပတ်သက်သူတွေဟာ ဆွေးနွေးကြတဲ့အခါ တစ်ဖက်တည်းကအနိုင်ရရမယ်ဆိုတဲ့ ချဥ်းကပ်မှုမျိုးနဲ့ ချဥ်းကပ်မယ်ဆိုရင်တော့ ရေရှည်တည်တံ့ံ့ငြိမ်းချမ်းရေး ရဖို့ အလှမ်းဝေးနေဦးမယ်’’လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲပြောပါတယ်။

ဒီနေ့ ကျင်းပဖို့ရှိတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်နဲ့ ဘရူနိုင်းနိုင်ငံတို့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အရေးကိစ္စကို လည်း ဝန်ကြီးတွေ ဆွေးနွေးနိုင်ချေရှိနေပါတယ်။

အာဆီယံဟာ အရှေ့အာရှထိပ်သီးညီလာခံနဲ့ ဒေသတွင်းဖိုရမ်ကို အခုတစ်ပတ်အတွင်းမှာ ဆက်ပြီး ကျင်းပဖို့ ရှိပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ဖို့ရှိပါတယ်။

ဝန်ကြီး ဘလင်ကန်ကတော့ မြန်မာ့အရေးအတွက် ပိုတိုးလုပ်ဆောင်ဖို့ အာဆီယံကို တိုက်တွန်းမယ်ဆိုပြီး ပြီးခဲ့တဲ့သီတင်းပတ်မှာပဲပြောထားပါတယ်။