မတ်လ ၂၀ ရက်နေ့ ညပိုင်း သတင်းများ
တရုတ်သမ္မတက ရုရှား သမ္မတကို မော်စကိုမှာ တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, SERGEI BOBYLEV_SPUTNIK_KREMLIN POOL_EPA-EFE
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မော်စကိုကို ရောက်ရှိနေပြီး ဒါဟာ မနှစ်ကစခဲ့တဲ့ ယူကရိန်း ကျူးကျော်စစ် နောက်ပိုင်း သူ့ရဲ့ ပထမဆုံး ခရီးစဉ်လည်းဖြစ်ပါတယ်။
နိုင်ငံတကာ ရာဇဝတ်မှုများ တရားရုံး (International Criminal Court – ICC) က စစ်ရာဇဝတ်မှုနဲ့ ပတ်သက်ပြီး ရုရှား ခေါင်းဆောင်ကို ဖမ်းဖို့ ဝရမ်းထုတ်ပေးပြီး ရက်ပိုင်း အကြာမှာပဲ တရုတ်ခေါင်းဆောင်က သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ လာရောက် တွေ့ဆုံတာပါ။
သမ္မတရှီက ယူကရိန်းစစ်နဲ့ ပတ်သက်ပြီး ဘက်အားလုံးက စိုးရိမ်နေမှုတွေကို ထည့်စဉ်းစားကြကာ ညှိနှိုင်းသဘောတူညီချက်လုပ်ပြီး စစ်ကို အဆုံးသတ်ကြဖို့ တောင်းဆိုတာကို ရုရှား မီဒီယာတခုထဲမှာ ရေးသားထားပါတယ်။
တရုတ်သတင်းစာ ပြည်သူ့နေ့စဉ်မှာလည်း တဘက်က စေ့စပ်ညှိနှိုင်း ဆွေးနွေးမှု တွေကို အသေအချာလုပ်မယ်ဆိုရင် ရုရှားအနေနဲ့လည်း သံတမန်ရေးအရ အဖြေရှာနိုင်ဖို့ လမ်းဖွင့်ထားတယ်လို့ သမ္မတ ပူတင်က ရေးသားပါတယ်။
မေလ ရွေးကောက်ပွဲလုပ်ဖို့ ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီ

ဓာတ်ပုံ ရင်းမြစ်, Reuters
မေလမှာ ရွေးကောက်ပွဲလုပ်ဖို့အတွက် အစိုးရက လွှတ်တော် ဖျက်သိမ်းခွင့် တောင်းခံတာကို ထိုင်းဘုရင်ကအတည်ပြု ထောက်ခံပေးလိုက်ပါပြီ။
၂၀၁၄ ခုနှစ် က အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ဝန်ကြီးချုပ် ပရာရွတ် ချန် အိုချာ က သူ အသစ်ဖွဲ့စည်းထားတဲ့ ဘုရင်စနစ်သစ္စာရှိ ကွန်ဆာဗေးတစ်ပါတီ အနိုင်ရပြီး သူ နောက်ထပ် ရာထူး သက်တမ်း ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
သူ့ရဲ့ အဓိက ယှဉ်ပြိုင်ဘက်ကတော့ ဘီလျံနာ သူဌေးလည်းဖြစ် လူအများ အကြိုက် ဆောင်ဝါဒီ ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်တဲ့ တက်ဆင် ရှင်နာဝပ်ရဲ့ သမီးပါ။
မစ္စ ပေတွန်တန် ရှင်နာဝပ်ရဲ့ ပါတီဟာ လူထုစစ်တမ်းတွေမှာ ပြီးခဲ့တဲ့ လအတော် များများ ကြာ ထိပ်က ပြေးနေပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံရဲ့ စစ်တပ်က အာဏာသိမ်းပြီး ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အတိုက်အခံပါတီက အစိုးရဖွဲ့နိုင်ဖို့ဆိုတာ ခဲယဉ်းလှတယ်လို့ သတင်း ထောက်တွေက ပြောပါတယ်။
အိန္ဒိယ လယ်သမားတွေ ဒေလီကို တက်လာ ဆန္ဒပြနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြို့တော် ဒေလီမှာ ဆန္ဒပြပွဲတွေ ထပ်တိုးလုပ်ဖို့အတွက် အိန္ဒိယ နိုင်ငံတဝန်းက လယ်သမားတွေ စုဝေးလာကြပါတယ်။
အစိုးရအနေနဲ့ အရင် တနှစ်ကျော်က ပေးထားတဲ့ ဂတိတွေအတိုင်း ဆောင်ရွက် ပေးစေဖို့ သူတို့က တောင်းဆိုနေပါတယ်။
အရင်နှစ်တွေက အစိုးရက ပြဋ္ဌာန်းဖို့ပြင်ထားတဲ့ ဥပဒေ ၃ ခုကို လယ်သမားတွေ ဆန္ဒပြခဲ့ကာ အစိုးရရဲ့ ခြေလှမ်း နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် သဘောတူပြီး ရေးထားတဲ့ တခြားအာမခံချက်တွေကို အစိုးရက အခုထိ လုပ်ပေးတာ မရှိသေးဘူးလို့ သူတို့က ပြောနေပါတယ်။
သီးနှံထွက်ကုန်တွေအတွက် အနိမ့်ဆုံးထားပေးရမယ့် စျေးကို သတ်မှတ်တဲ့ ဥပဒေ တခုကို သူတို့က ပြဋ္ဌာန်းစေချင်ပါတယ်။
တခြား သူတို့တောင်းဆိုတဲ့ အရေးကိစ္စတွေထဲမှာ အငြိမ်းစားပင်စင်လစာ ပေးရေး၊ လျှပ်စစ်မီး အခမဲ့ရရှိရေးတွေ ပါဝင်ပါတယ်။
လယ်သမားတွေ တောင်းဆိုနေတာကို ကိုယ်စားပြုတင်ပြမယ့် ခေါင်းဆောင်တွေ စိုက်ပျိုးရေး ဝန်ကြီးနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ အတွက်လည်း အစိုးရက ဖိတ်ခေါ်နေ ပါတယ်။








