ဇွန် ၄ ရက်ထိပ်တန်းသတင်းများ - ဘန်ကောက်မြို့က Pride Month ချီတက်ပွဲ

ရေးသားခဲ့သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လိင်စိတ်ခံယူမှုကွဲပြားတဲ့ LGBTQI အသိုက်အဝန်းအပါအဝင် လူပေါင်းထောင်သောင်းချီတဲ့ PRIDE MONTH စုဝေးချီတက်ပွဲကို ဒီနေ့ မွန်းလွဲပိုင်းကစလို့ ကျင်းပနေပါတယ်။

ထိုင်းနိုင်ငံထဲက လိင်စိတ်ခံယူမှုကွဲပြားတဲ့ LGBTQI အသိုက်အဝန်းအပြင် အိမ်နီးချင်း မြန်မာအပါအဝင် နိုင်ငံတကာက LGBTQI အသိုက်အဝန်းက အခွင့်အရေးလှုပ်ရှားသူတွေလည်း ပါဝင်ဆင်နွှဲနေတာတွေ့ရပါတယ်။

LGBTQI တွေဟာ လူသားတွေပဲဖြစ်တာကြောင့် တန်းတူ အခွင့်အရေးနဲ့အလုပ်အကိုင်ရရှိရေး တောင်းဆိုတာတွေကိုလည်း ဒီပွဲမှာ တိုက်တွန်းတောင်းဆိုနေတာ တွေ့ရပါတယ်။

LGBTQI တွေကို ကျန်းမာရေးစစ်ဆေးတာ၊ အသိပညာပေးဖြန့်ဝေတာတွေ လုပ်နေတဲ့ Bangkok Rainbow လို အဖွဲ့တွေလည်း ဒီနေ့ချီတက်ပွဲမှာ ပါဝင်ပါတယ်။

ထိုင်းနိုင်ငံမှာတော့ လိင်တူလက်ထပ်ခွင့် တရားဝင်ခွင့်ပြုထားတာ မရှိသေးပေမဲ့ LGBTQI အသိုင်းအဝိုင်းအပေါ် လူမှုအသိုင်းအဝိုင်းက အပြုသဘောဆောင်တဲ့အမြင်တွေ ရှိလာနေတယ်လို့ ဒီနေ့ပွဲမှာ ပါဝင်သူတွေက ဘီဘီစီကို ပြောထားပါတယ်။

ကိုးကန့်တပ်နဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေ

မြန်မာအမျိုးသားဒီမို ကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)- ကိုးကန့် တပ်ဖွဲ့ရဲ့ လှုပ်ရှားနယ်မြေ ကိုးကန့်ဒေသအတွင်းက ကြာကျည်ရှုကျေးရွာအုပ်စုအတွင်းက ကိုးကန့်တပ်ဖွဲ့ရဲ့ တပ်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက ဇွန်လ ၄ ရက်၊ မနက်ပိုင်း ၁၀ နာရီလောက်မှာ တိုက်ခိုက်တာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ အဲဒီဘက်ကအခြေအနေကိုသိရှိတဲ့ ကိုးကန့်ဒေသခံက ဘီဘီစီကိုပြောပါတယ်။

တိုက်ခိုက်မှုတွေဖြစ်တဲ့ အကြောင်းအရင်းကို သေချာသိရှိထားတာမရှိကြသလို၊ ထိခိုက်သေဆုံးမှုတွေကိုလည်း မသိရသေးဘူးလို့ တိုက်ပွဲအကြောင်းသိရှိသူ ကိုးကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျွန်မတို့ဘက်မှာ ဆွေးနွေးတဲ့သတင်းတွေဘာတွေမရသေးဘူး။ တိုက်ပွဲတွေတော့ဖြစ်နေတယ်။ ‌မနေ့ကဖြစ်တာတော့ ကိုးကန့်ဘက်က ၁ ယောက်သေတယ်၊ ၁ ယောက်ဒဏ်ရာရတာရှိတယ်" လို့ ကိုးကန့်ဒေသခံအမျိုးသမီးက ဘီဘီစီကိုပြောပါတယ်။

ဇွန်လ ၃ ရက်၊ မနေ့ကလည်း ဒေသအခေါ် ကိုးကန့်ခရိုင်၊ တုံရှမ်းဒေသထဲက ကိုးကန့်တပ်ဖွဲ့ရဲ့ စခန်းကိုလည်း စစ်ကောင်စီတပ်နဲ့ အလားတူ ပြည်သူ့စစ်တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာကြောင့် ကိုးကန့် တပ်သား ၁ ဦးသေဆုံးခဲ့သလို၊ ၁ ဦးက ဒဏ်ရာရခဲ့တယ်လို့ ကိုးကန့်ဒေသခံ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အဲဒါအပြင် ဇွန်လ ၂ ရက်နေ့ကလည်း သိန္နီ မြို့နယ်အတွင်းက ဒေသအခေါ် အထူးဒေသ(၁) မူပန်ခရိုင် ပြင်းတောင်ရွာအနီးမှာလည်း ၁ နာရီကြာတိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ တိုက်ပွဲဖြစ်စဥ်တွေကို သိရှိထားတဲ့ ကိုးကန့်ဒေသခံက ပြောပြပါတယ်။

မုံရွာတဖက်ကမ်းက ညောင်ပင်ကြီးရွာ စစ်ကြောင်းထိုးလို့ ဒေသခံတွေထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ညောင်ပင်ကြီးကျေးရွာအုပ်စု ထဲကို ဇွန်လ ၄ ရက်၊ မနက် ၉ နာရီကျော်မှာ စစ်ကြောင်း ထိုးလာလို့ ကျေးရွာအုပ်စုထဲနေထိုင်သူ ဒေသခံ ၃ ထောင်ကျော်က ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေအခြေအနေ သိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။

ညောင်ပင်ကြီး ကျေးရွာအုပ်စုထဲက ညောင်ပင်ကြီး၊ ညောင်ရွာရှည်၊ သိမ်တော်၊ နှင်းတော၊ ထန်းတော၊ အမှတ် ၃၊ အမှတ် ၄ စတဲ့ နေရာတွေက ဒေသခံတွေ ထွက်ပြေးနေကြရတာလို့ ဒေသခံတွေကို ကူညီပေး နေတဲ့ အညာပစ်တိုင်း ထောင်လေးများအဖွဲ့ထံကသိရပါတယ်။

ဒီနေ့မှာတော့ ရွာအတွင်းက ဓမ္မာရုံအပါအဝင်နေရာအများအပြားမှာ တပ်စွဲနေရာယူထားတာမျိုးတွေ ရှိနေတယ်လို့လည်း ထွက်ပြေးလာတဲ့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရသိရပါတယ်။

ညောင်ပင်ကြီးကျေးရွာအုပ်စုနဲ့ မုံရွာမြို့ဟာ ချင်းတွင်းမြစ်ရဲ့ တစ်ဖက်ကမ်းစီမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။

အခုလို ရွာကို ဝင်ရောက်စစ်ကြောင်းမထိုးခင် ဇွန်လ ၁ ရက်နေ့ကတော့ ညောင်ပင်ကြီးရွာထဲက ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးဆိုသူကို စစ်ကောင်စီဘက်က စွပ်စွဲဖမ်းဆီးကာ ညောင်ပင်ကြီးရဲစခန်းထဲမှာ ထိန်းသိမ်းခဲ့တယ်လို့ ဒေသခံတွေကပြောပြကြပါတယ်။

အဲဒီစွပ်စွဲခံရသူကို ဇွန်လ ၃ ရက်နေ့မှာတော့ မုံရွာဘက်ခြမ်းကို ခေါ်ဆောင်သွားပြီး အဲဒီခေါ်ဆောင်သွားတဲ့ နေ့မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးလည်း ဒူးခေါင်းမှာ ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့တယ်လို့ အညာပစ်တိုင်း ထောင်လေးများအဖွဲ့ထံက ဘီဘီစီကိုပြောပါတယ်။

အဲဒီမတိုင်ခင်ကလည်း ဇွန်လ ၂ ရက်နေ့ကလည်း မုံရွာဘက်ခြမ်းကနေ ညောင်ပင်ကြီးရွာအနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိခဲ့လို့ အဲဒီအချိန်ကတည်းက ဒေသခံအချို့က ဘေးလွတ်ရာကို ရွှေ့ပြောင်း ခဲ့ကြရတယ်လို့ သိရပါတယ်။

NUG ရဲ့ဖက်ဒရယ်ဒီမိုကရေစီရည်မှန်းချက်ကို ဆက်လက်ထောက်ခံမယ်လို့ ကုလကိုယ်စားလှယ်ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ရည်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးနဲ့ နိုင်ငံတည်ဆောက်ရေးမှာ အားလုံးပါဝင်နိုင်ရေး အားထုတ်မှုကို ထောက်ခံတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် နိုလင်းဟေဇာက ပြောလာပါတယ်။

လာမယ့်သီတင်းပတ်မှာ ရာထူးကနေ နုတ်ထွက်တော့မယ့် ကုလအထူးကိုယ်စားလှယ်ဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ မနေ့ ဇွန်လ ၃ ရက်တုန်းက တွေဆုံချိန် အခုလိုပြောလာတာဖြစ်ပါတယ်။

အထူးကိုယ်စားလှယ်ကတော့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ သူ စတင်တာဝန်ထမ်းဆောင်ချိန်ကတည်းက NUG ခေါင်းဆောင်ပိုင်းနဲ့ ပုံမှန်ထိတွေ့ပြောဆိုမှု မပြတ်ရှိခဲ့တာအပြင် ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှာ သူ့ရဲ့နေပြည်တော် ခရီးစဥ် မတိုင်ခင်မှာလည်း NUG နဲ့ တိုင်ပင်ဆွေးနွေးမှု လုပ်ခဲ့တဲ့အကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံချိန် ထပ်လောင်းပြောကြားထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ မြန်မာ့အရေးဟာ တစ်ဦးတစ်ယောက်တည်းက ဆောင်ရွက်လို့ရတဲ့ကိစ္စမဟုတ်ပေမဲ့ မြန်မာလူထုအသံကို နားထောင်ပြီး ချဥ်းကပ်မှုအသစ်နဲ့ စတင်ခဲ့တဲ့ အထူးကိုယ်ရဲ့ အားထုတ်မှုတွေကို ကျေးဇူးတင်တဲ့အကြောင်း ပြောထားပါတယ်။

တဆက်တည်းမှာပဲ မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းဘက်က စုပေါင်းထောက်ပံ့မှု လိုအပ်တယ်ဆိုတာကို အထူးကိုယ်စားလှယ်ရော၊ နိုင်ငံခြားရေးဝန်ကြီးကပါ တူညီတဲ့အမြင်ရှိတယ်လို့ အထူးကိုယ်စားလှယ်ရုံးဘက်က ထုတ်ပြန်ထားပါတယ်။

မစ္စနိုလင်းဟေဇာဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ပြီး လပေါင်း ၂၀ အကြာ လာမယ့် ဇွန်လ ၁၂ ရက်မှာ ရာထူးကနေ နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။

ဒါဟာ ဒီရာထူးမှာ အရင်က တာဝန်ယူခဲ့တဲ့ မစ္စ ခရစ္စတင်းရှနာ ဘာဂနာ တာဝန်ယူခဲ့တဲ့ သက်တမ်းထက် ထက်ဝက်ကျော်နည်းပါးပါတယ်။

ခရစ္စတင်းရှနာ ဘာဂနာကို ယူအန်က ၂၀၁၈ ခုနှစ်ဧပြီလမှာခန့်အပ်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နေပြည်တော်မှာရှိတဲ့ အထူးကိုယ်စားလှယ်ရုံးကိုလည်းပိတ်သိမ်းခဲ့သလို သူ့နေရာမှာ အထူးကိုယ်စားလှယ်အဖြစ် နိုလင်းဟေဇာကိုခန့်အပ်ခဲ့တာပါ။

နိုလင်းဟေဇာဟာ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့စဥ်က မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးသူဖြစ်လို့ ဒါကြောင့်ခန့်အပ်တယ်ဆိုတဲ့ယူဆချက်တွေရှိပါတယ်။

ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က နိုလင်းဟေဇာရဲ့ မြန်မာပြည်သူလူထုတွေနဲ့ မြန်မာ့ငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်မှုတွေကို ကျေးဇူးတင်ကြောင်းနဲ့ လစ်လပ်သွားတဲ့ အထူးကိုယ်စားလှယ်နေရာမှာ အထူးကိုယ်စားလှယ်သစ်တစ်ဦး ခန့်အပ်သွားမယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးနေတဲ့စစ်တွေနည်းပညာကျောင်းအုပ်ကြီးအလောင်း ပြန်တွေ့

ပျောက်ဆုံးနေတဲ့ စစ်တွေမြို့ အစိုးရနည်းပညာ ကျောင်းအုပ်ဆရာကြီးရဲ့ ရုပ်အလောင်းကို စစ်တွေကမ်းခြေ အနီးမှာ မနေ့ ဇွန် ၃ ရက်ညပိုင်းက ပြန်ရှာတွေ့ခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။

ကျောင်းအုပ်ဆရာကြီး ဦးသိန်းနိုင် စီးနင်းတဲ့ဆိုင်ကယ်ကို ဇွန်လ ၂ ရက် နေ့လယ်ပိုင်းက စစ်တွေမြို့၊ ကမ်းနားလမ်း၊ သုံးခွဆုံအနားမှာ တွေ့ခဲ့ရပြီးနောက် ကျောင်းအုပ်ဆရာကြီး ပျောက်ဆုံးနေ ခဲ့တာဖြစ်ပါတယ်။

အသက် ၄၅ နှစ်အရွယ် ဦးသိန်းနိုင်ရဲ့ရုပ်အလောင်းကို စစ်တွေကမ်းခြေ ဘာဆာကျေးရွာအနီး ပင်လယ်ကမ်းစပ်မှာ တွေ့ရှိခဲ့ပြီး ရုပ်အလောင်းကို စစ်တွေရင်ခွဲရုံသို့ ပို့ဆောင်ထားပြီလို့သိရပါတယ်။

နီးစပ်သူတွေ အပြောကိုကိုးကားပြီး ဖော်ပြတဲ့ ဒေသတွင်းမီဒီယာတွေမှာတော့ ဆရာကြီးဟာ ဖိအားများပြီး၊ စိတ်ဖိစီးမှုကြောင့် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တာ ဖြစ်နိုင်တယ်ဆိုပြီး ဖော်ပြကြပါတယ်။

NUG ယာယီသမ္မတ မုန်တိုင်းသင့်ပြည်သူတွေကိုတွေ့ဆုံထောက်ပံ့တယ်လို့ ဆို

အမျိုးသား ညီညွတ်ရေးအစိုးရ၊ NUG ယာယီသမ္မတ ဒူဝါလရှီးလက NUG အုပ်ချုပ်မှုနယ်မြေအတွင်းက ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဘေးသင့်ခဲ့သူ ပြည်သူများထံကို သွားရောက်ခဲ့ပြီး ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၃ ရက်နေ့က NUG အုပ်ချုပ်မှုနယ်မြေ အတွင်းက ဒေသခံတွေကို သွားရောက်တွေ့ဆုံခဲ့ တာလို့ဆိုပါတယ်။အဲဒီမှာ အာ‌ပေးစကားပြောဆိုခဲ့သလို၊ ထောက်ပံ့ငွေတွေလည်းပေးအပ်ခဲ့တာလို့ NUG ကထုတ်ပြန်ခဲ့ပါတယ်။

အဲဒါအပြင် မိုခါမုန်တိုင်းသင့်ပြည်သူများ ကူညီရေးကို အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ကူညီဆောင်ရွက်ပေးနေတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်ထဲဖော်ပြပါတယ်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါ မုန်တိုင်းကြောင့် အဓိကဦးတည်ဝင်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေ၊ ကုန်းတွင်းဖြတ်သန်းရာ ‌ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းနေရာ အချို့တို့မှာလည်း ပျက်စီးဆုံးရှုံးမှု အများအပြား ရှိခဲ့ပါတယ်။

မုန်တိုင်း ဗဟိုချက်ဖြတ်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း ကူညီထောက်ပံ့မှုတွေ လိုအပ်နေကြသေးသလို မုန်တိုင်းအပြင်၊ မိုးရွာသွန်းမှု၊‌ တောင်ကျချောင်းရေကြီးမှု၊ မြေပြိုမှု၊ ရေကြီးမှုတွေရှိခဲ့တဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့လို နေရာတွေမှာတော့ ပြည်သူအများအစုက အချင်းချင်းသာ ပြန်လည်ကူညီရေးလုပ်ငန်းတွေကို လုပ်ဆောင်နေရတယ်လို့ အဲဒီကဒေသခံတွေက ပြောကြပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့အချို့ကတော့ ရိက္ခာအချို့ကိုထောက်ပံ့တာမျိုးနဲ့ အဖွဲ့အစည်းအချို့က လာရောက်လှူဒါန်းတာမျိုးသာ စလင်းမြို့နယ်တွင်းအပါအဝင် မကွေးတိုင်းရဲ့ နေရာအချို့မှာသာရှိထားပါတယ်။

ရန်ကုန်မှာ စစ်ဆင်ရေးပေါင်း ၂၀၀၀ ကျော်ပြုလုပ်တိုက်ခိုက်ထားတယ်လို့ NUG ရန်ကုန်စစ်ဒေသခွဲ ထုတ်ပြန်

ဖမ်းဆီးခံရတဲ့ စစ်ဒေသခွဲနဲ့ မြို့ပြပြောက်ကျား အဖွဲ့ဝင်ပေါင်း ၁၀၀၀ ကျော်အထိ ရှိခဲ့

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလ ၅ ရက် ကနေ အခု ၂၀၂၃ ခုနှစ် မေလ ၃၁ရက်နေ့အထိ ရန်ကုန် တိုင်းစစ်ဒေသခွဲအနေနဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရန်ကုန်အတွင်း စစ်ဆင်ရေးပေါင်း ၂,၀၀၀ ကျော်ကို ပြုလုပ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက် ရန်ကုန်တိုင်းစစ်ဒေသခွဲက ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

အဲဒီစစ်ဆင်ရေးတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ဗိုလ်မှူးကြီးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၆၀၀ ကျော် သေဆုံးခဲ့တယ်လို့လည်း ထည့်သွင်းဖော်ပြပါတယ်။ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ၉၀၀ ကျော်အထိလည်းရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ရန်ကုန်တိုင်းစစ်ဒေသခွဲ နဲ့ ပြောက်ကျားအဖွဲ့တွေဘက်ကတော့ သေဆုံးသူ ၈၀ အထိရှိခဲ့သလို၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ခန့်ရှိခဲ့ တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီလိုစစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲနဲ့ မြို့ပြပြောက်ကျား အဖွဲ့ဝင်ပေါင်းကလည်း ၁၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းအတွင်းက စစ်ရေးပစ်မှတ် ၁ ထောင်ကျော်၊ အုပ်ချုပ်ရေးပစ်မှတ် ၈၀၀ ကျော်နဲ့ စီးပွားနဲ့ သက်ဆိုင်တဲ့ ပစ်မှတ် ၂၀၀ ကျော်တို့ကို အထူးစစ်ဆင်ရေးအဖြစ် အကြိမ်ရေ ၅၀ လောက်နဲ့ ပစ်ခတ်တိုက် ခိုက်မှု အကြိမ်ရေ ၅၀၀ ၊ ဖောက်ခွဲတိုက်ခိုက်မှု ပေါင်း ၁၅၀၀ ကျော်တို့နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အခုအခါ ရန်ကုန်တိုင်းစစ်ဒေသခွဲရဲ့ တပ်ရင်း ၅၁၀၁ ကို စတင်ဖွဲ့စည်းပြီးတဲ့အတွက် မြို့ပြပြောက်ကျားအဖွဲ့ တွေနဲ့ ဆက်လက်ပူးပေါင်းပြီး မြို့ပြပျောက်ကျား စစ်ဆင်ရေးနဲ့ တောတွင်းကျေးလက်စစ်ဆင်ရေးတွေကို ပူးပေါင်းလုပ်ဆောင်သွားဖို့လည်းရှိတယ်လို့ ဇွန်လ ၃ရက်က ထုတ်ပြန်ချက်ကဆိုပါတယ်။

လက်ရှိ NUG အောက်က ကာကွယ်ရေးအဖွဲ့တွေက ပြည်သူ့စစ်မဟာဗျူဟာအရ၊ ပြည်သူတွေပါပူးပေါင်း ပါဝင်လုပ်ဆောင်တဲ့ အခြေအနေမျိုးဖြစ်လာမှာဖြစ်တဲ့အတွက် ပူးပေါင်းပါဝင်နိုင်တဲ့ ပုံစံမျိုးတွေကို ပြည်သူ တွေရှိ လာမယ့်ကာလတွေမှာ ရောက်ရှိလာနိုင်တယ်လို့လည်း NUG ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ဘီဘီစီကိုပြောထား ပါတယ်။

အခုရန်ကုန် တပ်ရင်းဟာလည်း ရန်ကုန်မှာသာ စစ်ဆင်ရေးလုပ်တာမျိုးမဟုတ်ပဲ လေ့ကျင့်ပြင် ဆင်ရင်း နောက်ပိုင်းမှာတော့ ရန်ကုန်ကိုရောက်ရှိလာမယ့်တပ်ရင်းလို့ သိရပါတယ်။