ဝါဆောက အတိုက်အခံတို့ရဲ့ အင်အားပြပွဲ သတင်းအပါအဝင် အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်း နိုင်ငံ တကာသတင်းတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလနှောင်းပိုင်းမှာ လုပ်မယ့် ရွေးကောက်ပွဲအတွက် ပိုလန်နိုင်ငံ ဝါဆောမြို့မှာ အတိုက်အခံ ထောက်ခံသူတွေက စုဝေးချီတက်ကြရာမှာ လူအများအပြား ပါဝင် တက်ရောက်ခဲ့ကြပါတယ်။
မြို့လယ်က နေရာတွေ၊ ရင်ပြင်ကြီးတွေမှာ တက်ရောက်လာသူတွေနဲ့ ပြည့်နှက် နေသလို လူအများအပြားက ပိုလန်အလံနဲ့ ဥရောပသမဂ္ဂ အလံတွေကို ကိုင်ဆောင်ထားကြပါတယ်။
အတိုက်အခံ ခေါင်းဆောင် ဒေါ်နယ် တုစ် က ပိုလန် မှာ အကြီးအမား အပြောင်း အလဲတွေ လာတော့မယ်၊ ပိုလန် နိုင်ငံ ပြန်လည်မွေးဖွားလာတော့မယ့် လက္ခဏာပဲလို့ ဆိုကာ ဒီစုဝေးချီတက် ပွဲက ပိုလန် သမိုင်းမှာ အထင်ကရ မှတ်တမ်းဝင် သွားပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ သူ့ပါတီဟာ လူထုစစ်တမ်းမှာ ထိပ်ဆုံးက ပြေးနေသူကို အမှီလိုက်နေရဆဲပဲ ရှိပါတယ်။
လက်ရှိ အာဏာရ လက်ယာပါတီ ဖြစ်တဲ့ ဥပဒေနဲ့ တရားမျှတမှု ပါတီ က လူထု စစ်တမ်းမှာ ထိပ်က ပြေးနေပြီး အတိုက်အခံတွေက တိုင်းချစ်ပြည်ချစ် စိတ်ဓာတ် မရှိသူတွေလို့ စွပ်စွဲထားပါတယ်။
တရုတ်လိုလားတဲ့ သမ္မတလောင်း မော်လဒိုက်ရွေးကောက်ပွဲမှာ အနိုင်ရ

ဓာတ်ပုံ ရင်းမြစ်, Reuters
စနေနေ့က မော်လဒိုက် သမ္မတရွေးကောက်ပွဲအပြီး အနိုင်ရခဲ့တဲ့ မိုဟာမက် မိုအစ်ဇ်က သူတို့ ကျွန်းစုနိုင်ငံ ညီညွတ်သွားတာကို လိုချင်တယ်လို့ ဆိုပါတယ်။
တရုတ်လိုလားတဲ့ ဒီ ရွေးကောက်ခံ သမ္မတဟာ အိန္ဒိယနဲ့လည်း မျှတအောင် ဆက်ဆံမယ်လို့ ဆိုပါတယ်။
မစ္စတာ မိုအစ်ဇ် အနိုင်ရတာနဲ့ ပတ်သက်ပြီး တရုတ်ဘက်က မှတ်ချက် စကား ထွက်မလာသေးပါဘူး။
ဒါပေမဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီကတော့ သူ့ကို လှမ်းပြီး ချီးကျူး ဂုဏ်ပြုခဲ့ကာ အိန္ဒိယနဲ့ မော်လဒိုက်အကြား မဟာမိတ်အဖြစ် ခိုင်မာအောင် အမြဲလုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။
ဒေသတွင်းသေနင်္ဂဗျူဟာကျတဲ့ နေရာမှာ တည်ရှိတဲ့ မော်လဒိုက်က သမ္မတ ရွေးကောက်ပွဲဟာ အိန္ဒိယ လိုလားတဲ့ သမ္မတလောင်းနဲ့ တရုတ် လိုလားတဲ့ သမ္မတလောင်း နှစ်ယောက် အကြား ယှဉ်ပြိုင်ကြတဲ့ ရွေးကောက်ပွဲလို အများက သတ်မှတ်ခဲ့ကြပါတယ်။
စလိုဗေးကီးယားရွေးကောက်ပွဲမှာ ရုရှားလိုလားတဲ့ ပါတီ မဲအများဆုံးရ

ဓာတ်ပုံ ရင်းမြစ်, EPA
စလိုဗေးကီးယားနိုင်ငံဟာ လက်ရှိအချိန်အထိ ယူကရိန်းဘက်က အမာခံ ထောက်ခံ ပေးနေပေမယ့် ရွေးကောက်ပွဲမှာ ရုရှားလိုလားတဲ့ နိုင်ငံရေး ပါတီတခုက လွှတ်တော် ထဲမှာ နေရာ အများဆုံး ရလာပါတယ်။
အများ အကြိုက်ဆောင် ပါတီဖြစ်တဲ့ SMER ပါတီက မဲ ၂၃% ရရှိပြီး သူ့ရဲ့ ခေါင်းဆောင် ရောဘတ် ဖီကို က ဝန်ကြီးချုပ် ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ သူဝန်ကြီးချုပ် ဖြစ်လာရေး၊ အစိုးရဖွဲ့နိုင်ရေးတွေ အတွက် တခြားပါတီတွေနဲ့ ညွန့်ပေါင်းဖွဲ့နိုင်ဖို့ကတော့ ခက်ခဲလိမ့်မယ်လို့ တွက်နေကြပါတယ်။
၂၀၁၈ ခုနှစ်တုန်းက သူ အာဏာရချိန်မှာ သတင်းထောက်တယောက် သတ်ဖြတ် ခံရတဲ့ အမှုက သူ့ ပါတီနဲ့ ဆက်စပ်နေတာကြောင့် အဲဒီ အရေးနဲ့ သူ ရာထူးကနေ ဆင်းပေးခဲ့ရပါတယ်။
မစ္စတာ ဖီကိုက သူဟာ ရုရှား ကို ထောက်ခံသူ မဟုတ်ဘူးလို့ ပြောပေမယ့် ယူကရိန်းကို စစ်ရေးဆိုင်ရာ အထောက်အပံ့တွေ ပေးတာကို ရပ်ဆိုင်းမယ်လို့ ဆိုထားပါတယ်။
စလိုဗေးကီးယား ရွေးကောက်ပွဲရဲ့ ဒီ မဲရလဒ်ကို အီးယူနိုင်ငံတွေထဲ ရုရှား ထောက်ခံသူ အဖြစ် နာမည်ကျော်တဲ့ ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်ခ်တာ အော်ဘန်က ကြိုဆိုလိုက်ပါ တယ်။







