ဇူလိုင် ၁၈ ရက် ထိပ်တန်းသတင်းများ - ကန်ပက်လက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, CDF ကန်ပက်လက်
ချင်းကာကွယ်ရေးတပ်(CDF) ကန်ပက်လက်တပ်ဖွဲ့ လှုပ်ရှားတဲ့ ကျင်ဒွေးလမ်းမကြီးပေါ်က မဆာတွီရွာကို ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် လူနေအိမ်တွေ ထိခိုက်ပျက်စီး ထားတယ်လို့ ကနဦးသိရပါတယ်။
မကွေးတိုင်း၊ ဆောမြို့နယ်ထဲကနေ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့ကို ရိက္ခာပို့မယ့် စစ်ကောင်စီစစ်ကြောင်းကို CDF ကန်ပက်လက် နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ရက်တွေအတွင်း တိုက်ခိုက်ခဲ့အပြီးမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်လာတာဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းဟာ မကွေးတိုင်းနဲ့ ချင်းပြည်နယ် နယ်စပ်မှာပဲရှိနေသေးတာ သီတင်းတစ်ပတ်ကျော် ကြာလာပြီဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဥ်နီးပါး တိုက်ပွဲဖြစ်ပွားနေပါတယ်။
ကျင်ဒွေးမြို့ကို ဦးတည်လာနေတဲ့ အင်အားရာချီပါ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကျင်ဒွေးလမ်းမကြီးပေါ်က မဆာတွီ၊ မောချောင်း၊ လှိုင်ဒုတ်ရွာဟောင်းနဲ့ လှိုင်ဒုတ်ရွာသစ်က ဒေသခံ တစ်ထောင်နီးပါးဟာ စစ်ဘေးရှောင်နေရပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇူလိုင်လ ၁၄ ရက်မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ရင်းကဲရွာထဲက နေအိမ် အလုံးရေ ၃၀ ကျော်ကို မီးရှို့ခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ချင်းပြည်နယ် အခြေစိုက်သတင်းတွေက သတင်းဖော်ပြပါတယ်။
ဘင်းမ်စတက်ဝန်ကြီးတွေနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ သီးသန့်တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, MOFA
ဘင်္ဂလားပင်လယ်အော်ဒေသတွင်းနိုင်ငံတွေအကျိုးတူပူးပေါင်းဖို့ ဦးစားပေးဆွေးနွေး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ ဘင်္ဂလားပင်လယ်အော်ဒေသတွင်းနိုင်ငံများ(ဘင်းမ်စတက်) အစည်းအဝေးကို မနေ့ကတက်ရောက်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတွေထဲက တချို့နဲ့သီးသန့်တွေ့ဆုံခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဇူလိုင် ၁၇ ရက်မှာ သီးသန့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့၊ ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေးအပါအဝင် နိုင်ငံတကာအကျိုးတူကိစ္စရပ်တွေဆောင်ရွက်ဖို့ စစ်ကောင်စီဝန်ကြီးက ဆွေးနွေးခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီနေ့တစ်ရက်တည်းမှာပဲ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ချိန်မှာတော့ ပညာရေး၊ သတင်းအချက်အလက်နည်းပညာနဲ့ငွေကြေးကဏ္ဍတွေမှာ အကျိုးတူပူးပေါင်းမှု မြှင့်တင်ဖို့ အလေးပေးဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဘင်းမ်စတက် အစည်းအဝေးကို စစ်ကောင်စီတာဝန်ရှိသူတွေကို တက်ရောက်ခွင့်မပေးဖို့ တော်လှန်ရေးအင်အားစုတွေကနေ ပြီးခဲ့တဲ့နှစ်ကတည်းက စာထုတ်ကန့်ကွက်ခဲ့ကြပေမဲ့ မြန်မာကိုသီးသန့်ခွဲထားတာထက် တွေ့ဆုံညှိနှိုင်းရေးလုပ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေက သဘောထားရှိခဲ့ကြတာဖြစ်ပါတယ်။
အဲဒီနောက် ဘင်းမ်စတက်အစည်းအဝေးတွေကို စစ်ကောင်စီရဲ့ ဝန်ကြီးတွေ တက်ရောက်ခွင့်ရနေတာပါ။
စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ ဘန်ကောက်မြို့မှာပဲ ဇူလိုင် ၁၆ ရက်က ပြုလုပ်တဲ့ မဲခေါင် - ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကို တက်ရောက်ခွင့်ရခဲ့ပါတယ်။
အဲဒီအစည်းအဝေးပွဲအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ သီးသန့်တွေ့ဆုံပြီး အာဆီယံ၊ ကုလသမဂ္ဂတို့မှာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးကြသလို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာလည်း နှစ်နိုင်ငံနယ်စပ်လုံခြုံရေးကိစ္စ ပေါင်းစည်းလုပ်ဖို့တွေကိုပါ ဆက်တိုက်ဆွေးနွေးခဲ့ပါတယ်။
ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ နည်းပညာနဲ့ စည်းပွားရေးပူးပေါင်းဆောင်ရွက်မှုရှေ့ဆောင်အဖွဲ့(ဘင်းမ်စတက်)မှာ မြန်မာအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့ ပါဝင်ပါတယ်။မဲခေါင် - ဂင်္ဂါနိုင်ငံတွေမှာတော့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်စုဖွဲ့ထားတာဖြစ်ပါတယ်။
မြန်မာရာဘာခြံလုပ်သားတွေကို ပစ်သတ်သူလို့ မသင်္ကာသူ တစ်ဦးကို ထိုင်းရဲဖမ်း

ဓာတ်ပုံ ရင်းမြစ်, ထိုင်းရဲတပ်ဖွဲ့
မြန်မာရာဘာခြံအလုပ်သမား သုံးဦးနဲ့ ခြံရှင်တစ်ဦးတို့ ပစ်ခတ်သတ်ဖြတ်ခံရမှုမှာ အဓိကတရားခံလို့ ယူဆခံရတဲ့အမျိုးသားတစ်ဦးကို ဆူရတ်သာနီခရိုင်ထဲမှာ ဖမ်းဆီးမိပြီဆိုပြီး ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဖရာဖန်ဆိုတဲ့ အသက် ၄၄ နှစ်အရွယ် အဲဒီအမျိုးသားဟာ အသတ်ခံရသူတွေထဲက တစ်ဦးဖြစ်သူ ဖရာယုံဆိုတဲ့ ရာဘာခြံပိုင်ရှင် အမျိုးသားရဲ့ပစ်ကတ်ကားနဲ့ ထွက်ပြေးချိန် ကားတိုက်မှုဖြစ်ပြီး ဆူရတ်သာနီရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးခဲ့တာပါ။
အဲဒီအမျိုးသားဟာ မစ္စတာ ဖရာယုံရဲ့ ရာဘာခြံမှာပဲ အလုပ်လုပ်သူဖြစ်ပြီး အရင်တုန်းကလည်း ရာဘာစေးခိုးယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ဖြစ်ဖူးတဲ့သမိုင်းလည်းရှိခဲ့ကြဖူးတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီနောက်ခံသမိုင်းကြောင်းကြောင့် ဖရာဖန်ကို လူသတ်မှုမှာ အဓိကတရားခံဖြစ်တယ်လို့ ရဲက ယူဆပြီး လူသတ်မှု၊ အလောင်းကို မီးရှို့မှုစတဲ့ အချက်တွေနဲ့ တရားစွဲဆိုသွားဖို့ရှိတယ်လို့ သိရပါတယ်။
ဖာပွန်၊ ကြံ့ခိုင်ရေးပါတီရုံးမှာ ပေါက်ကွဲမှုဖြစ်

ဓာတ်ပုံ ရင်းမြစ်, CJ
ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ ၁ ရပ်ကွက်မှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးမှာ မနေ့ည ၁၀ နာရီကျော်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး တရုံးလုံးပြိုကျပျက်စီးခဲ့သလို အနီးနားက နေအိမ်အချို့လည်း ထိခိုက်ပျက်စီးတာရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေဆီက သိရပါတယ်။
"မိုင်း ၇ လုံးထောင်ပြီးခွဲလိုက်တာလို့ သိရတယ်ဗျ။ ကားကြီးဆိုရင်တော့ တစ်စစီပေါက်ကွဲနိုင်တဲ့ ပြင်းအားရှိတယ်။ အဲ့ရုံးနေရာက အစကတည်းက ပြည်သူ့မြေဆိုပြီး အငြင်းပွားမှုရှိခဲ့တာ၊ အခုအခြေအနေအရရော ပေါင်းပြီးပေါက်ကွဲမှုဖြစ်တာပေါ့လေ" လို့ ဖြစ်စဉ်ကိုသိရှိသူတစ်ဦးက ပြောပါတယ်။
ဒီကြံ့ခိုင်ရေးရုံးက ဖွင့်လှစ်တာမရှိသလို ညစောင့်ဝန်ထမ်းလည်းမရှိတာကြောင့် လူထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ကြံ့ခိုင်ရေးပါတီဘက်ကတော့ ဖာပွန်ဖြစ်စဉ်နဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြန်တာမရှိပါဘူး။
စစ်အာဏာသိမ်းကာလအတွင်း ကြံ့ခိုင်ရေးပါတီရုံး ၃၄ ရုံး၊ နေအိမ်အလုံး ၂၀၀ ကျော်အပါအဝင် ပါတီဝင်နဲ့ ပါတီထောက်ခံသူ ၁၃၀၀ ကျော် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ ၂၀၂၂ခုနှစ်၊ မတ် ၂၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ သေဆုံးသူတွေအတွက် ပါတီရဲ့အောက်မေ့ဖွယ်အခမ်းအနားမှာ တရားဝင်ထုတ်ပြောထားပါတယ်။
စစ်တပ်ကို ဖိအားပေးဖို့ အမေရိကန်က ရှေ့ဆုံးက ပါဝင်နေတယ်လို့ သံရုံးအကြီးအကဲပြော

ဓာတ်ပုံ ရင်းမြစ်, U.S. Embassy Rangoon
အာဏာသိမ်းစစ်တပ်ကို ဖိအားပေးဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့အတွက် နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်နေမှုတွေမှာ အမေရိကန်ပြည်ထောင်စုက ရှေ့ဆုံးကနေ ပါဝင်နေတဲ့အကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ အကြီးအကဲအသစ် မစ္စဆူဆန်စတီဗင်ဆင်က ပြောပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံတော်ပိုင် ဘဏ်နှစ်ခုအပါအဝင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့တဲ့အကြောင်း မစ္စဆူဆန်က အကြီးအကဲအသစ်အဖြစ် မိတ်ဆက်တဲ့ရုပ်သံမှာ ထည့်ပြောပါတယ်။
မဟာမိတ်တွေနဲ့ အခုလိုပူးပေါင်းဆောင်ရွက်တဲ့ အရေးယူမှုတွေဟာ စစ်တပ်အသိုင်းအဝိုင်းကို ဖိအားပေးရာရောက်သလို ငွေကြေးစျေးကွက်တွေနဲ့ ချိတ်ဆက်ဖို့ ပိုပြီးခက်ခဲစေခဲ့တယ်လို့ ထောက်ပြပါတယ်။
တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခကိုအဖြေရှာနေကြသူတွေအားလုံးအပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်မှုအတွက် အားထုတ်မှုတွေကိုလည်း အားပေးထောက်ခံနေတယ်လို့ သူက ပြောပါတယ်။
အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေတဲ့ သူတွေဆီ အကူအညီပေးနိုင်ဖို့၊ အကြမ်းဖက်ခံခဲ့ရသူတွေအတွက်လည်း ကူညီနိုင်ိဖု့ အာဆီယံအပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ပါ ချိတ်ဆက်ဆောင်ရွက်နေတဲ့အကြောင်း သူကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ပြဋ္ဌာန်းခဲ့တဲ့ အမေရိကန်ကာကွယ်ရေးဌာနရဲ့ အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA) မှာ ဘားမားအက်ကို ထည့်သွင်းခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုကူညီအပါအဝင်လက်နက်မဟုတ်တဲ့ အကူအညီတွေပေးမယ်လို့ တရားဝင် ပြောထားပါတယ်။
ဒါကြောင့် အခုရက်ပိုင်းမှာလည်း NUG အစိုးရကနေ အမေရိကန်အစိုးရဆီ လက်နက်မဟုတ်တဲ့ အကူအညီအဖြစ် ဒရုန်း၊ သံချပ်ကာမော်တော်ယာဉ်၊ ရေဒါစောင့်ကြည့်ရေးကိရိယာတွေဝယ်ယူဖို့အပါအဝင် လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက်ပါ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် တောင်းခံထားတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။








