မတ်လ ၂၇ ရက် ထိပ်တန်းသတင်းများ- အိန္ဒိယနိုင်ငံသား ၃ ဦးသတ်ဖြတ်ခံရမှု CDF အဖွဲ့ဝင်ဟောင်းတွေလက်ချက်လို့ အိန္ဒိယရဲယူဆနေ

ဓာတ်ပုံ ရင်းမြစ်, Mizoram Police
ချင်းပြည်နယ်ထဲမှာ အိန္ဒိယနိုင်ငံသား ၃ ဦး သတ်ဖြတ်ခံရမှုဟာ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)အဖွဲ့ဝင် ဟောင်း တချို့ရဲ့ လက်ချက်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ယူဆနေတယ်ဆိုပြီး အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။
သတ်ဖြတ်မီးရှို့ခံထားရတဲ့ အိန္ဒိယနိုင်ငံသားတွေရဲ့ ရုပ်အလောင်းတွေကို ချင်းပြည်နယ်ထဲမှာ ပြန်တွေ့ပြီး ၄ ရက်အကြာမှာ အိန္ဒိယရဲတပ်ဖွဲ့ဘက်က အခုလိုပြောလာတာဖြစ်ပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ အရင်က မြန်မာနိုင်ငံဖွား အသက် ၄၈ နှစ်အရွယ် အိန္ဒိယနိုင်ငံသူ C Biaksuii ၊ အသက် ၃၇ နှစ်အရွယ်အိန္ဒိယနိုင်ငံသား Bablu Talukdar ဆိုသူ အမျိုးသားနဲ့ သူတို့ ၂ ဦးကို မြန်မာနိုင်ငံအတွင်းကို ကားနဲ့မောင်းပို့ခဲ့သူ ယာဥ်မောင်း အသက် ၄၄ နှစ်အရွယ် B Lathafamkima ဆိုသူ အိန္ဒိယအမျိုးသားတို့ဖြစ်ပါတယ်။
သတ်ဖြတ်ခံရသူတွေထဲက ၂ ဦးဟာ AK-47 ရိုင်ဖယ်သေနတ် ၆ လက်ဝယ်ယူပေးဖို့ CDF ကေဒါဟောင်းလို့ ယူဆရတဲ့အမျိုးသား ၂ ဦးနဲ့ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနယ်စပ်က Ainak ရွာကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကသွားရောက်ခဲ့တယ်လို့ သိထားရကြောင်း ရဲသတင်း ရင်းမြစ်ကို ကိုးကားပြီး အိန္ဒိယတိုင်းမ်စ် သတင်းဌာန ကဖော်ပြပါတယ်။
သတ်ဖြတ်ခံသူ ၂ဦးဟာ အစောပိုင်းမှာ ရူပီးငွေ ၅ သိန်း လက်ခံခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ရူပီးငွေ ၅ သောင်းပဲဖြစ်နေတာကို စစ်ဆေးသိရပြီးနောက် ဒီပမဏနဲ့ လူသတ်မှုမဖြစ်နိုင်ဘူးဆိုတဲ့ ယူဆချက် ကြောင့် ရဲက စုံစမ်းမှုတွေ ဆက်လုပ်နေပါတယ်။
ဒါ့အပြင် C Biaksuii နဲ့ Bablu Talukdar တို့ကို သူတို့အိမ်ကနေ မတ်လ ၁၉ ရက် မနက် အစောပိုင်းမှာ လာခေါ်သွားသူဟာ သူတို့ရဲ့ မျက်နှာသိအမျိုးသားတစ်ဦးဖြစ်နေတာ၊ အဲဒီနောက် လူနာသယ်မယ်ဆိုပြီး B Lathafamkima နဲ့ မြန်မာပြည်ထဲ ကို ၄ ဦးစလုံးဝင်ရောက်သွားခဲ့တာလို့လည်း ဆိုပါတယ်။
ရဲတပ်ဖွဲ့ဘက်ကတော့ ဒီအကြောင်းအရာတွေကို ကြည့်ရင် သတ်ဖြတ်ခဲ့သူတွေဟာ စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ CDF အဖွဲ့ဝင်ဟောင်းတွေ၊ ဒါမှမဟုတ် မီဇိုရမ်ပြည်နယ်ထဲက အချိတ်အဆက်တွေနဲ့ မကြေလည်မှုတွေရှိနေတဲ့ CDF ရဲ့ ပြဿနာကို အခွင့်ကောင်းယူတဲ့ မြန်မာပြည်တွင်းမှာ သေနတ် အရောင်းအဝယ်လုပ်နေသူတွေလက်ချက်လို့ ယူဆပါတယ်။
အိန္ဒိယနိုင်ငံသား ၃ ဦးသတ်ဖြတ်ခံရမှုမှာ CDF အဖွဲ့ဝင်ဟောင်းတွေ ပါဝင်တယ်ဆိုတဲ့ ရဲတပ်ဖွဲ့သံသယကိုတော့''စွပ်စွဲခံရသူတွေကိုယ်တိုင်က အသတ်ခံရသူတွေကို ခေါ်သွားတာဆိုတော့ အဲဒီလို စွပ်စွဲတာ မမှားပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ကိုလည်း စုံစမ်းပေးဖို့ အကူအညီတောင်းထားတာရှိနေတယ်။ အမှုမှန်သိရှိရေး ကြိုးစားနေပါတယ်''လို့ ချင်းအမျိုးသားတပ်ဦး(CNA)ပြောခွင့်ရသူ ဆလိုင်းထက်နီက ပြောပါတယ်။
အိန္ဒိယရဲတပ်ဖွဲ့ကတော့ လက်ရှိမှာ အမှုနဲ့ပတ်သက်ပြီး မသင်္ကာသူ ၁၀ ဦးကို စုံစမ်းမေးမြန်းပြီးပြီလို့သိရပါတယ်။
ချင်းတွင်းမြစ်ထဲက ရွှေမျှောဖောင်တွေ ဖမ်းဆီး မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, Screengrab
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲ ချင်းတွင်းမြစ်ထဲမှာ ရွှေရှာဖွေနေတဲ့ တရားမဝင် ရွှေမျှောဖောင်တွေ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဖမ်းဆီး မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။
မင်းကင်းမြို့နယ်၊ ကပြစ်ကျေးရွာအနီးနဲ့ ရှမ်းတောရွာအနီးက အဲဒီရွှေမျှောဖောင်တွေကို စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့တစ်ပတ်အတွင်း လာရောက် ဖမ်းဆီးခဲ့တာလို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီဘက်က သတင်းတွေကိုဖော်ပြတဲ့ တယ်လီဂရမ်တွေမှာတော့ အဲဒီရွှေမျှောတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကျိုးစီးပွား ဆက်နွယ်နေတယ်လို့ စွပ်စွဲရေးသားထားတာတွေ့ရပါတယ်။
ဒေသခံတွေကတော့ လုပ်ငန်းရှင်တွေဟာ စစ်ကောင်စီတပ်ဘက်ကို ငွေကြေးပေးပြီး အဲဒီရွှေမျောတွေကို လုပ်ကိုင်နေခဲ့တာ ပြီးခဲ့တဲ့မိုးတွင်းကာလကတည်းကလို့ ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီသတင်းတွေကို ဖော်ပြတဲ့ တယ်လီဂရမ်တွေမှာတော့ ဖမ်းဆီးမိတယ်ဆိုတဲ့ရွှေမျှောပေါင်း ၁၀၀ ကျော်နဲ့ ကျပ်သိန်း တစ်သောင်းကျော်တန်ဖိုးရှိတဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
သံဖြူဇရပ်မှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၂၀၀ နီးပါးရှိလာ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ထဲမှာ အခုသီတင်းပတ်အတွင်း ဖမ်းဆီးတဲ့ရိုဟင်ဂျာ ၂၀၀ နီးပါးအထိရှိလာတယ်လို့ သိရပါတယ်။
အဲဒီထဲက ရိုဟင်ဂျာ ၁၅၀ ကျော်ဟာ ပြီးခဲ့တဲ့မတ်လ ၂၄ ရက်တုန်းက သံဖြူဇရပ်မြို့နယ်ထဲက ဝင်းစိန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
အဲဒီနောက် အဲဒီကျေးရွာအနီးမှာပဲ မတ်လ ၂၅ ရက်မှာ ၃၁ ဦးကို ထပ်မံဖမ်းမိခဲ့တာဖြစ်ပါတယ်။
နောက် မတ်လ ၂၆ ရက်မှာတော့ ခလောက်ချကျေးရွာအနီးမှာ နောက်ထပ် ၁၄ ဦးကို ထပ်မံ ဖမ်းဆီးမိခဲ့တာကြောင့် အဖမ်းခံရသူ ရိုဟင်ဂျာ ၁၉၉ ဦးအထိရှိလာတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဖမ်းဆီးမိသူတွေကို သံဖြူဇရပ်မြို့မ ရဲစခန်းထဲမှာ စစ်ကောင်စီလက်အောက် လူဝင်မှုကြီးကြပ်ရေးဌာနကပါ စစ်ဆေးတာတွေလုပ်နေတယ်လို့ ဘီဘီစီက သိရှိရပါတယ်။
ဒီလူပုဂ္ဂိုလ်တွေဟာ မလေးရှားနိုင်ငံကို ထွက်ခွာကြမယ့်သူတွေလို့ အစောပိုင်းဖမ်းဆီးခံရသူတွေကို ဖော်ပြတဲ့ ကနဦးသတင်းတွေမှာဖော်ပြပါတယ်။
ဒီအဖွဲ့ဟာ ရခိုင်ပြည်နယ်အနောက်ပိုင်းကနေ စက်လှေနဲ့ ထွက်ခွာလာခဲ့ပြီး ထိုင်းနိုင်ငံ၊ အဲဒီကနေတစ်ဆင့် မလေးရှားနိုင်ငံထဲကို ကုန်းကြောင်းကနေ သွားရောက်ဖို့ စီစဉ်ထားတာလို့လည်း သတင်းတွေက ဆိုပါတယ်။
မင်္ဂလာဒုံနဲ့ မှော်ဘီမှာ မိုင်တဲနဲ့လျှပ်စစ်တာဝါတိုင်တွေမိုင်းခွဲခံရ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
ရန်ကုန်တိုင်းထဲက မင်္ဂလာဒုံမြို့နယ်နဲ့ မှော်ဘီမြို့နယ်တွေမှာ မိုင်တဲနဲ့ လျှပ်စစ်တာဝါတိုင်တို့ ဒီနေ့ တစ်နေ့တည်းမှာ မိုင်းခွဲခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မိုင်းခွဲခံရတဲ့ မိုင်တဲတာဝါတိုင်ဟာ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ အာသာဝတီလမ်းအနီး ရတနာဒီပံ ဘုန်းတော်ကြီးကျောင်း အနောက်ဘက်မှာရှိတဲ့ တာဝါတိုင်ဖြစ်ပြီး ဒီနေ့မနက် အစောပိုင်းမှာ ဖောက်ခွဲခံခဲ့ရတာလို့ သိရပါတယ်။
‘‘ဒီနေ့ မနက်အစောပိုင်းမှာဖြစ်သွားတာပါ။ သူတို့(စစ်တပ်)က လာပြီး စစ်ဆေးတာမျိုးလုပ်သွားတယ်’’လို့ ဒေသခံတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။
လက်လုပ်မိုင်းနဲ့ဖောက်ခွဲခံရလို့ တာဝါတိုင် အောက်ခြေတိုင်တွေ ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီဆက်စပ်သတင်းတွေကိုဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေက ရေးသားပါတယ်။
ဒါ့အပြင် ဒီနေ့ တစ်နေ့တည်းမှာပဲ မှော်ဘီမြို့နယ်ထဲက ကုကားကုန်းကျေးရွာအနီးမှာ ၃၃ KVA ဓာတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲခံခဲ့ရပြီး တာဝါတိုင်အသေးတစ်ခုနဲ့ လျှပ်စစ်ဓာတ်အားပေး ဓာတ်တိုင် တစ်တိုင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီသတင်းတွေကို ဖော်ပြနေတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ မြောင်းတကာ-မှော်ဘီကို ဆက်သွယ်ထားတဲ့ တာဝါတိုင်အသေးမှာ လက်လုပ်မိုင်းတွေ ထောင်ထားတာတွေ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖယ်ရှား ရှင်းလင်ခဲ့တယ်လို့ ရေးသားထားတာလည်း တွေ့ရပါတယ်။
ပူတာအိုမှာ ရှားပါးတိရစ္ဆာန်မျိုးစိတ်တွေရောင်းချမှု ပိုများလာ

ဓာတ်ပုံ ရင်းမြစ်, Branshaung
ကချင်ပြည်နယ်မြောက်ပိုင်း၊ ပူတာအိုမြို့က မနက်စျေးမှာ ရှားပါးတိရစ္ဆာန်မျိုးစိတ်တွေကို ပေါ်ပေါ်ထင်ထင်ရောင်းချတာတွေ ပိုပြီးများလာတယ်လို့ မျက်မြင်ပူတာအိုဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
"ဒီဘက်မှာက ပရဆေးတွေရှာတယ်၊ ဆောင်းရာသီဆိုရင် အောက်ဆင်းပြီး အစာရှာထွက်လာတဲ့ တိရစ္ဆာန်တွေကို အမဲလိုက်ကြတယ်။ အလုပ်အကိုင်ရှားတော့ ဒေသခံတွေမှာက ဒါပဲလုပ်ကိုင်စရာရှိတယ်။ စျေးထဲမှာဆို တောဆိတ်၊ တောင်ဆိတ်၊ ငှက်ဆိုလည်း ကြိုးကြာကအစ အစုံရောင်းနေတာပါ" လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း လေ့လာသူ ပူတာအိုဒေသခံတဦးက ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုဒေသတဝိုက်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အသိပညာအားပေးတာနည်းပါးနေသလို အခုလို စျေးတွေထဲရောင်းချတာတွေကို လိုက်လံကြီးကြပ်တဲ့ တာဝန်ရှိသူတွေလည်း မရှိတဲ့ အခြေဆိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလိုစျေးထဲလာရောင်းချနေတဲ့ တိရစ္ဆာန်မျိုးစိတ်တွေကို ပူတာအိုနဲ့ မချမ်းဘောဒေသတွေကနေ ဖမ်းယူလာတာလို့ ဒေသခံတွေကနေ သိရပြီး အဲ့ဒီဒေသတဝိုက်မှာ လေသေနတ်အသုံးပြု အမဲလိုက်လာတာလည်း သိသိသာသာများလာတယ်လို့ ထောက်ပြကြပါတယ်။
ပူတာအိုဒေသဟာ ရေခဲတောင်တွေဝန်းရံထားပြီး အေးမြတဲ့ဒေသဖြစ်သလို အဲ့ဒီဒေသမှာရှိတဲ့ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ တာကင် ခေါ် သားမင်း၊ တောင်ဆိတ်၊ ပန်ဒါနီ၊ ဟိမဝန္တာငှက်အမျိုးအစားဖြစ်တဲ့ မိုနဲ (monal) ၊ ဇာမဏီ၊ အောက်ချင်းလည်နီ (rufous-necked hornbill)တွေကို မျိုးတုန်းမပျောက်ကွယ်အောင် ထိန်းသိမ်းဖို့ လိုအပ်နေတဲ့အကြောင်း သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူတွေကပြောနေကြပါတယ်။
ပဲခူးမှာ ပင်လယ်ဓားပြရဟတ်စင် အတက်လမ်းပြိုကျလို့ လူ ၁၁ ဦး ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, CJ
ပဲခူးတိုင်း၊ ပဲခူးမြို့က ရွှေမော်ဓောဘုရားပွဲမှာ ပင်လယ်ဓားပြ ရဟတ်စင်ရဲ့ အတက်လမ်း မနေ့ညပိုင်းတုန်းက ပြိုကျခဲ့တာကြောင့် ရဟတ်စီးဖို့ တန်းစီစောင့်နေသူတွေထဲက ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေက ပြောပါတယ်။
ရဟတ်စီးဖို့ တန်းစီနေတဲ့လူတွေရဲ့အလေးချိန်ကို မနိုင်တာကြောင့် အတက်စင် ပြိုကျခဲ့တာဖြစ်ပြီး ခါးရိုးကျိုးတဲ့အထိ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားသူလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒဏ်ရာရသူတွေကိုတော့ ပဲခူးဆေးရုံကြီးကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းက ဘုရားပွဲတော်တွေမှာတွေ့ရလေ့တဲ့ရှိတဲ့ ချားရဟတ်၊ ပင်လယ်ဓားပြ ရဟတ်တွေမှာ စီးနင်း သူတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ဆောင်ထားမှု မရှိသလောက်နည်းပါးတဲ့အပေါ် မေးခွန်းထုတ်တာတွေရှိနေချိန်မှာ အခုလိုမတော်အဆမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
မန္တလေး-ရွှေဘိုလမ်းမှာ စစ်တပ်ကားတွေ တိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သစ်ချိုကုန်းကျေးရွာအနီးက မန္တလေး-ရွှေဘိုကားလမ်းပေါ်မှာ စစ်ကောင်စီ တပ်ရဲ့ သံပြားကာ ကား ၂ စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မနေ့ မတ်လ ၂၆ ရက် မနက်ပိုင်းမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီကားတွေဟာ ဆားတောင်မြို့ရဲစခန်းကနေ စစ်ကိုင်းမြို့မှာရှိတဲ့ တပ်မ ၃၃ ဆီကို ပြန်တဲ့ ကားတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
မိုင်းဆွဲ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ် ကားတစ်စီး ပျက်စီးမှုဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
လမ်းတစ်လျှောက် စစ်ကောင်စီစစ်ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လိုက်လံ ပစ်ခတ်တာကြောင့် အပြန်အလှန် ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က သတင်းထုတ်ပြန်ပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် မန္တလေး- ရွှေဘိုကားလမ်းရဲ့ ဆားတောင်မြို့နဲ့ အုန်းတောကျေးရွာ လမ်းပိုင်းမှာ မနေ့ မနက်ပိုင်းကနေ မွန်းလွဲပိုင်းအထိ နာရီနဲ့ချီ ကားပိတ်ခဲ့သလို ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကျော်ဇေယျာရွာခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
NUGနဲ့ PDF ရဲ့တိုက်ခိုက်မှုတွေလုံးဝရပ်အောင်လုပ်ဖို့လိုတယ်ဆိုပြီး တပ်ချုပ်ပြော

NUG၊PDF နဲ့ သူတို့ကို ပံ့ပိုးနေတဲ့ EAO- တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဒီကနေ့ (၇၈) နှစ်မြောက်တပ်မတော်နေ့ မိန့်ခွန်းမှာထည့်ပြောပါတယ်။
သူ့မိန့်ခွန်းထဲ NUG - (အမျိုးသားညီညွတ်ရေးအစိုးရ) နဲ့ PDF တို့ရဲ့တိုက်ခိုက်မှုတွေကို လုံးဝရပ်ဆိုင်းအောင် ဆောင်ရွက်သွားဖို့ လိုအပ်တယ် ဆိုပြီးလည်း သူကပြောပါတယ်။

ရွေးကောက်ပွဲကို ဆောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် အဓိကလိုအပ်ချက်ဟာ တည်ငြိမ်အေးချမ်းရေးလို့ တပ်ချုပ်ကပြောပြီး ရွေးကောက်ပွဲကို ပြီးစလွယ်လုပ်လို့မရဘူးလို့ဆက်ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကိုငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလာရောက်နိုင်အောင် တံခါးဖွင့်ထားတယ်လို့ ပြောပြီးနိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ခိုင်မာစွာလျှောက်လှမ်းနိုင်ဖို့ အပြုသဘောနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့လည်း ဆိုပါတယ်။
ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ တပ်မတော် အခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့၊ နိုင်ငံရေးပါတီအချို့နဲ့ ရုရှားအပါအဝင် စစ်သံရုံး အချို့က စစ်သံမှူးတွေ တက်ရောက်တယ်လို့ သိရပါတယ်။








