သြဂုတ် ၉ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - စစ်ကော်မရှင်ငှားတဲ့ လော်ဘီကုမ္ပဏီ ဘယ်လိုအလုပ်လုပ်ပေးမလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒဏ်ခတ်ပိတ်ဆို့ခံထားရသူတွေ၊ လုပ်ငန်းစုတွေနဲ့ အလုပ်မလုပ်ဘူးဆိုတဲ့ အမေရိကန် ဥပဒေကို လေးစားလိုက်နာမယ်လို့ စစ်ကော်မရှင် ငှားရမ်းထားတဲ့ အမေရိကန်လော်ဘီလုပ်ငန်း DCI group က ဘီဘီစီကို သီးသန့် ဖြေကြားပါတယ်။
စစ်ကော်မရှင်ဟာ ဒီလော်ဘီလုပ်ငန်းကို အမေရိကန်နဲ့ ဆက်ဆံရေးအတွက် အမေရိကန်ဒေါ်လာ ၃ သန်းပေးကာ ငှားရမ်းထားတာပါ။
အမေရိကန်သမ္မတထရမ့်ရဲ့ နိုင်ငံတကာကုန်သွယ်ရေးမှာ အမေရိကန်ပထမ ဆိုတဲ့ မူဝါဒနဲ့ အရေးကြီး သတ္တုနဲ့ သဘာဝအရင်းအမြစ်တွေ ရရှိရေးအတွက် ဆောင်ရွက်နေချိန်လည်း ဖြစ်တယ်လို့ လော်ဘီလုပ်ငန်းစုက ပြောပါတယ်။
ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံဘက်က အမေရိကန်နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့အတွက် ကြိုးပမ်းလာတာကို ကူညီပေးရတဲ့ အတွက် ကျေနပ်အားရမိတယ်လို့ DCI group ကဆိုလာပါတယ်။
စစ်ကော်မရှင်နဲ့ DCI group ရဲ့ စာချုပ်ဟာ ဇူလိုင် ၃၁ ရက်မှာ စတင်အသက်ဝင်တာဖြစ်ပါတယ်။
ဒီစာအချုပ်ကို စစ်ကော်မရှင်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနအတွင်းဝန် ဦးဝင်းကျော်အောင်တို့ လက်မှတ်ရေးထိုးထားတဲ့စာချုပ်ကို Justice For Myanmar က ဖော်ထုတ်ခဲ့ပါတယ်။
စစ်ကော်မရှင်ရဲ့ လော်ဘီငှားရမ်းမှု အလုပ်ဖြစ်မဖြစ်အပေါ်မှာတော့ မတူညီတဲ့ သုံးသပ်ချက်တွေရှိ နေတာပါ။
ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်က မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ၄ ဦးနဲ့ သူတို့ရဲ့ ကုမ္ပဏီတွေကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းကနေ ဖယ်ရှားလိုက်ပါတယ်။
သူတို့ဟာ မြန်မာ စစ်တပ်အတွက် လက်နက် နဲ့ လေယာဉ်တွေ ဝယ်ယူပေးနေတဲ့ ပွဲစားတွေ ဆိုပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေက သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံဟာ လူပုဂ္ဂိုလ်နဲ့ လုပ်ငန်း တစ်ရာကျော်ကို ဒဏ်ခတ်အရေးယူပိတ်ဆို့ထားတာတွေ ချမှတ်ထားဆဲ ဖြစ်ပါတယ်။
၂၀၀၂ ခုနှစ်တုန်းကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အမေရိကန်နဲ့ ဆက်ဆံရေးကောင်းဖို့အတွက် DCI လုပ်ငန်းကို ငှားရမ်းခဲ့ဖူးပါတယ်။
ယူကရိန်းမပါတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရလဒ်ထွက်မှာမဟုတ်ဘူး လို့ ဇလန်းစကီးပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ယူကရိန်းမပါတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ဘာရလဒ်မှထွက်မှာမဟုတ်ဘူး လို့ယူကရိန်းသမ္မတ ဇလန်းစကီးက အမေရိကန်နဲ့ ရုရှားတို့ကြားလုပ်မဲ့ ဆွေးနွေးပွဲမတိုင်မီမှာ ပြောပါတယ်။
ဆွေးနွေးပွဲတွေမှာ ယူကရိန်းသမ္မတ တစ်နည်းနည်းနဲ့ပါဝင်နိုင်ခြေရှိနေသေးတယ်လို့ အိမ်ဖြူတော်အဆင့်မြင့်အရာရှိတစ်ဦးက ပြောပါတယ်။
ကြိုတင်ထုတ်ပြန်ထားချက်အရဆိုရင် ဩဂုတ် ၁၅ ရက်တွေ့ဆုံပွဲမှာ ဒေါ်နယ်ထရမ့်နဲ့ ပူတင် ပဲ ပါဝင်မှာပါ။
ဒါပေမဲ့ ပူတင်နဲ့ ဇလန်းစကီးတို့နှစ်ဦးစလုံးနဲ့တွေ့ဆုံဖို့ကို ထရမ့်က လမ်းဖွင့်ထားတယ်လို့ အိမ်ဖြူတော်က ဒီအပတ်အစောပိုင်းမှာ ပြောပါတယ်။
ကနဦးမှာ ပူတင်နဲ့ တွေ့ဆုံပြီး ယူကရိန်း၊ ရုရှားခေါင်းဆောင်တွေပါတဲ့ သုံးနိုင်ငံတွေ့ဆုံပွဲကို တစ်ချက်လုပ်ကြည့်ဦးမယ်လို့ အမေရိကန်သမ္မတက သောကြာနေ့မှာ ပြောခဲ့ပါတယ်။
စစ်ပွဲအဆုံးသတ်ဖို့ နယ်မြေပိုင်နက်ဆိုင်ရာ အလျှော့ပေးမှုတွေရှိလာနိုင်တယ်လို့ ထရမ့်က အရိပ်အမြွက်ပြောဆိုပြီးနောက်မှာ ဇလန်းစကီးက ယူကရိန်းဟာ နယ်မြေပိုင်နက်တွေကို လက်လွှတ်ခံမှာမဟုတ်ဘူးလို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု အလက်စကားမှာပြုလုပ်မဲ့ ပူတင်နဲ့ ထရမ့် ဆွေးနွေးပွဲဟာ ၂၀၁၉ ခုနှစ်ကစလို့ သူတို့နှစ်ဦးကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ဆွေးနွေးမှုလည်းဖြစ်ပါတယ်။
မနေ့ညက ယူကရိန်းအရှေ့ပိုင်း ခါကိဗ်နဲ့ ဒနီပရိုဒေသတွေက လူနေအဆောက်အအုံတွေကို ရုရှားက ညအချိန်မှာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းနိုင်ငံတော်အရေးပေါ်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ရန်ကုန်ကနေ ဘန်ကောက်ကို အလုပ်လုပ်ဖို့လာတဲ့ မြန်မာ ၁၂ ဦး အဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, Naresuan Force
ထိုင်းနယ်ခြားစောင့်အထူးတပ်ဖွဲ့က တာ့ခရိုင်၊ ဖုတ်ဖရနယ်ထဲမှာ ကင်းလှည့်နေချိန် မသင်္ကာတဲ့ ကား တစ်စီးကို စစ်ဆေးရာမှာ တရားမဝင် မြန်မာ ၁၂ ဦး လိုက်ပါလာတာ တွေ့ရှိတာကြောင့် ဖမ်းဆီးလိုက်တယ်လို့ ထိုင်းနယ်ခြားစောင့်အထူးတပ်ဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။
အသက် ၄၁ နှစ်အရွယ်အမျိုးသားတစ်ဦး မောင်းနှင်လာတဲ့ကားပေါ်မှာ မြန်မာနိုင်ငံသား ကျား ၉ ဦးနဲ့ မ ၃ ဦးတို့ဟာ တာလပတ်စအုပ်ထားတဲ့အောက်မှာ ပုန်းခိုပြီး လိုက်ပါလာတာပါ။ သူတို့ဟာ ဘန်ကောက်က စက်ရုံနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ဖို့ မျှော်လင့်ချက်နဲ့ တစ်ဦးကို ဘတ်ငွေ ၁၀၀၀၀ စီပေးကာ တရားမဝင်နယ်စပ်ဖြတ်ကျော်လာကြတာလို့ အထူးတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဖမ်းဆီးရမိသူအားလုံးကို ဖုတ်ဖရနယ်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။ စစ်မှုထမ်းသက်အကျုံးဝင်သူတွေကို နိုင်ငံက ထွက်ခွာခွင့် အဆင့်ဆင့်တင်းကျပ်ထားတာကြောင့် လူ ငယ်တွေဟာ နိုင်ငံထဲကနေ တရားမဝင်ထွက်ဖို့ ဖိအားပေးတွန်းပို့ရာရောက်တယ်လို့ ထိုင်းရောက် ရွှေ့ ပြောင်းအလုပ်သမားအရေး ကူညီနေသူတွေက ဆိုပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း မြန်မာကနေ ထိုင်းကို လူဦးရေ ၁ ဒသမ ၃ သန်းဝင်ရောက်ခဲ့ပြီး ဒီထဲက ၄၈ ရာခိုင်နှုန်းဟာ အထောက်အထားမဲ့ ဝင်ရောက်လာခဲ့ကြတာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ IOM ရဲ့ ဒီနှစ်ဇန်နဝါရီထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။
ရုပ်ရှင်အစည်းအရုံးဝင်မဟုတ်သူတွေကို ရိုက်ကူးခွင့်နဲ့ ဆင်ဆာထောက်ခံချက်ကန့်သတ်

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
လာမယ့် အောက်တိုဘာ ၁ ရက်ကစပြီးအကျုံးဝင်မယ့် ရုပ်ရှင် ရိုက်ကူးခွင့်နဲ့ ဆင်ဆာကြည့်ရှုခွင့်ထောက်ခံချက်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်ပါတယ်။
ရုပ်ရှင်အစည်းအရုံးဝင် ဒါမှမဟုတ် အစည်းအရုံးဝင်အဖြစ် လျှောက်ထားတဲ့သူတွေပါဝင်တဲ့ ရုပ်ရှင်၊ ဇာတ်လမ်းတွဲ၊ ဗီဒီယို၊ တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်လမ်းတိုးတွေကိုသာ ရိုက်ကူးခွင့်နဲ့ ဆင်ဆာကြည့်ရှုခွင့်ထောက်ခံချက်ပေးမယ်လို့ ဆိုလာတာပါ။
"အခုနောက်ပိုင်းမှာ အစည်းအရုံးဝင်မဟုတ်ဘဲ လျှောက်ထားသူများလာတယ်။ ပြဿနာဖြစ်ရင် တာဝန်ခံ၊တာဝန်ယူရတာရှိတဲ့အတွက် အစည်းအရုံးဝင်နဲ့ လျှောက်ထားဆဲသူတွေကိုပဲ ထောက်ခံချက် ထုတ်ပေးဖို့ ဆုံးဖြတ်တာ" လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ တွဲဖက်အတွင်းအရေးမှူး ၂ ဦးချမ်းသာ ကြည်စိုးက ပြောပါတယ်။
၁၉၉၆ ရုပ်ရှင်ဥပဒေအရ ရုပ်ရှင်နဲ့ဆက်စပ်တဲ့ ရိုက်ကူးခွင့်၊ ဆင်ဆာကြည့်ရှုခွင့်ထောက်ခံချက် တွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကထုတ်ပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကော်မရှင်ဟာ ရုပ်ရှင်ဖန်တီးထုတ်လုပ်သူတွေ နဲ့ သရုပ်ဆောင်တွေအပေါ် တင်းကျပ်ထားတဲ့ အချက်တွေပါဝင်တဲ့ ရုပ်ရှင်ဥပဒေကို ၂၀၂၄ ဒီဇင်ဘာ၂၀ရက်မှာ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။
ရုပ်ရှင်လုပ်ငန်းလိုင်စင်မရှိဘဲရုပ်ရှင်ပြတာ၊ ဆင်ဆာလက်မှတ်မရှိဘဲ ရုပ်ရှင်ပြတာတွေပြုလုပ်ရင် ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်ပြီး ထပ်မံကျူးလွန်ရင် ငါးနှစ်အထိ ချမှတ်နိုင်တယ်လို့ ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။
နောက်ထပ်ပြင်ဆင်ချက်ကတော့ ပြည်တွင်းမှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကို ဆင်ဆာလက်မှတ်မရှိဘဲ ပြည်ပကို တင်ပို့တာ ဒါမှမဟုတ် ပြည်ပမှာပြသတယ်လို့ ပြစ်မှုထင်ရှားရင် သုံးနှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ် ၇ သိန်း ကနေ အများဆုံး ကျပ် ဆယ်သိန်း အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမယ်လို့ တင်းကျပ်ခဲ့တာပါ။
၁၀၂၇ စစ်ဆင်ရေးကာလ ကစထမှူး ဝနဲ့ မိုင်းလားကိုသွား

ဓာတ်ပုံ ရင်းမြစ်, WSTV
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ ဝ အထူးဒေသ ၂ နဲ့ အထူးဒေသ ၄ မိုင်းလား ကို ၄ ရက်ကြာ သွားရောက်ခဲ့ပါတယ်။
ဒါက မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ ဝနဲ့ မိုင်းလားကို ပထမဆုံးအကြိမ် သွားတာဖြစ်ပါတယ်။
ဦးအောင်အောင်ဟာ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှာ ရှမ်းပြည်နယ်စစ်ဆင်ရေးအတွက် အဓိကတာဝန်ရှိတဲ့ အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်ပြီး ၂၀၂၄ ခုနှစ်ကမှ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာသူပါ။
ရှမ်းဝန်ကြီးချုပ်ဟာ အထူးဒေသ နှစ်ခုကို ဖွံ့ဖြိုးရေးခေါင်းစဥ်နဲ့သွားခဲ့ပေမဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အထူးတာဝန်ပေးချက်အရ သွားခဲ့တာလို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။
သြဂုတ် ၆ ရက်မှာ ရှမ်းဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ "ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်းအပြင် မိုင်းပေါက်အထိ သွားခဲ့တာ တွေ့ရပါတယ်။
ဦးအောင်အောင်ကို UWSP ဒုတိယဥက္ကဋ္ဌလည်းဖြစ် ပြင်ပဆက်ဆံရေးဌာနကြီးမှူး လည်းဖြစ်တဲ့ ဦးကျောက်ကော်အန်းက လက်ခံတွေ့ဆုံပါတယ်။
ရှမ်းဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ဝ ပြည်မှာ ၂ ရက်နေပြီး အထူးဒေသ ၄ မိုင်းလား ကို ခရီးဆက်ကြပါတယ်။
ဒီအဖွဲ့ဟာ မိုင်းလားမှာလည်း နှစ်ရက်ကြာပြီး အထူးဒေသ ၄ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ ဒု-ဥက္ကဋ္ဌတွေနဲ့တွေ့ဆုံခဲ့ပါတယ်။
UWSA ထိန်းချုပ်နယ်မြေထဲက ဟိုပန်နဲ့ NDAA ထိန်းချုပ်နယ်မြေ မိုင်းလား ကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေ ကြေညာတဲ့မြို့တွေထဲ ထည့်သွင်းထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့တဲ့ ကိုးကန့်တပ် MNDAA ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဝနဲ့မိုင်းလားကို နေပြည်တော်ရဲ့ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့ခြင်းက တရုတ်ရဲ့ ကြားဝင်မှုလည်း ပါနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
ရေကြီးသတိပေးချက်ထုတ်ထားတဲ့ တောင်ငူမှာမြစ်ရေတက်

ဓာတ်ပုံ ရင်းမြစ်, CJ
ရေဘေးအတွက် အသင့်ပြင်ထားရ
စစ်တောင်းမြစ်ရေဟာ မနေ့ညကစပြီး တောင်ငူမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက်ကို ရောက်လာတာ ကြောင့် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ရေကြီးသတိပေးချက်ကို သြဂုတ် ၉ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက်ပိုင်းမှာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေအမှတ် အထက် ပေဝက်ခန့်ကျော်လွန်ရောက်ရှိနေတယ်လို့ မိုးဇလက ဆိုပါတယ်။
တောင်ငူမြို့ရဲ့ ၈ ရပ်ကွက်၊ ၉ ရပ်ကွက်၊ ၂၀ ရပ်ကွက်၊ စံပယ်ခြံရပ်ကွက်၊ ပြသောင်ကျေးရွာနဲ့ မိုးကောင်း ကျေးရွာအနောက်ပိုင်းတွေကို မြစ်ရေဝင်ရောက်နေပြီလို့ တောင်ငူအခြေစိုက် ကယ်ဆယ်ရေးအဖွဲ့တာ ဝန်ခံက ဘီဘီစီကိုပြောပါတယ်။
"၆၀၀ စင်တီမီတာကို စိုးရိမ်ရေအမှတ်ထားထားတာ။ အခု ၆၁၁ မှာဆိုတော့ နေ့လယ်မှာဆက်တိုးလာ ရင် ရေဘေးရှောင်စခန်းတွေကို ရွှေ့ပြောင်းဖို့လိုပြီ" လို့ ကယ်ဆယ်ရေးအဖွဲ့တာဝန်ခံက ပြောပါတယ်။
တောင်ငူမြို့ နယ်ထဲမှာရှိတဲ့ သောက်ရေခပ်ဆည်ရဲ့ ရေတံခါး ၃ ခုလည်းဖွင့်ထားတာကြောင့် ရေထပ်ကြီး လာနိုင်တယ်လို့ သူကယူဆပါတယ်။
စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ နောက်တစ်ရက်အတွင်း ပေဝက်ခန့်ဆက်တက်လာနိုင်တယ်လို့ မိုးဇလကလည်း ခန့်မှန်းထားပါတယ်။
ဒီနေ့ညနေပိုင်းအထိ ကယားပြည်နယ်မှာ နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလကထုတ်ပြန်ပါတယ်။
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်တာပါ။
မိုးရွာတာကြောင့် နောက်တစ်ရက်အထိ စစ်တောင်းမြစ်ရေဟာ တောင်ငူအပြင် မဒေါက်မြို့ရဲ့ စိုးရိမ် ရေအမှတ်အထက်မှာဆက်ရှိမှာဖြစ်ပါတယ်။
သံလွင်မြစ်ရေလည်း အခုအချိန်မှာ ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ၁ ပေခန့် ကျော်နေရာကနေ တစ်ရက်အတွင်း နောက်ထပ် ပေဝက်ခန့် ဆက်လက်မြင့်တက်လာမယ်လို့ မိုးဇလကဆိုထားပါတယ်။
ထိုင်းဘတ်သန်းချီနဲ့ ဖမ်းမိတဲ့ ငွေလိမ်ဂိုဏ်းမှာ မြန်မာ ၃ ဦး ပါဝင်

ဓာတ်ပုံ ရင်းမြစ်, CIB
နယ်စပ်ဖြတ်ကျော် ငွေကြေးခဝါချနေတဲ့ ဂိုဏ်းတစ်ခုကို ဝင်စီးချိန်မှာ မြန်မာနိုင်ငံသား သုံးဦးကို ထိုင်း ဘတ်ငွေ ၄၆ သန်းကျော်အတူ ထိုင်းဗဟိုအထူးစုံစမ်းစစ်ဆေးရေးဗျူရိုက ဖမ်းဆီးလိုက်ပါတယ်။
အထူးအဖွဲ့က Skyfall စစ်ဆင်ရေးနာမည်နဲ့ ဝင်စီးချိန်မှာ မြန်မာအမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး ဖမ်းဆီးခံလိုက်ရတာပါ။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားသုံးဦးဟာ ထိုင်းနိုင်ငံ၊ မဲဆောက်က ထိုင်းဘဏ်မှာ ငွေသား ထုတ်ယူပြီး မှောင်ခိုလုပ်ကိုင်နေတဲ့ မြဝတီက မြန်မာတစ်ဦးဆီကို ပို့ပေးနေတာလို့ ဆိုပါတယ်။
အခုဖမ်းဆီးခံလိုက်ရသူ ၃ ဦးကိုတော့ ငွေကြေးခဝါချမှုအပါအဝင် ပုဒ်မ ၄ ခုနဲ့ ထိုင်းအထူးတပ်ဖွဲ့က အမှုစွဲတင်ထားပါတယ်။
ဒီဂိုဏ်းဟာ စတော့ရှယ်ယာအရောင်းအဝယ်ကို ဗန်းပြပြီး Line group တစ်ခုကို ဝင်ရောက်ဖို့ စတင် သွေးဆောင်ပါတယ်။
ကနဦးမှာ ငွေကြေးထည့်ဝင်သူတွေ ယုံကြည်လာအောင် အရောင်းအဝယ်လုပ်ပြပြီး ယုံကြည်လို့ ရင်းနှီးမြှုပ်နှံလာသူတွေကို VIP group ထဲဝင်စေပါတယ်။
အဲဒီနောက် Ulela Max ဆိုတဲ့ အက်ပလီကေးရှင်းကို ဒေါင်းလုပ်ရယူခိုင်းကာ အဲဒီကနေ အမြတ် ၁၀ ရာခိုင်နှုန်းရမယ်လို့ မက်လုံးပေးထားတာ ဖြစ်ပါတယ်။
အစပိုင်းမှာ အမြတ်ငွေထုတ်ယူနိုင်ပေမဲ့ နောက်ပိုင်းမှာတော့ သန်းနဲ့ချီတဲ့ ငွေကြေးတွေကို လွှဲပေးရင်း အမြတ်မရလာမှ လိမ်လည်ခံရမှန်း သိလာကြရတာဖြစ်တယ်လို့ ထိုင်းအထူးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
လိမ်လည်မှုတွေကို ကမ္ဘောဒီးယားအခြေစိုက် ဒစ်ဂျစ်တယ်ငွေကြေးကုမ္ပဏီ Huione Pay ကို အသုံးပြု လိမ်လည်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။











