ဆလိုဗားကီးယားမှာ ရုရှားလိုလားတဲ့ သမ္မတလောင်းအနိုင်ရ

Slovakia

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပီတာ ပယ်လီဂရီနီက ဝန်ကြီးချုပ် ရောဘတ်တို ဖီကိုနဲ့ မဟာမိတ်ဖြစ်
ရေးသားခဲ့သည်။

ဆလိုဗားကီးယားမှာ သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံလိုက်ရတဲ့ ပီတာ ပယ်လီဂရီနီ က သူ့နိုင်ငံဟာ “ငြိမ်းချမ်းရေးဘက်မှာနေမယ်၊ စစ်ပွဲဆီကို မသွားဘူး၊ အဲဒီလိုဖြစ်လာအောင် သူလုပ်နိုင်တာမှန်သမျှကို လုပ်သွားမယ်”လို့ ဆိုပါတယ်။

အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့သူဟာ သမ္မတရွေးကောက်ပွဲမှာ မဲရာခိုင်နှုန်း ၅၃% ရပြီး အနောက်ကိုလိုလားတဲ့ ပြိုင်ဖက် အိုင်ဗင် ကိုကော့ဗ်ကို အနိုင်ရခဲ့ပါတယ်။

ယူကရိန်းဘက်က ထောက်ခံတဲ့ မစ္စတာကိုကော့ဗ်ကို သူက “စစ်မီးမွှေးသူ” လို့ စွပ်စွဲထားပါတယ်။

မစ္စတာ ပယ်လီဂရီနီက လူကြိုက်များအောင်လုပ်တဲ့ နိုင်ငံရေးသမား ဝန်ကြီးချုပ် ရောဘတ်တို ဖီကို နဲ့ အနီးကပ်မဟာမိတ်ဖြစ်ပြီး သူတို့ ၂ ယောက်လုံးက ယူကရိန်း ဘက်ကို ထောက်ခံသူတွေမဟုတ်ပါဘူး။

ဆလိုဗားကီးယားမှာ သမ္မတရာထူးက နိုင်ငံရေး ကိစ္စ အတော်များများမှာ အဆောင်အယောင်မျှသာ ဖြစ်ပေမဲ့ ဥပဒေ ပြဋ္ဌာန်းမှုတွေကို ဗီတိုအာဏာနဲ့ တားနိုင်သလို ဖွဲ့စည်းပုံတရားရုံးချုပ် တရားသူကြီးတွေကိုလည်း အမည်စာရင်း တင်သွင်း နိုင်ပါတယ်။

ဝန်ကြီးချုပ် ဖီကိုနဲ့ သူ့မဟာမိတ်တွေဟာ အခုဆိုရင် ဆလိုဗားကီးယား လွှတ်တော်၊ အစိုးရနဲ့ (မကြာခင်မှာတော့) သမ္မတရုံးကို ထိန်းချုပ်နိုင်တော့မှာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလ မစ္စတာ ‌ဖီကို ဝန်ကြီးချုပ်အာဏာမရခင်အချိန်အထိ ဆလိုဗားကီးယား နိုင်ငံဟာ ယူကရိန်းရဲ့ အားကောင်းခိုင်မာတဲ့ မဟာမိတ် နိုင်ငံတွေ ထဲက တနိုင်ငံဖြစ်ခဲ့ပါတယ်။ ဝန်ကြီးချုပ် ဖီကိုကတော့ ကိယက်ဗ်ကို ပို့နေတဲ့ ဆလိုဗားကီးယား စစ်ပစ္စည်းထောက်ပံ့မှုတွေကို ရပ်ပစ်မယ်ဆိုတဲ့ ကတိနဲ့ တက်လာတဲ့လူပါ။

သာမန်လူအများအကြိုက်ဆောင်ဝါဒီ တယောက်ဖြစ်တဲ့ မစ္စတာ ပယ်လီဂရီနီဟာ လစ်ဘရယ်ဝါဒီ အရင် သမ္မတ ဇူဇန်နာ ကက်ပုတိုဗာ နေရာကို ဆက်ခံရမှာပါ။

မစ္စက် ကက်ပုတိုဗာနေရာကို မစ္စတာ ပယ်ရီဂရီနီက အစားထိုးဝင်ယူတော့မှာ ဖြစ်တဲ့အတွက် ယူကရိန်းတို့အဖို့ ဥ‌‌‌ရောပ သမဂ္ဂနဲ့ နေတိုး မြို့တော် ဘရပ်ဆဲလ်မှာ သူတို့ကို ထောက်ခံပေးမယ့် အသံတခု ပျောက်ဆုံးသွားမှာ ဖြစ် ပါတယ်။

ယူကရိန်းအနေနဲ့ သူ့နယ်မြေကိုကာကွယ်ဖို့လုပ်ရမယ် ဆိုတာကို မစ္စက် ကက်ပုတိုဗာ က ရှင်းရှင်းလင်းလင်း ထောက်ခံခဲ့ပြီး ပြီးခဲ့တဲ့ အရင်နှစ် ၂၀၂၃ ခုနှစ်အတွင်းက မစ် - ၂၉ လေတပ်ဖွဲ့တခုလုံး (၁၃ စီးလုံး)ကို ယူကရိန်းကို လှူခဲ့တာပါ။

လက်ရှိဝန်ကြီးချုပ် မစ္စတာ ဖီကိုကတော့ အနောက်နိုင်ငံတွေက ယူကရိန်းကို စစ်ရေးထောက်ပံ့ပေးနေတာကို ရပ်ဆိုင်းပြီး ချက်ချင်း အပစ်ရပ်စဲကြဖို့နဲ့ မော်စကိုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့ကို တောင်းဆိုနေပါတယ်။

သမ္မတ ဗလာဒီမီယာ ပူတင်ဟာ “မကောင်းဆိုးဝါးအဖြစ် မတရားသက်သက် ပုံဖျက်တာ ခံနေရတယ်” လို့လည်း နေတိုးအဖွဲ့ဝင် နိုင်ငံတခု ဖြစ်တဲ့ ဆလိုဗားကီးယား က ဝန်ကြီးချုပ်က ဆိုပါတယ်။

ယူကရိန်းကို နေတိုးထဲ ဝင်ခွင့် ပေးမယ် ဆိုရင် တတိယ ကမ္ဘာစစ်ကို အစပြုလိုက် သလို ဖြစ်သွားမယ်လို့လည်း သူက ပြောပါတယ်။