ဖေဖော်ဝါရီ ၈ ရက်ထိပ်တန်းသတင်းများ- ထိုင်းမှာ ၂ ရက်အတွင်း မြန်မာ ၈၀ ကျော် ဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, Police TV
ထိုင်းနိုင်ငံထဲက ခရိုင် ၃ ခုထက်မနည်းမှာ မြန်မာနိုင်ငံသား အယောက် ၈၀ ကျော်ကို တရားမဝင်ပြည်ဝင်မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
အဲဒီလူတွေထဲက ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး အလုပ်လာရှာတဲ့ မြန်မာ ၃၃ ဦးကို ဘမ်ခလမ် ခရိုင်ထဲက လူမနေတော့တဲ့ ဂိုထောင်တစ်ခုထဲမှာ ဒီနေ့ ဖေဖော်ဝါရီလ ၈ ရက်မနက်ပိုင်းတုန်းက အာဏာပိုင် တွေက ဖမ်းမိခဲ့တာပါ။
သူတို့နဲ့အတူ မြန်မာနိုင်ငံသား ပွဲစား ၂ ဦးနဲ့ ပရာဆပ်ဆိုသူ ထိုင်းနိုင်ငံသား ယာဥ်မောင်းကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းဌာနက သတင်းဖော်ပြပါတယ်။
သူတို့အားလုံးဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရမယ်ဆိုတာကြောင့် ပွဲစားတွေကို ထိုင်းဘတ်ငွေ လေးသောင်းခွဲ အထိ ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မနေ့ ဖေဖော်ဝါရီလ ၇ ရက် မနက်ပိုင်းတုန်းကလည်း ထိုင်းနိုင်ငံအလယ်ပိုင်းက ဆူဖန်ပူရီခရိုင်မှာ မသင်္ကာစရာကားတစ်စီးကို တာဝန်ရှိသူတွေက နောက်ယောင်ခံလိုက်ချိန် အဲဒီကားဟာ ဆာခုတ်မြို့နယ်မှာ ရပ်ခဲ့တာကြောင့် ရှာဖွေမှုတွေပြုလုပ်ချိန် တရားမဝင် ဝင်လာတဲ့ မြန်မာအမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦး၊ တာ့ခရိုင်သား ၁ ဦး စုစုပေါင်း ၁၃ ဦးကို ထိုင်းရဲက ဖမ်းမိခဲ့တယ်လို့သိရပါတယ်။
ဒါ့ပြင် မနေ့ တစ်နေ့တည်းမှာပဲ ထိုင်းနိုင်ငံတောင်ပိုင်းက ချွန်းဖွန်းခရိုင်၊ လန်ဆွန်မြို့နယ် အာရှလမ်းမကြီး ပေါ်မှာ အိမ်စီးကားတစ်စီးပေါ်ကနေ တရားမဝင် မြန်မာ ၆ ဦးနဲ့ ထိုင်းယာဥ်မောင်း တစ်ဦးကို ဖမ်းမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အဲဒီတစ်ခရိုင်ထဲမှာပဲ မနေ့မနက်အစောပိုင်းတုန်းကလည်း တရားမဝင် ၂၇ ဦးကို ဆဝီမြို့နယ်ထဲမှာ သူတို့စီးလာတဲ့ ကားတစ်စီးနဲ့အတူ ဖမ်းမိပြီး ယာဥ်မောင်းကတော့ ထွက်ပြေးသွားခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ထန်တလန်စစ်ရှောင် ၁သောင်းကျော်အကူအညီလိုအပ်နေ

ဓာတ်ပုံ ရင်းမြစ်, Thantlang Placement Affairs Committee
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ထဲက စစ်ရှောင်တစ်သောင်းကျော်ဟာ လူသားချင်းစာနာမှု အကူအညီတွေလိုအပ်နေတယ်လို့ ဒီစစ်ရှောင်တွေအရေးဆောင်ရွက်ပေးနေသူတွေက ဘီဘီစီကို ပြောပါတယ်။
ထန်တလန်မြို့ပေါ်က ရာနဲ့ချီတဲ့နေအိမ်တွေ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ မီးရှို့ခံရပြီးတဲ့နောက် မြို့ခံ ထောင်ချီဟာ မြို့ပေါ်ကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။
အခုတော့ မြို့နယ်အတွင်းဖြစ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြားက တိုက်ပွဲ တွေကြောင့် နယ်ခံတွေဟာ မြို့နယ်အတွင်း ကျေးရွာပေါင်း ၉၀ ကျော်မှာရှိတဲ့ နီးစပ်ရွာဆွေမျိုးတွေရဲ့ နေအိမ်တွေ၊ တောတောင်တွေနဲ့ အိန္ဒိယနိုင်ငံဘက်ခြမ်းတွေဆီကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။
‘‘နယ်မြေ အလှမ်းဝေးလို့ လူသားချင်းစာနာမှု အကူအညီတွေက မရောက်ဘူး။ ငွေကြေးရှိလို့ ကျန်းမာရေးအတွက် ဟားခါးဘက်၊ ကလေးဘက်ကို ဆင်းမယ်ဆိုရင်လည်း လမ်းပိတ်တာ၊ တိုက်ပွဲ ရှိတာတွေကြောင့် သွားလာလို့ မရနိုင်ဘူး။ ကူညီရေးပစ္စည်းတွေ သယ်ဖို့ကလည်း အတော်လေး အခက်အခဲရှိနေတယ်’’ လို့ ထန်တလန်စစ်ရှောင်ကူညီရေးအဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thantlang Placement Affairs Committee
အရပ်သားမရှိသလောက်ဖြစ်နေတဲ့ ထန်တလန်မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေဟာ နေ့စဥ်နီးပါး တိုက်ပွဲဖြစ်နေတယ်လို့ မြေပြင်စစ်ရေးအခြေအနေ သိရှိသူတွေက ဘီဘီစီကို ပြောပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေလည်း မကြာခဏ ပြုလုပ်လေ့ရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်တုန်းကဆိုရင် တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတာတွေရှိ တယ်လို့ သိရပါတယ်။
ဒါ့အပြင် ထန်တလန်မှာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းကပဲ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဥ်တစ်စီး တိုက်ခိုက်ခံခဲ့ရပါတယ်။
ထန်တလန်မြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ လေယာဥ်တွေ ကင်းထောက်ပျံသန်းတာတွေကြောင့် လေကြောင်း အန္တရာယ်အတွက် ကြားကာလအခြေခံပညာရေးကျောင်းတွေလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားရပါတယ်။
ပခုက္ကူ- ရေစကြိုလမ်းပေါ်မှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, ပခုက္ကူခရိုင် အမှတ် -၂ တပ်ရင်း
ပခုက္ကူ-ရေစကြိုကားလမ်းပေါ်က ဆီဆိုင်တစ်ခုအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး အဖွဲ့ဝင် တွေကို တိုက်ခိုက်ခဲ့တယ်ဆိုပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) ပခုက္ကူခရိုင် တပ်ရင်း ၃ ဘက်က ဖေဖော်ဝါရီလ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပစ်ခတ်မှုအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီးနောက် ဒဏ်ရာရတဲ့ ပျူစောထီး ခေါင်းဆောင် တစ်ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ဆေးရုံမှာ ထပ်မံသေဆုံးတာကြောင့် စုစုပေါင်း ၁၀ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ကာဘိုင်သေနတ် ၆ လက်အပြင် သေနတ်တွေ၊ ကျည်တွေနဲ့ ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ် ဖွဲ့ဝင်တွေသုံးတဲ့ စူပါ ကတ်စတန် ကားတစ်စီးကိုလည်း သိမ်းဆည်းမိခဲ့တယ်လို့ ပြောပါတယ်။
ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းက လူမှုကွန်ရက်ကနေ ထုတ်ပြန်တဲ့ သတင်းဓာတ်ပုံတွေမှာတော့ စူပါ ကတ်စတန်ကားတစ်စီးပေါ်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေသူအချို့ကိုလည်း မြင်တွေ့ရပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
တနင်္သာရီမှာ ၁လအတွင်း တိုက်ပွဲ ၃၀ ကျော်ဖြစ်ပွား

ဓာတ်ပုံ ရင်းမြစ်, Dawei Information
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပလမြို့အနီး တစ်နေ့တည်း တိုက်ပွဲ ၂ ကြိမ်ဖြစ်
အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်းမှာ တိုက်ပွားဖြစ်ပွားမှု ၃၀ ကျော်ရှိခဲ့တယ်လို့ အရပ်သားထိခိုက်သေဆုံးမှုနဲ့စစ်ရေးသတင်းတွေကို စောင့်ကြည့်လေ့လာတဲ့ Southern Monitor အဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။
အခုဆို အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ တနင်္သာရီ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေဟာ ထားဝယ်နဲ့ မြိတ်ခရိုင်အတွင်းမှာ အများဆုံးဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ကော့သောင်းခရိုင်ကတော့ တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံးလို့ ပြောပါတယ်။
မြို့နယ်အလိုက်ဆိုရင် ပြီးခဲ့တဲ့ ရက်ပိုင်းကမှ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့်ကြေညာလိုက်တဲ့ ပုလောမြို့နယ်မှာ တိုက်ပွဲ အကြိမ်ရေ ၉၀ နီးပါးနဲ့ တိုက်ပွဲအများဆုံးဖြစ်သလို တနင်္သာရီမြို့နယ်ကတော့ ဒုတိယအများဆုံးဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ မြိတ်ခရိုင်၊ ပုလောမြို့နယ်ထဲက ပလမြို့မှာ မနေ့ ဖေဖော်ဝါရီလ ၈ ရက်မှာ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
အဲဒီတိုက်ပွဲဟာ ပလမြို့အနီး တိုရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေ ပြင်းထန်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တစ်ဖက်မှာလည်း တနင်္သာရီတိုင်းထဲမှာ အာဏာသိမ်းပြီးတဲ့နောက် အရပ်သားထိခိုက်သေဆုံးသူ ၃၂၀ အထိ ရှိလာတယ်လို့လည်း Southern Monitor အဖွဲ့က ပြောထားပါတယ်။
အိမ်ထောင်စု ၈၆ ရာခိုင်နှုန်းကျော်ရဲ့ စာရင်းကောက်နိုင်ခဲ့တယ်လို့ စစ်ကောင်စီ လဝက ပြော

ဓာတ်ပုံ ရင်းမြစ်, MOIP
တနိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေစာရင်းအချက်အလက်တွေကို ကောက်ယူခဲ့ရာမှာ ရည်မှန်းထားတဲ့ အိမ်ထောင်စုရဲ့ ၈၆ ဒဿမ ၇ ရာခိုင်နှုန်း အထိကောက်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ကြိုင်က ဖေဖော်ဝါရီလ ၇ရက်နေ့က ပြောခဲ့ပါတယ်။
စာရင်းကောက်ယူမှုကို ဇန်နဝါရီလ ၉ရက်နေ့ကနေ ၃၁အထိ ရုံးပိတ်ရက်မှအပ ရက်ပေါင်း ၂၀ ကြာကောက် ယူခဲ့တာလို့လည်း သူကပြောပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူရာမှာ ၈၆ ရာခိုင်နှုန်းကျော်ပြီးစီးသလို၊ ရခိုင်ပြည်နယ်မှာတော့ တစ်ပြည်နယ်လုံးရဲ့ ၉၉ ရာခိုင်နှုန်းအထိ ကောက်ယူပြီးစီးခဲ့တယ်လို့ လည်းပြောပါတယ်။
ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျန်နေတဲ့ အိမ်ထောင်စုတွေစာရင်းကိုလည်း ကောက်ယူနိုင်ဖို့ ကြိုးစားပြင် ဆင်နေတယ်လို့ ဦးမြင့်ကြိုင်ကပြောပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနဲ့ အိမ်ထောင်စုအကြောင်းအရာ အချက်အလက်အရ မြန်မာနိုင်ငံမှာ အိမ်ထောင် စု ၁၁သန်းကျော်အထိရှိပါတယ်။
စစ်ကောင်စီက ကောက်ယူပြီးစီးခဲ့တယ်ဆိုတဲ့ တိုင်းနဲ့ ပြည်နယ်တွေရဲ့အိမ်ထောင်စု စုစုပေါင်းကိုတော့ အတိအကျထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
အဲဒီအိမ်ထောင်စုစာရင်းတွေကောက်ယူချိန်မှာလည်း စစ်ပွဲ၊ ပစ်ခတ်မှုတွေဖြစ်နေတဲ့ စစ်ကိုင်း၊ မကွေး၊ ကယား၊ ကရင်၊ ချင်း အပါအဝင် ဒေသအချို့မှာတော့ ကွင်းဆင်းလာရောက်ကောက်ယူတာမျိုးမရှိခဲ့ဘူးလို့ အဲဒီဘက်က ဒေသခံတွေက ဝေဖန်ပြောဆိုကြပါတယ်။








