‌ရွှေနဲ့ ပယင်း ထွက်ရာ ဒေသက တိုက်ပွဲများ

ရေးသားခဲ့သည်။

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းနယ်မြေထဲက ဝါရာဇွပ်တိုက်နယ်ကို ကန့်သတ်နယ်မြေ ဆိုပြီး ကေအိုင်အေ ဘက်ကအခုရက်ထဲ စာထုတ်ပြန်လိုက်ပြီး စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တွေနဲ့ စစ်ရေးတင်းမာနေပါတယ်။

ဒီလို ကန့်သတ်နယ်မြေ အဖြစ် ကေအိုင်အေက အသိပေးထုတ်ပြန်ချက်ထုတ်ပြီးတဲ့ နောက် ဟူးကောင်းခရိုင်အတွင်း ဇွန် ၂၅ ရက်မှာ စစ်ကောင်စီဘက်က လေယာဉ်ပျံသန်းမှုတွေရှိသလို လက်နက်ကြီးသံတွေ ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းကလည်း ဟူးကောင်းနယ်ထဲ တနိုင်းမြို့ အနီးက ဘန်ကောက်ကျေးရွာနဲ့ ကိုင်းတော ဘက်မှာ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး လေကြောင်းနဲ့ ဗုံးကြဲတာတွေ ရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ဝါရာဇွပ်တိုက်နယ်ဟာ စစ်ကောင်စီလက်အောက်ခံ ရှဒူးဇွပ် ပြည်သူ့စစ်ထိန်းချုပ်ထားတဲ့နယ်မြေ လိုဖြစ်နေပြီး အခုလို ကေအိုင်အေက ထုတ်ပြန်လိုက်တဲ့အတွက် ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ နဲ့ ရှဒူးဇွပ်ပြည်သူ့စစ်ကြား နှစ်ဖက် စစ်ရေးတင်းမာနေကြတာလို့ ဒေသခံတွေက ဆိုပါတယ်။

ကေအိုင်အေဘက်က ထုတ်ပြန်ချက်ထဲမှာတော့ ဝါရာဇွပ် တိုက်နယ်အတွင်းမှာ ငါးဖမ်းခြင်း၊ တောင်ယာ စိုက်ခင်း၊ လယ်ယာမြေ လုပ်ကိုင်သူတွေအပါအဝင် စက်ယန္တယားကြီးတွေနဲ့ရွှေတူးဖော်သူတွေ ၊ တစ်ပိုင်တနိုင် ရွှေတူးဖော်သူတွေအပါအဝင် အလုပ်အကိုင်မရှိတာ အကြောင်းပြပြီး အကြောင်းမဲ့ လာရောက်နေထိုင်သူတွေဟာ ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့ နောက်ဆုံးထားထွက်ခွာဖို့ ရေးထားပါတယ်။

အဲဒီ ဝါရာဇွပ်တိုက်နယ်ဟာ ရွှေနဲ့ ပယင်း အဓိက ထွက်ရှိတဲ့နေရာဖြစ်တာကြောင့် အခုလို နှစ်ဖက်တပ်တွေကြားမှာ နယ်မြေစိုးမိုးဖို့ အပြိုင်ကြိုးပမ်းလာတာလို့ ‌ဒေသခံတွေက သုံးသပ်ကြပါတယ်။

ကေအိုင်အေ ရဲ့ အကြောင်းပြချက်

ကေအိုင်အေ အပြောအရ ပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းဇင်းသန့် ဦးဆောင်တဲ့ ပြည်သူ့စစ် အဖွဲ့တွေက ဝါရာဇွပ် တိုက်နယ်အတွင်း မိုင်းထောင်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေအပြင် လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေ ရှိခဲ့တဲ့အတွက် ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်ပျက်စီးမှာကို စိုးရိမ်တာကြောင့် ကန့်သတ်ရတာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဝါရာဇွပ်ဌာနေ ပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းဇင်သန့် ကတော့ '' ဒါ တကယ်တော့ စဉ်းစားကြည့်ရင်တော့ ရှင်းရှင်းလေးပေါ့ တကယ်တမ်း အရပ်သားပြည်သူတွေ သွားတဲ့လမ်းမှာ မိုင်းထောင်နေတယ် ဆိုရင် အရပ်သားပြည်သူလူထု မိုင်နင်းတာကိုတွေ့ရမယ်လေ။ အရပ်သားပြည်သူလူထု လှုပ်ရှားသွားလာနေတယ် ဆိုကတည်းက အဲဒီနေရာမှာဘာမှမရှိဘူးပေါ့။ မိုင်းထောင်ထားတာလည်းမရှိပါဘူး'' လို့တုံ့ပြန်ပါတယ်။

ဒါ့ အပြင် ဒရုန်းနဲ့ ဗုံးကြဲလို့သေဆုံးတဲ့ အရပ်သားဒဏ်ရာရသွားတဲ့ အရပ်သားရှိတယ်ဆိုရင် ဌာနေ ပြည်သူ့စစ်တွေအနေနဲ့ တာဝန်ယူနိုင်ကြောင်းနဲ့ ဗုံးကြဲလို့ သေဆုံးထိခိုက်သွားတဲ့အရပ်သားလည်းမရှိဘူးလို့ ဆိုပါတယ်။

ကေအိုင်အေ တပ်ဖွဲ့ဝင်တွေဟာ ဌာနေပြည်သူ့စစ်နဲ့ နီးတဲ့ နေရာ မီတာ နှစ်ထောင်ဝန်းကျင်လောက်မှာ တပ်စွဲထားတာတွေရှိလို့ လုံခြုံရေးအရ မဖြစ်မနေ ဒရုန်းနဲဗုံးကြဲတာတွေတော့ရှိတယ်လို့ ဝါရာဇွပ်ဌာနေ ပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းဇင်သန့်က ဆက်ပြောပါတယ်။

ဝါရာဇွပ်ဌာနေ ပြည်သူ့စစ်ဘက်ကလည်း ကေအိုင်အေတပ်ဖွဲ့ဝင်တွေက အရပ်သားတွေကို ဖမ်းဆီးမှုတွေရှိတယ်လို့ ပြောလာပါတယ်။ အရပ်သားပြည်သူ အယောက် ၅၀လောက် ဖမ်းဆီးခံရသလို တချို့ အုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးချုပ်နှောင် နှိပ်စက်တာမျိုးတွေရှိတယ်လို့ စွပ်စွဲပါတယ်။

ဒီလို လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ကြား နှစ်ဖက်အပြန်အလှန်စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ ဘီဘီစီကသီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

ကေအိုင်အေပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို ဘီဘီစီက ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒေသခံတွေ စိုးရိမ်မှုတွေရှိ

ကေအိုင်အေ ဘက်က အဲဒီနယ်မြေထဲမှာရှိနေသူတွေ ဇွန်လ ၂၅ ရက်မှာ နောက်ဆုံးထွက်ခွာဖို့ သတိပေးထားပေမဲ့ ‌အဲဒီမှာနေထိုင်သူတွေကတော့ အခြေအနေကိုစောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

ရှဒူးဇွပ်ရွာဟာ ဟူးကောင်းချိုင့်ဝှမ်းဒေသ အတွင်းမှာပါတဲ့နေရာတစ်နေရာဖြစ်သလို မြစ်ကြီးနားကနေ တနိုင်းမြိုကို သွားရင် ဖြတ်သွားရတဲ့ ခရီးတစ်ထောက်နားတဲ့နေရာဖြစ်ပါတယ်။

အခု ကေအိုင်အေ ရဲ့ ကန့်သတ်နယ်မြေထဲ စံပြ၊ အောင်ရာ ၊ ဘန်ကောက်ကျေးရွာနဲ့ ယုဇန စက်ရုံဟောင်း အနောက်ဘက် ခြမ်း နဲ့ ရှဒူးဇွပ်ကျေးရွာအပါအဝင် အနည်းဆုံး ၁၀ရွာလောက် ပါနေပြီး ဒေသခံ ရာချီနေထိုင်ကြတာလည်း ဖြစ်ပါတယ်။

ရှဒူးဇွပ်ရွာကို ဝါရာဇွပ် ဌာနေပြည်သူ့စစ်တွေက လုံခြုံရေးယူထားသလို ရွာအနီးဝန်ကျင်တစ်ဝိုက်မှာလည်း နယ်မြေစိုးမိုးမှု ယူထားတဲ့အနေအထားဖြစ်ပါတယ်။

လက်ရှိမှာတော့ ကေအိုင်အေ ဘက်က ထုတ်ပြန်ချက်ကြောင့် ရွှေမှော်မှာ တပိုင်တနိုင် ရွှေတူးဖော်သူတွေ ပြန်ကြရသလို လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူတွေလည်း စိုးရိမ်စိတ်တွေ နဲ့ အခက်တွေ့နေကြတယ်လို့ဆိုပါတယ်။

ဒေသအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ ကြား စစ်ရေးတင်းမာမှုတွေကြောင့် အဲဒီနယ်မြေထဲ လုပ်ကိုင်စားသောက်နေတဲ့ လက်လုပ်လက်စား ဒေသခံတွေ မှာ နေထိုင်ရေးနဲ့ လုံခြုံရေး အခက်အခဲတွေ ရှိလာကြပါတယ်။

ရှဒူးဇွပ် ကျေးရွာ အတွင်းမှာ နေထိုင်တဲ့ ဒေသခံအများစုကတော့ ကျပန်းအလုပ်တွေအပြင် ၊ တောင်ယာ ၊လယ်ယာ နဲ့ တပိုင်တနိုင် ရွှေတူးဖော် တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်စားသောက်ကြတာဖြစ်ပါတယ်။

လက်ရှိချိန်ဟာ မိုးရာသီကာလဖြစ်သလို စပါးပျိုးချိန်ဖြစ်တာကြောင့် လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုတွေကြားမှာ စပါးပျိုးတွေ ကို ဆက်မစိုက်နိုင်ဘဲ ထားခဲ့ရတဲ့ အခြေအနေကြုံနေရတယ်လို့ လယ်စိုက်‌တောင်သူအချို့ကပြောပါတယ်။

''မနေ့ကဆို တိုက်လေယာဉ် လေယာဉ်ပျံတာတွေ့ရပြီး လက်နက်ကြီးသံတွေကြားတယ်'' လို့ ဒေသခံတစ်ယောက်က ဆက်ပြောပါတယ်။

လက်နက်ကြီးသံတွေ မကြာမကြာ ကြားနေရတာကြောင့် သတိနဲ့အလုပ်လုပ်နေကြရတဲ့ အခြေအနေလို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒါပေမဲ့ အများစုကတော့ စားဝတ်နေရေး အတွက် မဖြစ်မနေ လုပ်ရမှာဖြစ်လို့ သတ်မှတ်ထားတဲ့ ကန့်သတ်နယ်မြေအတွင်းမှာလည်း သွားရောက်လုပ်ကိုင်ကြရမှာပဲလို့ ဆိုပါတယ်။