ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့ပယင်းရှာပုံတော်
ဟူးကောင်းချိုင့်ဝှမ်း မြန်မာပြည်မြောက်ဖျားတစ်နေရာက ဘားမိုက်တွေဟာ ဟိုးအရင် ကတော့ အခြားနာမည်ကျော် တွင်းထွက်တွေဖြစ်တဲ့ ကျောက်စိမ်းတို့ ရွှေတို့လိုသိပ်ပြီး ရေပန်းမစားလှပါ။ ဒါပေမဲ့ အခုရက်ပိုင်း ကမ္ဘာ့သတင်း စာမျက်နှာတွေမှာ ဘားမိုက် အကြောင်းတွေ တစထက်တစ ပိုပြီးနာမည်ကျော်လာနေပါတယ်။
ဘားမိုက် လို့ခေါ်တဲ့ အနီရောင်သန်းတဲ့မြန်မာ့ပယင်းကို စိတ်ဝင်စားကြတာထက် ပယင်းထဲမှာ ပါနေတဲ့ အကောင်တွေကို စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ နန်ကျင်းဘူမိဗေဒနဲ့ ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာရေးဌာနက ပါမောက္ခ ဝန်ဘိုက ကချင်ပြည်နယ်က ပယင်းကျောက်ထဲမှာ ကမ္ဘာဦးခေတ် ခရုတကောင် ကျောက်ဖြစ်ရုပ်ကြွင်းကို ပထမဆုံးတွေ ရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတကာ သတင်းစာတွေ မှာရေးပါတယ်။
ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းကိုးဆယ်ကျော်က ပင်လယ်သတ္တဝါလေးတကောင်ကို ပယင်းထဲမှာ ရုပ်လုံးမပျက်ရှာဖွေတွေ့ရှိတာဖြစ်ပြီး ရှားပါးတဲ့ တွေ့ရှိမှုတခုဖြစ်ပါတယ်။
"ဘူမိဗေဒ ပညာရပ် လေ့လာမှုတွေကတော့ ဒီပယင်းတွေဟာ ဒီသက်တမ်းရှိတယ် ဆိုတာကို အားလုံးလက်ခံပြီးသားဖြစ်ပါတယ်။ အခုတွေ့တာက ပင်လယ်ရေနက်ထဲမှာ ရှိတဲ့ ခရုတစ်မျိုးက ကုန်းပေါ်က သစ်ပင်ကဖြစ်တဲ့ ပယင်းထဲမှာပါတာ၊ နည်းနည်းတော့ထူးဆန်းနေတဲ့ သဘောရှိတယ်။" လို့လွှတ်တော် သယံဇာတနဲ့သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း ကပြောပါတယ်။
ပယင်းဘယ်လိုဖြစ်လာတာလဲ
များသောအားဖြင့် သစ်ပင်တွေရဲ့အစေးကနေ ဖြစ်တည်လာတဲ့ပယင်းတုံးတွေမှာ သစ်တောတွေမှာ မှီခိုနေတဲ့အကောင်ပလောင်တွေပဲ တွေ့ရလေ့ရှိပါတယ်။
သူတို့ဟာ သစ်ပင်တွေရဲ့ သစ်စေးတွေနဲ့ ငြိမိပြီးမရုန်းနိုင်ဘဲ သေဆုံးပိတ်မိခဲ့ကြတာပါ။
ဒီပယင်းထဲက အမြောက်အများ တွေ့ရတဲ့အရာတွေ အထဲမှာ တိရစ္စာန်မျိုး အကောင်ပလောင်ပေါင်း ၄၀ လောက်ရှိတယ်လို့သိရပါတယ်။
များသေားအားဖြင့် ပယင်းတွေထဲမှာ ခြတွေအများဆုံးတွေ့ရလေ့ရှိပါတယ်။
"ဒါပေမဲ့ အခုလို ပင်လယ်သတ္တဝါ အကောင်လေးတွေပါပါတဲ့ ပယင်းကတော့ ထူးဆန်းနေတယ်။ တကယ့်ကို ဆက်လေ့လာရင်တော့ အဖြေတစ်ခုတော့ ထွက်မယ်လို့ ထင်ပါတယ်"လို့ ဦးစိုးသူရထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်၊ ဟူးကောင်းတောင်ကြား တနိုင်းနယ်နဲ့ စစ်ကိုင်းတိုင်း၊ ခန္တီးနယ်တို့က ပယင်း အဓိကထွက် ရှိပါတယ်။ မြန်မာနိုင်ငံအပြင် ပယင်း ထွက်ရှိတဲ့ တခြားနိုင်ငံတွေကေတာ့ ပိုလန်၊ ရိုမေးနီးယား၊ ကနေဒါနဲ့ အမေရိကန်တို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ထွက်တဲ့ပယင်းက အရည်အသွေးကောင်း ဈေးရနိုင်ပြီး သစ်ကိုင်းတွေ၊ အင်းဆက်ပိုးကောင်တွေ ပါဝင်နေတာကြောင့် ဈေးပိုရတယ်လို့ သိရပါတယ်။ သစ်ပင်ရဲ့အစေးက ဖြစ်လာတဲ့ ပယင်းထဲမှာ သစ်ပင်ရဲ့ အစအနတွေ၊ သစ်ရွက်၊ ပျား၊ လိပ်ပြာ၊ ပုရွက်ဆိတ်၊ပိတုန်း စတဲ့ အကောင်ငယ်တွေ ရုန်းထွက်မရတော့ဘဲ သစ်စေးများတွေနဲ့ အတူ နှစ်သန်းပေါင်းများစွာ ကြာတဲ့ အခါမှာ ပယင်းရုပ်ကြွင်းအဖြစ် ပါဝင်နေတတ်တာ ဖြစ်ပါတယ်။
ဒီပယင်းလေးက မြန်မာပြည်ထဲကဘယ်လိုထွက်သွားလဲ
အဲဒီခရုတကောင် ကျောက်ဖြစ်ရုပ်ကြွင်းကို ပယင်းထဲမှာ တွေ့ရတဲ့ ပယင်းလေးဟာ မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ် တစ်နေရာက ရလာတာလို့ ပညာရှင် သုတေသီတွေက ပြောပါတယ်။
"ပယင်းက မြန်မာ့ကျောက်မျက်ဥပဒေထဲမှာပဲရှိတယ်။ အရင် ဥပဒေတွေအရ ဆိုရင်တော့ နိုင်ငံခြားသားဝယ်လို့ မရဘူး။ ကျောက်မျက်ပြပွဲမှာပဲ လေလံပစ် ပြီးဝယ်လို့ရတယ် "လို့လည်း ဦးစိုးသူရထွန်းက ရှင်းပြပါတယ် ။
အဲဒီ့ပယင်းထဲမှာ ရစ်ခွေခရုကောင်လေးရဲ့ အပေါ်ယံ အခွံပဲ့နေပြီး အတွင်းခရုခွံထဲမှာ သဲတွေပြည့်နေတာကို တွေ့ရပါတယ်။
ဒါ့အပြင် သဲတွေကိုလည်း မြင်ရပါတယ်။ ဒါတင်မက သစ်ပင်တွေ အနီးအနားမှာနေတဲ့ ပိုးကောင်မွှားကောင်တွေလည်း ပါနေပါတယ်။
ဒါကြောင့် ဒီပင်လယ်ကမ်းခြေက အကောင်လေးတွေဟာ သစ်စေးထဲမှာ မပိတ်မိခင်မှာပဲ ပင်လယ်ကမ်းခြေမှာ သေဆုံးခဲ့တာဖြစ်နိုင်ပါတယ်။
ပင်လယ်ကမ်းခြေပေါ်ကို သစ်စေးတွေ ပြုတ်ကျခဲ့တာဖြစ်ပြီး အဲ့ဒီ့ခေတ်ကာလက ပင်လယ်ကမ်းခြေ ပတ်ဝန်းကျင်ပုံစံလေးက သစ်စေးကနေဖြစ်လာတဲ့ ပယင်းတုံးထဲမှာ ပိတ်မိနေခဲ့တာဖြစ်မယ်လို့ သုတေသီတွေ ကပြောပါ တယ်။
ပယင်းတုံးထဲက ပိုးကောင်မွှားကောင်တွေကတော့ သစ်ပင်ပေါ်က သစ်စေးတွေ ပင်လယ်ကမ်းခြေပေါ် ပြုတ်မကျခင် ကတည်းကအရင် ပိတ်မိနေတာ ဖြစ်မယ်လို့ ဆိုပါတယ်။
ဒီပယင်းလေးဟာ တရားဝင် ထွက်သွားတာလား၊ ဥပဒေမဲ့ နယ်စပ်ဒေသကနေ မှောင်ခိုထွက်သွားတာလား ၊တိတိကျကျ မပြောနိုင်ပေမဲ့ ဖြစ်နိုင်ခြေ ကတော့ ကချင်ပြည်နယ် ဈေးကွက် တစ်နေရာကနေ လွတ်ထွက်သွားတာ ဖြစ်နိုင်တယ်လို့လည်း မြန်မာဘူမိပညာရှင်တွေက ယူဆကြပါတယ် ။
ဒိုင်နိုဆောအမြီးကိုရှာဖွေတွေခဲ့ ကြအပြီး မြန်မာပယင်းဈေး ကွက်
၂၀၁၅ခုနှစ်က မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်ကနေ နှစ်ပေါင်း၉၉သန်း သက်တမ်းရှိ ပယင်းတုံးလေးထဲ ကပ်ငြိနေတဲ့ ကမ္ဘာ့ပထမဆုံး ပုံပန်းမပျက်ရှိနေတဲ့ နိုဆောအမြီးကို ရှာဖွေတွေခဲ့ ကြပါတယ်။ ဒီနောက် မြန်မာ ပယင်းဈေးကွက်ကို နိုင်ငံတကာက ပိုပြီးစိတ်ဝင်စားကြပါတယ်။
အခုတော့ ပယင်းဈေးကွက်က ပြောင်းလဲလာပါပြီ။ နောက်ဆုံးအတည်ပြုထားတဲ့ ကျေက်မျက်ရတနာ ဥပဒေအရ ကိုယ့်လက်ထဲမှာ တရားဝင်ရထားတဲ့ ဘယ် ရတနာကို မဆို မြန်မာနိုင်ငံသားေတွဟာ တရားဝင် အခွန်ဆောင်ပြီး ပို့လို့ ရပါပြီ လို့ ဦးစိုးသူရထွန်းကပြောပါတယ်။
ဒိုင်နိုဆောအမြီး ကျာက်ဖြစ်ရုပ်ကြွင်းကိုပညာရှင်ရှန်ကဒေသခံအယောင်ဆောင်ပြီးလက်နက်ကိုင် တွေထိန်းချုပ်ထားတဲ့ ကချင်ဒေသကို သွားခဲ့တဲ့ဇာတ်လမ်းတွေကတော့ ကမ္ဘာ့သတင်းစာမျက်နှာတွေ ပြောစမှတ် ဖြစ်ကြပါ တယ်။
"အရင်တုန်းက ခိုးကြောင်ခိုးဝှက် လုပ် ခဲ့ကြလို့ တရားမဝင် ဖြစ်ခဲ့ကြတာ"လို့ လည်း သူကပြောပါတယ် ။
မြန်မာ ပယင်းရောင်းဝယ်မှုတွေ ဒေါ်လာသန်းထောင်ချီနေ တယ် လို့လည်း တချို့ကခန့်မှန်း ကြပါတယ်။
ပယင်းဈေးကွက် အလားအလာ
သစ်စေးသစ်ပင်ကနေ ဖြစ်တည်လာတဲ့ ပယင်းကျောက်ဟာ ကျန်းမာရေးအတွက် ကောင်းတယ်လို့လည်း အယူရှိ ကြတာကလွဲလို့ ဒေါ်လာသိန်းသန်းချီရနိုင်တယ်ဆိုတာ ဒေသခံ အများစု မသိကြပါဘူး။
ညိုမှိုင်းနေတဲ့ တခါတရံ အသိရခက်လှတဲ့ ကချင်တောင်တန်းတွေပေါ်ကနေ ဒိုင်နိုင်ဆောမျိုးစိတ်တွေ့ရမယ့် ပယင်းတုံးတွေ ပေါ်လာမယ့် အလားအလာတွေ ရှိနေတယ် ဆိုတာကို ပယင်းကျောက်နဲ့ ပတ်သက်ပြီး ဗဟုသုတ ရှိသူ အတော်များများ သိနားလည်ကြပါတယ်။
လက်တလော တရားမဝင် ဈေးကွက်နဲ့ ပတ်သက်လို့ကတော့ လွှတ်တော်ဘက်က သီးခြား ပြောတာမျိုးမရှိပါဘူး။
ပယင်းဟာ မြေကြီးကတူးဖော် ရရှိတာ ဖြစ်တဲ့အတွက် နောက်ဆုံးအတည်ပြုထားတဲ့ ကျေက်မျက် ရတနာ ဥပဒေ အတိုင်းပဲ ဖြစ်ပြီး ပုလဲလို သီးခြားဥပဒေ မရှိဘူးလို့ လည်း လွှတ်တော်ဘက် ကပြောပါတယ် ။
အခုနောက်ဆုံးတွေ့ရှိခဲ့တဲ့ ပင်လယ်ထဲက ရေသတ္တဝါဟာ သာမန်အားဖြင့်တော့ သစ်ပင်က ဖြစ်တဲ့ ပယင်းထဲကို ရောက်စရာမရှိပါဘူး။ ပညာရပ် ပိုင်းအရ ထူးခြားပေမဲ့ မြန်မာနိုင်ငံက သုတေသနကို တွန်းအားမပေးတဲ့ နိုင်ငံမှာဖြစ်လို့ တရုတ်သုတေသနလုပ်သူတွေဆီကို ရောက်တာ ဖြစ်ပါတယ် ။
အခုဟာက သူတို့ကိုယ်တိုင် ရှာဖွေတွေ့တဲ့ ရုပ်ကြွင်းမဟုတ်ဘူး မြန်မာပြည်က ပယင်းကို ဝယ်လေ့လာရာကနေ တွေ့တာပါ။ ကချင်ဒေသဘက် ငြိမ်းချမ်းလာရင်တော့ ဒီဘက်က ပညာရှင်တွေလည်း ပိုသွားလေ့လာနိုင်သလို ဈေးကွက်လည်း ပိုပြီး ကောင်းလာမယ်လို့ထင်ပါတယ်လို့ ဦးစိုးသူရထွန်းကပြောပါတယ်။