ပုလဲနယ်မှာ ဖုန်းလိုင်းဖြတ်ပြီး ရဟတ်ယာဉ်နဲ့ပစ်

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းက ဖလံပင်ရွာ ပတ်လည်နဲ့ ပုံတောင်တောင်ကြောတွေဘက်ကို ဒီကနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ လာရောက်ပစ်ခတ်နေကြောင်း ဒေသကာကွယ်‌‌ရေးတပ်တွေက ပြောပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ်ခန့်မှာ ရဟတ်ယာဉ်တစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး  ၊ စုစုပေါင်း ၃ ကြိမ်ခန့် ရဟတ်ယာဥ်နဲ့ လာရောက်ပြီး ပစ်ခတ်ခဲ့တယ်လို့ သူတို့ကပြောပါတယ်။

တစ်ကြိမ်ကို တစ်နာရီကျော်အထိ ကြာအောင် ကျေးရွာတွေဘက်ကိုပစ်ခတ်တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောကြပါတယ်။

မြေပြင်ကစစ်ကြောင်းတွေနဲ့လည်း ဒီကနေ့ တစ်နေ့လုံးနီးပါး ထိတွေ့ တိုက်ပွဲတွေ မကြာခဏဖြစ်ခဲ့တယ်လို့ ပြောကြပါတယ်။

 ပစ်ခတ်မှုကြောင့် ထိခိုက်မှုနဲ့ အသေးစိတ်အခြေအနေတွေကိုတော့ လတ်တလောမသိရသေးပါဘူး။

  ဒါပေမဲ့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးရုံးဝင်းအတွင်းမှာ အလောင်း ၁၀ လောင်းခန့်ကျန်နေခဲ့တာတွေ့ရတယ်လို့ ‌ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။

ဒီရုပ်အလောင်းတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ အခုလို ပစ်ခတ်မှုကြောင့် ပုလဲမြို့နယ်ထဲက ဖလံပင်နဲ့ နွယ်အင်းကျေးရွာအပါအဝင် အနီးဝန်းကျင်ရွာများ ဒေသခံ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ထွက်ပြေးနေသူ ဒေသခံ အရေအတွက် တစ်သောင်းကျော်ခန့်ရှိမယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကျေးရွာတွေတစ်ဝိုက်က စစ်တပ်ကို ထောက်ခံတဲ့ အင်းမထီးကျေးရွာက လူအချို့ကို စစ်ကောင်စီတပ်တွေနဲ့ အတူ ရဟတ်ယာဥ်နဲ့တင်ပြီး ခေါ်သွားတာတွေ့ရကြောင်းလည်း သူတို့ကပြောပါတယ်။   

 ရဟတ်ယာဥ်နဲ့ စစ်ကြောင်းတွေရွှေ့ပြောင်းပြီး တိုက်ခိုက်တဲ့နည်းသုံးလာ

ဖလံပင်ကျေးရွာနီးက ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပအဖ စခန်းနဲ့ ပုလဲတပ်ရင်း(၁) တပ်ခွဲတစ်ခုကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၅ ရက်ညနေပိုင်း ရဟတ်ယာဉ်ငါးစီးနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က အဆိုပါစီးနင်းမှုအတွင်းမှာ အချုပ်ခန်းဖောက်ကာ ပျူစောထီးများနဲ့ ဒလန်တွေကို ခေါ်ထုတ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။  စစ်ကောင်စီဘက်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့က ပုလဲနယ် ဖလံပင်ကျေးရွာ မြောက်ယမားဆည် အနီးမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အရာရှိဇနီး အပါအဝင်  ၂၆ ဦးကို ကယ်ထုတ်နိုင်တယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။

NUG လက်အောက်မှာရှိတဲ့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးရုံးကို စစ်ကောင်စီက ရဟတ်ယာဉ် ၅ စီးနဲ့ ၀င်ရောက်စီးနင်းခဲ့တာကြောင့် ဒေသတွင်း ပြစ်မှုကျူးလွန်လို့ ထိန်းသိမ်းထားတဲ့ အချုပ်သားတွေ လွတ်မြောက်သွားပြီး အုပ်ချုပ်ရေးရုံးမှာ ၀င်ရောက် အလုပ် လုပ်ကိုင်နေတဲ့ ဒေသခံနှစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

 ဒီလို ဝင်ရောက်စီးနင်းခဲ့တာဟာ စစ်ကောင်စီဘက်က ဗိုလ်ကြီး ကတော်တစ်ဦးကို ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၀င်တွေက ဖမ်းမိထားတာရှိပြီး ထိန်းသိမ်းထားတဲ့နောက်မှာ ဗိုလ်ကြီးက စစ်ကောင်စီဘက်ကို အကူအညီတောင်းလို့ ကယ်ဆယ်ရေး မစ်ရှင် လုပ်တယ် လို့ သတင်းကြားရတယ်လို့ ဆိုပါတယ်။

“ စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့ ပြည်သူတွေ ညှဉ်းပန်းနှိပ်စက်ပြီး ဖမ်းဆီးထားတယ်ဆိုတာ လုံး၀ မဟုတ်ပါဘူး။ ဒါက ရာဇ၀တ်မှုကျူးလွန်ထားသူတွေနဲ့ ပျူစောထီးတွေကို ထိန်းသိမ်းထားတာပါ။ ကျွန်တ်ောတို့က NUG လက်အောက်မှာရှိတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ အချုပ်သားတွေကို လူ့အခွင့်အရေးအပြည့်အ၀နဲ့ ထိန်းသိမ်းထားတာပါ။ ကိုယ်၀န်ဆောင်သည်တွေပါတာတောင် ဆရာ၀န်နဲ့ သေချာ မွေးဖွားပေးခဲ့တာပါ။ “ လို့ စစ်ကောင်စီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

 စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းအတွင်း မြေပြင်စစ်ကြောင်းထိုးတာထက် အခုရက်ပိုင်း ရဟတ်ယာဥ်တွေသုံးပြီး စစ်ကြောင်းထိုးတာတွေ ပိုလုပ်လာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

 ဒီကနေ့ အောက်တိုဘာလ ၂၇ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရုံးကို ဒေသကာကွယ်ရေးတပ်တွေက ပြန်သိမ်းခဲ့ပြီး စစ်တပ်က ပြန်ဆုတ်သွားပြီးလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ပုလဲနယ်ထဲမှာ မြေပြင်စစ်ကြောင်းမထိုးတာ တစ်နှစ်ကျော်ကြာပြီဖြစ်ပြီး အခုအလိုရုတ်တရက် လေကြောင်းကတစ်ဆင့် စစ်ကြောင်းထိုးတဲ့အတွက် အရပ်သားအချို့ ဖမ်းဆီးခံရမှု ရှိနိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ပုလဲမြို့နယ်ဟာ မြေပြန့်တစ်ဝက်တောင်ပေါ် ဒေသဖြစ်ပြီး အခုပစ်ခတ်ခံရတဲ့‌ဒေသဟာ ပုံတောင်တောင်ကြောဘက်က ရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပါတယ်။