စက်တင်ဘာ ၅ ရက် ထိပ်တန်းသတင်းများ - မြန်မာ့အရေးဖြေရှင်းဖို့ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်ကိုင်ထားမယ်

အာဆီယံအလှည့်ကျဥက္ကဋ္ဌအင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒို

ဓာတ်ပုံ ရင်းမြစ်, ASEAN

ရေးသားခဲ့သည်။

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဟာအာဆီယံရဲ့ အဓိကလမ်းညွှန်ချက်အနေနဲ့ ရှိနေဆဲပဲလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌအင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒိုကဒီကနေ့ စက်တင်ဘာ ၅ ရက် ကပြုလုပ်တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာပြောပါတယ်။

ဒါ့အပြင်အလှည့်ကျဥက္ကဋ္ဌအင်ဒိုနီးရှားအနေနဲ့ မြန်မာ့အရေးဖြေရှင်းဖို့အတွက်ပြင်းပြင်းထန်ထန်အားထုတ်ခဲ့ပြီး ၉ လအတွင်းမှာ ဘက်ပေါင်းစုံကအဖွဲ့အစည်းစုံ ၇၀ နဲ့ ၁၄၅ ကြိမ်ကျော် တွေ့ဆုံထားတယ်လို့ သမ္မတဂျိုကိုဝီဒိုဒိုကပြောပါတယ်။

ဒီလိုတွေ့ဆုံခဲ့တဲ့နောက် အင်ဒိုနီးရှားအနေနဲ့ သိခဲ့ရတာက ဘက်ပေါင်းစုံကသူတွေကြားမှာယုံကြည်မှုတွေရှိနေကြပြီး စစ်တပ်နဲ့ပတ်သက်ရင်တော့ယုံကြည်မှုမရှိဘူးလို့ထည့်ပြောပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ရင် အမြင်သဘောထားတွေကိုပွင့်လင်းလွတ်လပ်စွာဆွေးနွေးကြဖို့လည်း သမ္မတဂျိုကိုဝီဒိုဒိုကတိုက်တွန်းပါတယ်။

မြန်မာရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကိုအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ကိုလည်းထပ်ပြီးတိုက်တွန်းသွားပါတယ်။မြန်မာ့အရေးဖြေရှင်းဖို့နဲ့ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်နိုင်မှုကို ပြန်သုံးသပ်မှာဖြစ်ပြီး ပိုကောင်းမယ့်နည်းလမ်းတွေကို ဆွေးနွေးကြဖို့လည်းပြောပါတယ်။

ဒါ့အပြင် အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးစင်တာ AHA ကလည်း မြန်မာနိုင်ငံတွင်းမှာလိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးနိုင်ခဲ့ပေမယ့် လိုအပ်ချက်တွေက အများအပြားရှိနေ‌သေးတယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံဘုံသဘောတူညီချက် ၅ ချက် ရဲ့ အကောင်အထည်ဖော်နိုင်မှုနဲ့ ‌တောင်တရုတ်ပင်လယ်ပြင်အရေး နှစ်ခုကို ဒီကနေ့ အာဆီယံထိပ်သီးဆွေးနွေးပွဲ ရဲ့ အဓိကခေါင်းစဥ်အနေနဲ့ ဆွေးနွေခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ဧပြီ ၂၄ ရက် ဂျာကာတာ အစည်းအဝေးကနေ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ရေး ၊သက်ဆိုင်သူတွေ တွေ့ဆုံ ဆွေးနွေးရေး ၊ အဲဒီလို ဒိုင်ယာလော့ဂ်တွေ ဖြစ်လာဖို့ အာဆီယံ အထူးသံက ကြားဝင် ညှိနှိုင်းပေးရေး ၊ အာဆီယံကတဆင့် စာနာမှု အကူအညီတွေ ပေးရေးနဲ့ အာဆီယံ အထူးသံ မြန်မာပြည်ကို လာပြီး သက်ဆိုင်တဲ့ အဖွဲ့တွေ အားလုံးနဲ့ တွေ့ဆုံရေး တို့ဖြစ်ပါတယ်။

တရုတ်စစ်တပ်ရဲ့ တောင်ပိုင်းစစ်နယ်ဝန်းကိုယ်စားလှယ်အဖွဲ့ နေပြည်တော် လာရောက်

တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို ရောက်နေ

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို ရောက်နေ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ် ဒုတိယဌာနချုပ်မှူး Vice Admiral Liu Zizhu ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို ရောက်နေပြီး စက်တင်ဘာ ၄ ရက်က ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး နဲ့ တွေ့ဆုံခဲ့ပါတယ်။

တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ် က မြန်မာ အပါအဝင် လာအို၊ ဗီယက်နမ် နဲ့ တောင်တရုတ်ပင်လယ်အရေးကို ကိုင်တွယ်ရတဲ့ အရေးကြီးတဲ့ စစ်ရေးဌာနချုပ်ဖြစ်တယ် လို့ လုံခြုံရေးဆိုင်ရာ အရပ်ဖက် အဖွဲ့တွေထံက သိရပါတယ်။

နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဖို့၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် သင်တန်းဆိုင်ရာကိစ္စရပ်တွေကိုပါ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

အာဏာမသိမ်းခင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ခရီးစဉ်တချို့မှာ ကွမ်ကျိုးက တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ် ကို သွားရောက်လေ့ရှိပါတယ်။

စစ်ကောင်စီကို လက်နက်သွင်းတဲ့ လုပ်ငန်းရှင် ကိုးဦး က ဘယ်သူတွေလဲ

ဦးတေဇ၊ ဦးနိုင်ထွဋ်အောင် နဲ့ ဦးအောင်လှိုင်ဦး

ဓာတ်ပုံ ရင်းမြစ်, JFM

ဓာတ်ပုံ ပုံစာ, ဦးတေဇ၊ ဦးနိုင်ထွဋ်အောင် နဲ့ ဦးအောင်လှိုင်ဦး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီကို ပံ့ပိုးကူညီနေတဲ့ သူဌေးတွေကို အရေးယူဖို့ ကြိုးပမ်းမှုတစ်ခုအဖြစ် နာမည်ကြီးလုပ်ငန်းရှင် ကိုးဦး ရဲ့ အမည်စာရင်းကို စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖော်ထုတ်နေတဲ့ လူ့အခွင့်အရေးအဖွဲ့ Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။

ဒီသူဌေးကြီးတွေဟာ စင်ကာပူနိုင်ငံရဲ့ စီးပွားရေး လုပ်ဆောင်ရလွယ်ကူမှုကို အသုံးပြုပြီး စစ်အုပ်စုထံ ဘဏ္ဍာငွေ၊ စစ်လက်နက်နဲ့ ဆက်စပ် ပစ္စည်းတွေ တင်သွင်းနေကြတယ် လို့ JFM က ထုတ်ပြန်ပြီး နိုင်ငံတကာက အရေးယူပိတ်ဆို့ထားခံရသူတွေ ဖြစ်ပါတယ်။

“အသက် ၃၀ အထက် မသမာသူများ (Dirty Over 30)” လို့ အမည်ပေးထားတဲ့ အဲဒီစာရင်းမှာ စစ်အစိုးရအဆက်ဆက်နဲ့ ရင်းနှီးခဲ့တဲ့ ထူးကုမ္ပဏီများအုပ်စု တည်ထောင်သူ ဦးတေဇက ထိပ်ဆုံးက ပါဝင်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိသားစု နဲ့ ရင်းနှီးတဲ့ Star Sapphire Group of Companies တည်ထောင်သူ ဦးထွန်းမင်းလတ် လည်း ဒီစာရင်းမှာပါဝင်လာပြီး သူက ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရသူလည်း ဖြစ်ပါတယ်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်(လေ) အဆက်ဆက် နဲ့ရင်းနှီးခဲ့ပြီး မြန်မာလေတပ်အတွက် လက်နက်နဲ့ အပိုပစ္စည်းတွေ တင်သွင်းခဲ့ကြတဲ့ International Gateways Group of Companies တည်ထောင်သူ ဦးနိုင်ထွဋ်အောင် နဲ့ KT Group အမှုဆောင်အရာရှိချုပ် ဂျိုနသန်မျိုးကျော်သောင်း တို့လည်း ပါဝင်ပါတယ်။

Myanmar Chemical & Machinery Group တည်ထောင်သူနှင့် မန်နေဂျင်းဒါရိုက်တာ ဦးအောင်လှိုင်ဦး လည်း ဒီစာရင်းမှာ ပါဝင်ပြီး အရှေ့ဥရောပ နဲ့ တရုတ်က ရဟတ်ယာဉ်တွေကို မြန်မာစစ်တပ်ကို တင်သွင်းသူလို့ JFM က ဆိုပြီး လူဆယ်ချီသေဆုံးခဲ့တဲ့ လက်ယက်ကုန်း လေကြောင်းတိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ MI-17 အမျိုးအစားတွေကို တင်သွင်းပေးနေသူ လို့ဆိုပါတယ်။

မြန်မာစစ်တပ်ကို လေယာဉ်အစိတ်အပိုင်းတွေ နဲ့ မစ်ဇိုင်းဒုံးတွေ အပါအဝင် လက်နက်တွေ သွင်းပေးနေတဲ့ Dynasty International ပိုင်ရှင် ဦးအောင်မိုးမြင့် လည်း ဒီစာရင်းမှာ ပါလာပြီး သူ့ရဲ့ ညီ ဦးလှိုင်မိုးမြင့် နဲ့အတူ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူခံထားရသူ ဖြစ်ပါတယ်။

ရွှေဗျိုင်းဖြူကုမ္ပဏီများအုပ်စု တည်ထောင်သူ ဦးသိန်းဝင်းဇော် ကတော့ ကာကွယ်ရေးဦးစီးချုပ်(ရေ) အဆက်ဆက် နဲ့ ရင်းနှီးသူဖြစ်ပြီး စစ်တပ်အတွက် စက်သုံးဆီတွေ တင်သွင်းပေးခဲ့သူအဖြစ် လူသိများပါတယ်။

JFM ရဲ့ စာရင်းမှာ ပါဝင်တဲ့ တစ်ဦးတည်းသော အမျိုးသမီးကတော့ Asia Sun Group of Companies တည်ထောင်သူ ဒေါ်ခင်ဖြူဝင်း ဖြစ်ပါတယ်။

သူ့ကို ‘ကျောက်ကြားရွှေ’ လို့လည်း ခေါ်ကြပြီး သူ့ရဲ့ နောက်ထပ် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Shoon Group of Companies ကနေ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းပေးနေသူ ဖြစ်ပါတယ်။

JFM ဟာ သိုသိုသိပ်သိပ်နေတတ်တဲ့ ရင်းနှီးမြှုပ်နှံသူ ဦးကျော်ကျော်ထွန်း ကိုလည်း ဒီစာရင်းမှာထည့်သွင်းဖော်ထုတ်ခဲ့ပါတယ်။

George Yin Soon လို့ လည်း အမည်ရတဲ့ စင်ကာပူအခြေစိုက် ရင်းနှီးမြှပ်နှံသူကို အွန်လိုင်း နဲ့ မီဒီယာစာမျက်နှာတွေမှာ တွေ့ရမှာမဟုတ်ဘဲ ဂေါက်ကွင်းမှာသာ တွေ့ရမယ့်သူ လို့ JFM က ညွှန်းပါတယ်။

Sentosa ဂေါက်ကလပ်မှာ သူ့ရဲ့ တစ်နှစ်အသင်းဝင်ကြေးက ဟားဗတ်တက္ကသိုလ်မှာ လေးနှစ်ပညာသင်ရင်ကုန်ကျမယ့် ငွေကြေးထက် ပိုများနေသေးတယ် လို့ JFM က ရေးသားထားပါတယ်။

မြန်မာစစ်အုပ်စုထံကို ဘဏ္ဍာငွေ နဲ့ စစ်လက်နက် ရောက်ရှိမှုကို ပိုပြီးထိရောက်အောင် ပိတ်ဆို့ဟန့်တားဖို့ စင်ကာပူနဲ့ တခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အပေါ် ဖိအားပေးဖို့ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် လှုပ်ရှားတောင်းဆိုမှုကို စတင်လိုက်တာလို့ JFM ကထုတ်ပြန်ပါတယ်။

စင်ကာပူအစိုးရဟာ မြန်မာနိုင်ငံကို စစ်လက်နက်ရောက်ရှိမှုကို ရပ်တန့်ဖို့ လူသိရှင်ကြား ကတိကဝတ် ပြုထားပေမဲ့ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုက လုံလောက်မှုမရှိဘူး လို့ JFM က ဆိုပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက ဒီနှစ်ထဲ ထုတ်ပြန်ခဲ့တဲ့ လက်နက်အစီရင်ခံစာမှာ စင်ကာပူအနေနဲ့ မြန်မာစစ်အုပ်စုထံ စစ်လက်နက်၊ အရပ်ဘက်-စစ်ဘက်နှစ်မျိုးသုံးပစ္စည်းတွေ နဲ့ နည်းပညာ တွေကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ လွှဲပြောင်းပေးအပ်နေမှုကို ရပ်တန့်ဖို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ တိုက်တွန်းထားပါတယ်။

လုပ်ခတိုးတောင်းလို့ အဖမ်းခံရတဲ့ အလုပ်သမားတွေ ပြန်လွတ်လာ

ရန်ကုန်၊လှိုင်သာယာက အထည်ချုပ်စက်ရုံတစ်ခု (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရန်ကုန်၊လှိုင်သာယာက အထည်ချုပ်စက်ရုံတစ်ခု (ပုံဟောင်း)

လုပ်ခ ရာဂဏန်းတိုးတောင်းလို့ အဖမ်းခံထားရတဲ့ အလုပ်သမား နဲ့ အလုပ်သမားအရေးဆောင်ရွက်သူ ၁၂ ဦးကို မနေ့ညက ပြန်လွှတ်ပေးလိုက်တယ် လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေထံက သိရပါတယ်။

ကမ္ဘာကျော် အဝတ်အထည်အမှတ်တံဆိပ် Zara ကိုချုပ်လုပ်တဲ့ ဟိုစိမ့်(မြန်မာ) Hosheng Myanmar အထည်ချုပ်စက်ရုံက အလုပ်သမား ငါးဦး၊ အလုပ်သမားတွေကိုကူညီပေးတဲ့ Action Labor Rights က အဖွဲ့ဝင် လေးဦး နဲ့ Sun Apparel Myanmar အထည်ချုပ်စက်ရုံက နှစ်ဦး တို့ကို ပြန်လွှတ်ပေးလိုက်တာ လို့သိရပါတယ်။

အဲဒီ လူ ၁၁ ဦးနဲ့အတူ အလုပ်သမားတွေ အစည်းအဝေးလာလုပ်တဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ပါ ဖမ်းဆီးခံခဲ့ရပြီး မနေ့ကလွတ်တဲ့အထဲ အဲဒီဆိုင်ရှင်ပါ ပြန်လွတ်လာခဲ့ပါတယ်။

‘’အင်းစိန် ကနေ ပြန်လွှတ်လိုက်တဲ့သူတွေ ပါသလို လှော်ကားမှာ ဖမ်းထားတဲ့ သူတွေလည်း ပြန်လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ ခံဝန်နဲ့ လွှတ်လိုက်တဲ့သဘောပါ’’ လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်က Sun Apparel Myanmar အထည်ချုပ်စက်ရုံ နဲ့ ရွှေပြည်သာ၊ သာဓုကန် စက်မှုဇုန်က ဟိုစိမ့်မြန်မာ အထည်ချုပ် စက်ရုံက အလုပ်သမားတွေ ဇွန်လ မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အလုပ်သမားတွေဟာ ရက်မှန်ကြေး တိုးမြှင့်ပေးဖို့ ၊ လုပ်ငန်းခွင်ထိခိုက်မှုတွေကို အကာအကွယ်ပေးဖို့ အပါအဝင် အချက်အလက်တွေကို အလုပ်သမား ရာဂဏန်းက တောင်းဆိုခဲ့ပြီးနောက် အလုပ်သမား ခေါင်းဆောင် တွေ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ ဆူပူအောင်လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်၊ တရားမဝင် ကြေညာခံထားရတဲ့ အလုပ်သမားအရေးလှုပ်ရှားတဲ့အဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လုပ်ငန်းခွင်ထဲအထိ ဝင်ဖမ်းခဲ့သလို နေအိမ်တွေအထိပါ လိုက်ဖမ်းခဲ့တာလည်း ဖြစ်ပါတယ်။

တပ်မိသားစုဝင်တွေ နဲ့ ဝန်ထမ်းတွေကို ရုံး နဲ့ ဝန်ထမ်းအိမ်ရာတွေကနေ စွန့်ခွာဖို့ Federal Wings သတိပေး

Federal Wings ဒရုန်းတပ်ဖွဲ့

ဓာတ်ပုံ ရင်းမြစ်, Federal Wings

ဓာတ်ပုံ ပုံစာ, Federal Wings ဒရုန်းတပ်ဖွဲ့

စစ်ကောင်စီဘက်က ငါးဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တဲ့ မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး ဗုံးခွဲမှုအပြီးမှာ မြဝတီမြို့နယ်ထဲက ဝန်ထမ်းတွေ၊တပ်မိသားစုဝင်တွေနဲ့ ဝန်ထမ်း မိသားစုဝင်တွေကို ရုံးတွေ နဲ့ ဝန်ထမ်းအိမ်ရာတွေကနေ စွန့်ခွာဖို့ Federal Wings သတိပေး လိုက်ပါတယ်။

Federal Wings ဒရုန်းတပ်ဖွဲ့ဟာ Cobra စစ်ကြောင်း စီမံခန့်ခွဲမှုလက်အောက်ခံဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့အတူ မြ၀တီထွေ/အုပ်ရုံးနဲ့ ရဲစခန်းကို ဒရုန်းနဲ့ နှစ် ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။

ဒရုန်းတိုက်ခိုက်မှုတွေက တိကျပေမဲ့ မလိုလားအပ်တဲ့ ထိခိုက်မှုတွေကနေ ရှောင်ရှားနိုင်ဖို့ အခုလိုသတိပေးတာလို့ Federal Wings က ထုတ်ပြန်ပြီး မြဝတီမြို့မှာနေထိုင်သူတွေကိုပါ စစ်ကောင်စီတပ်စွဲထားတဲ့ ရုံးနဲ့ တပ်စခန်းတွေနဲ့ ဝေးရာကို ရွှေ့ပြောင်းနေထိုင်ပေးကြဖို့ တဆက်တည်း သတိပေးပါတယ်။

စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရာမှာ လက်နက်ကိုင်ထားသူတွေကိုသာ ရည်ရွယ်တာဖြစ်လို့ လက်နက်မကိုင်ထားတဲ့ စစ်ကောင်စီ လက်အောက်ခံဝန်ထမ်း တွေ နဲ့ မိသားစုဝင်တွေကို စွန့်ခွာဖယ်ရှားကြဖို့ အထူးသတိပေးတာလို့ Federal Wings က ဆိုပါတယ်။

ကရင်ပြည်နယ်ထဲက ဌာနဆိုင်ရာရုံးတွေ မကြာခဏတိုက်ခိုက်ခံရပြီး မတိုက်ခိုက်ခင်မှာလည်း တော်လှန်ရေးအင်အားစုတွေဘက်က အခုလို မကြာခဏသတိပေးလေ့ ရှိပါတယ်။

ဘောလုံးပွဲ လုံခြုံရေးသွားယူတဲ့ စစ်ကား မိုင်းဆွဲခံရ

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီယာဥ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မိုင်းဆွဲခံရတဲ့ စစ်ကောင်စီယာဥ်

ညောင်ဦးမှာလုပ်တဲ့ မြို့နယ်အဆင့် ဘောလုံးပွဲကို လုံခြုံရေးသွားယူတဲ့ စစ်ကောင်စီလုံခြုံရေးယာဥ် စက်တင်ဘာ ၅ ရက်က မိုင်းဆွဲခံရလို့ တပ်ကြပ်တစ်ဦးသေပြီး သုံးဦးဒဏ်ရာရခဲ့တယ် လို့ ဒေသခံတွေထံက စုံစမ်းသိရှိရပါတယ်။

အဝေးထိန်းခလုတ်နဲ့ ခွဲခဲ့တဲ့မိုင်းဟာ စစ်ကောင်စီယာဥ်ကို ထိမှန်ခဲ့ပြီး ကားပေါ်ပါလာတဲ့ တပ်ကြပ်တစ်ဦး ဒဏ်ရာအပြင်းအထန် ရခဲ့ပြီး ဆေးရုံမှာ သေဆုံးခဲ့တယ် လို့ သိရှိရပါတယ်။

ကားပေါ်မှာပါတဲ့ စစ်သားနှစ်ဦးလည်း ဒဏ်ရာရခဲ့သလို အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရတဲ့အထဲ ပါဝင်ခဲ့ပြီး ညောင်ဦးဆေးရုံကို ပို့ဆောင်ခဲ့တယ် လို့သိရပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုနဲ့ အနီးဆုံးဘုရားဟာ ရွှေစည်းခုံ ဖြစ်တယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။

စစ်ကောင်စီ UEC က နိုင်ငံရေးပါတီတွေကို မဲပေးစက်ပြသ

UEC ဥက္ကဋ္ဌ ဦးသိန်းစိုး
ဓာတ်ပုံ ပုံစာ, UEC ဥက္ကဋ္ဌ ဦးသိန်းစိုး

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်(UEC)က နိုင်ငံရေးပါတီ ၃၆ ပါတီနဲ့တွေ့ဆုံပြီး အီလက်ထရောနစ် မဲပေးစက်ကို မိတ်ဆက်တာနဲ့ လက်တွေ့စမ်းသပ်မဲပေးတာတွေကို ရန်ကုန်မြို့မှာ ဒီနေ့ ပြုလုပ်နေပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဦးဆောင်ပြီး မှတ်ပုံတင်ခွင့်ပြုချက်ရတဲ့နိုင်ငံရေးပါတီတွေကို အခုလို ပြသခဲ့တာဖြစ်ပါတယ်။

နေပြည်တော်မှာ မြန်မာစစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီဝန်ထမ်းတွေကို မဲပေးစက်ပြသခဲ့အပြီးမှာ နိုင်ငံရေးပါတီတွေကို အခုလို ပြသတာလည်းဖြစ်ပါတယ်။

အဲဒီပွဲကို ပြည်‌ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီခေါင်းဆောင် ဦးခင်ရီ၊ ရခိုင့်ဦးဆောင်ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်တို့လည်း တက်ရောက်တာတွေ့ရပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကတော့ တည်ငြိမ်ရေးဆက်လိုနေလို့ ရွေးကောက်ပွဲကို ကျင်းပဖို့ အချိန်လိုအပ်သေးတယ်ဆိုပြီး သြဂုတ်လ ၁ ရက်တုန်းက ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးပွဲမှာပြောထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်က အခုလို မဲစက်တွေ ပြသနေပေမဲ့ စစ်အာဏာသိမ်းမှုအောက်မှာရှိနေတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့်ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုရှိပြီး မျှတမှုရှိ၊ မရှိဆိုတာကို နိုင်ငံတကာက မေးခွန်းထုတ်နေပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေကိုပြင်းပြင်းထန်ထန်အရေးယူဖို့ မလေးရှားပြော

မလေးရှားနိုင်ငံခြားရေးဝန်ကြီး

ဓာတ်ပုံ ရင်းမြစ်, Zambry Abd. Kadir

မြန်မာစစ်ဗိုလ်ချုပ်တွေကိုပြင်းထန်တဲ့အရေးယူမှုတွေလုပ်ဖို့ အာဆီယံထိပ်သီးဆွေးနွေးပွဲအကြိုကျင်းပတဲ့နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မလေးရှားကတောင်းဆိုလိုက်ပါတယ်။

မြန်မာဟာပြည်တွင်းစစ်ကြောင့်မတည်မငြိမ်ဖြစ်နေပြီးငြိမ်းချမ်းရေးကိုအားသွန်ခွန်စိုက်လုပ်နေရချိန်မှာစစ်တပ်ရဲ့အာဏာသိမ်းမှုကဒီလုပ်ငန်းစဥ်တွေကိုဟန့်တားပစ်ခဲ့တယ်လို့ လည်းထည့်ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ခပ်ပြတ်ပြတ်ပြောဆိုခဲ့မှုက မနေ့က စက်တင်ဘာ ၄ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာထင်ထင်ရှားရှားဖြစ်ခဲ့ပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေဆက်သွားနေတဲ့လမ်းကြောင်းကိုပြင်းထန်ထိရောက်တဲ့ အရေးယူမှုတွေမလုပ်ဘဲခွင့်မပြုသင့်ဘူးလို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဇမ်ဘရီအဒူဒါကီ ‌ကသတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ထိပ်သီးဆွေးနွေးပွဲတက်ဖို့ရောက်နေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်သစ်ဟွန်မာနက်ကတော့ မြန်မာ့ပဋိပက္ခတွေကို အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကနေဖြေရှင်းဖို့ ကမ္ဘောဒီးယားနိုင်ငံက လိုလားတယ်လို့ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်လုပ်တဲ့ စီးပွားရေးဆိုင်ရာအခမ်းအနားတခုမှာပြောခဲ့ပါတယ်။

လက်ရှိမှာတောင်တရုတ်ပင်လယ်ပြင်အရေး နဲ့ မြန်မာ့အရေးဟာအာဆီယံအတွင်းမှာပြင်းထန်တဲ့သဘောထားကွဲလွဲမှုတွေအထိဖြစ်နေတယ်ဆိုတဲ့ သတင်းစကားတွေထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကိုယ်တိုင်သဘောတူထားတဲ့ မြန်မာ့အ‌ရေးဖြရှင်းဖို့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖော်ဘူးဆိုတဲ့ ပြစ်တင်ဝေဖန်မှုတွေကိုပြောခဲ့ကြတဲ့နောက် အခုကျင်းပနေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာအာဆီယံမူ ၅ ချက်အပေါ် ဘယ်လောက်အကောင် အထည်‌‌ဖော်လဲဆိုတာကိုပြန်လည်သုံးသပ်ဖို့ ဒေသတွင်းခေါင်းဆောင်တွေ ဆွေးနွေးကြဖို့ရှိပါတယ်။