ဖေဖော်ဝါရီ ၂၂ ရက် ထိပ်တန်းသတင်းများ စုစည်းချက် - သံတောင်မြို့မှာ လူနေအိမ် ၈ လုံး မီးရှို့ခံရ

ရေးသားခဲ့သည်။

နိုင်ငံကူးလက်မှတ်တွေကို ဖေဖော်ဝါရီ ၂၄ ရက်ကစလို့ ဝက်ဘ်ဆိုက်ကနေ လျှောက်ထားနိုင်ကြောင်းကြေညာ

Passport office in Yangon,Myanmar

ဓာတ်ပုံ ရင်းမြစ်, CJ

ရန်ကုန်ရုံးတစ်ခုတည်းသာ အွန်လိုင်းက လျှောက်ရမှာဖြစ်ပြီး ကျန်ရုံးခွဲတွေ မူလအတိုင်းဆောင်ရွက်ပေးမယ်လို့ ဖော်ပြ

မြန်မာနိုင်ငံကူးလက်မှတ်တွေကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစလို့ www.passport.gov.mm ဝဘ်ဆိုက်ကနေ အွန်လိုင်းဘွတ်ကင်စနစ်သစ်နဲ့ ကိုယ်တိုင်လျှောက်ထားနိုင်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။

အွန်လိုင်းကနေ ဘွတ်ကင်တင်တဲ့ ဒီစနစ်ကို ရန်ကုန်က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာသာ ကျင့်သုံးမှာဖြစ်ပြီး ကျန်ပြည်နယ်နဲ့တိုင်းတွေက ရုံးခွဲတွေမှာတော့ အရင်လျှောက်ထားမှုလုပ်ငန်းစဥ်အတိုင်းဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

ရန်ကုန်က လျှောက်ထားသူတွေအတွက် အွန်လိုင်းဘွတ်ကင်ရယူရာမှာ အချိန်အကန့်အသတ်မရှိဘဲ လျှောက်ထားနိုင်ပြီး ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းအတိုင်း တစ်ပါတည်းပေးချရမယ်လို့ ဖော်ပြထားပါတယ်။

ကုန်ကျစရိတ်ကို ပေးချရမယ်ဆိုပေမဲ့ အွန်လိုင်းကနေပဲငွေပေးသွင်းရမှာလား၊ ရုံးမှာ လာရောက်ပေးသွင်းရမှာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းဖော်ပြထားတာမရှိသလို ပတ်စ်ပို့ရုံးယာယီမပိတ်ခင်က ရရှိထားတဲ့ စလစ်ရရှိထားသူတွေ စာအုပ်ထုတ်ဖို့ လုပ်ငန်းစဥ်ကို ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုတာလည်း တိတိကျကျထည့်သွင်းဖော်ပြထားတာမတွေ့ရသေးပါဘူး။

ဒါ့အပြင် စနစ်သစ်လို့ ပြောထားပေမဲ့ အွန်လိုင်းကနေ ဘွတ်ကင်တင်ပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားရတဲ့လုပ်ငန်းစဥ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လကတည်းက စတင်ခဲ့တာဖြစ်ပြီး အွန်လိုင်းဘွတ်ကင်စနစ်နဲ့ ကျူအာကုတ်ရရှိတဲ့သူတွေကို ရက်ချိန်းအတိုင်း ပတ်စ်ပို့တွေ ပြုလုပ်ပေးခဲ့တဲ့စနစ် ဖြစ်ပါတယ်။

အဲဒီစနစ်မှာ ပွဲစားတွေနဲ့ ကြားခံဆောင်ရွက်ပေးသူတွေကြောင့် နောက်ပိုင်းမှာ ကျူအာကုတ်တစ်ခုတည်းကတင် ငွေကျပ် သိန်းဂဏန်းပေါက်စျေးရှိတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အွန်လိုင်းကနေ ဘွတ်ကင်လျှောက်ဖို့ အခက်အခဲရှိသူတွေအနေနဲ့ သက်ဆိုင်ရာ ရဲစခန်းတွေကို အကူအညီတောင်းပြီးလျှောက်နိုင်တယ်လို့ လည်း ပါရှိပါတယ်။

အခုစနစ်သစ်မှာ မည်သူမဆို လွယ်ကူစွာလျှောက်နိုင်ဖို့ စီစဥ်ထားတာဖြစ်ပြီး ကြားခံပွဲစားတွေနဲ့ အခကြေးငွေပေးလျှောက်ထားတာတွေမလုပ်ဖို့လည်း နှိုးဆော်ထားတာတွေ့ရပါတယ်။

ခင်ဦး မြို့နယ် အင်းပတ်‌ကျေးရွာမှာ လက်နက်ကြီးကျလို့ နှစ်ဦးဒဏ်ရာရ

ခင်ဦး

ဓာတ်ပုံ ရင်းမြစ်, CJ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက အင်းပတ်ကျေးရွာထဲကို ဖေဖော်ဝါရီ ၂၁ ရက် ည ၈ နာရီလောက်မှာ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံနှစ်ဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ ညက လက်နက်ကြီး ၃ လုံးနဲ့ပစ်တာ။ ၂လုံးက မကွဲဘူး။ တစ်လုံးကကွဲပြီး နှစ်ယောက် ဒဏ်ရာရသွားကြတာ။ တစ်ယောက်ကတော့ နံရိုးကျိုးတယ်။ ကျောကို လက်နက်ကြီးစ မှန်တယ်။ နောက်တစ်ယောက်က ကျည် ထိမှန်တယ်။ အခုတော့ ဆေးကုသမှုခံယူနေပါတယ်။ စိုးရိမ်ရတဲ့အနေအထားမရှိတော့ဘူး" လို့ ပြောပါတယ်။

အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ ဖြစ်စဉ် မဖြစ်ခင်ရက်ပိုင်းကတည်းက အနီးတဝိုက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာလည်းမရှိသလို စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေ မရှိခဲ့ဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ဒါ့အပြင် မနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းကလည်း အရှေ့ဘက် ခင်ဦးနယ် အရှေ့မြောက်ခြမ်း ယောက်သွာအိုင်ကျေးရွာ ကိုလည်း လက်နက်ကြီးငယ် ပစ်ခတ်ဝင်ရောက်လာမှုကြောင့် အလယ်ရှို၊ ယောက်သွားအိုင်၊ ကုလားလူး၊ ရှားလွင် စသည့်ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အခုဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက် သုံးပတ်တာအတွင်း စစ်ကိုင်းတိုင်းထဲက ခင်ဦး၊ ကန့်ဘလူ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ စတဲ့ ပီဒီအက်ဖ်တွေအားကောင်းတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး ဝင်ရောက်တာတွေရှိနေပြီး စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

စျေးကွက်ထဲမှာ ဆန်တွေ စျေးထပ်တက်လာ

ဆန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဖေဖော်ဝါရီ လဝက်အတွင်းမှာပဲ ဆန်အမျိုးအစားအလိုက် ဆန်တစ်အိတ်ကို ကျပ် တစ်သောင်းကနေ ကျပ်နှစ်သောင်းကြား စျေးမြင့်တက်ခဲ့ရာကနေ အခု လကုန်ဖို့နီးလာချိန်မှာ ဆန်တစ်အိတ်ကို သုံးထောင်ကနေ တစ်သောင်းကြား ထပ်မံ မြင့်တက်သွားတာ တွေ့ရပါတယ်။

တိုက်ပွဲပြင်းထန်တဲ့ စစ်ကိုင်း ရွှေဘိုဘက်က ထွက်တဲ့ရွှေဘိုထိပ်စဆန်တွေကို ဒေသ အခြေအနေကြောင့် တောင်သူတွေက စပါးလက်ထဲမထားဘဲ အကုန်ရောင်းချကြတဲ့နောက် ကုန်သည်တွေက ဝယ်လှောင်ပြီးစျေးကစားတာကနေ ဆန်စျေးတက်တာ အစပြုခဲ့တယ်လို့ ဆန်စျေးကွက် နားလည်သူတွေက ထောက်ပြကြပါတယ်။

ရွှေ ဘို ပေါ် ဆန်း စျေးတက်လာပြီးတဲ့နောက် အလယ်အလတ်ဆန်တွေဖြစ်တဲ့ တောင်ပျံတွေ ဆက် ‌စျေးတက်လာသလို အခြေခံ လူတန်းစားတွေ အစားများတဲ့ ဇီယာ ၊ စင်းသွယ်၊ မနောသုခ၊ အညာသား စတဲ့ ဆန်ကြမ်းတွေပါ စျေးလိုက်တက်လာတာလို့ ဆန်ရောင်းချသူတွေက ပြောကြပါတယ်။

" ဆန်က ရွှေဘိုက အခု မတက်ဘူး။ အရင်က အပတ်တွေက တက်ထားတာ၊ အခုတက်နေတာက အလယ်အလတ်ဆန်နဲ့ ဆန်ကြမ်းစျေးတွေ ပိုတက်လာတာ။ အချက် နှစ်ချက်ပေါ့။ ရွှေဘိုကတော့ ဝယ်လှောင်ထားကြတော့ ဆန်ဆိုတာ ပိုးထိုးတတ်တဲ့အရာမို့ တစ်ချိန်ချိန်တော့ ထုတ်ရောင်းရမှာပဲ။ အဲဒီအခါ ပြန်ကျနိုင်တယ်။ အခု စျေးတက်တာက ရွှေဘို အတက်ကြမ်းသွားတဲ့အချိန်မှာ ရွှေဘိုမစားနိုင်ကြတဲ့သူတွေက ‌ဆန်ပြောင်းစားလာကြတဲ့အတွက် အလယ်အလတ်ဆန်နဲ့ ဆန်ကြမ်းတွေက စျေးတက်တယ်။ တစ်အိတ်ကို ၃၀၀၀ လောက်ကနေ တစ်သောင်းနားအထိ တက်တယ်" လို့ ဆန်ရောင်းချသူတစ်ဦးကပြောပါတယ်။

ဇန်နဝါရီလ နောက်ဆုံးအပတ်လောက်ကစပြီး စျေးကွက်ထဲမှာ ဆန်တွေစျေးမြင့်တက်လာတာ အခု ဖေဖော်ဝါရီလထဲမှာတော့ ဆန် တစ်အိတ်ကို အမျိုးအစားပေါ် မူတည်ပြီး ကျပ် တစ်သောင်းကနေ နှစ်သောင်းနီးပါးလောက် အထိ စျေးတွေ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက ရွှေစျေး ပြောင်းလဲ သတ်မှတ်ပြန်

ရွှေ

ဓာတ်ပုံ ရင်းမြစ်, ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း

စစ်ကောင်စီရဲ့ ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီက ရွှေဆိုင်တွေကို ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က စတင်ပြီး ရွှေတစ်ကျပ်သားကို ၂၇ သိန်း ၉ သောင်းကျပ် နဲ့ ရောင်းချဖို့ သတ်မှတ်လိုက်ပါတယ်။

အရင်က ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရည်ညွှန်းစျေး တစ်ကျပ်သားကို ၂၁ သိန်း သတ်မှတ်ထားချိန်မှာ ပြင်ပ ရွှေပေါက်စျေးက ၂၈ သိန်းကျော် ဖြစ်နေတဲ့အတွက် ထိန်းညှိလိုက်တာလို့ ရွှေလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

ရွှေ လုပ်ငန်းရှင်တစ်ဦးက " ရွှေစျေးတွေ တက်ရင် အခြေခံစားသောက်ကုန်တွေ တက်မယ်ဆိုတဲ့ အကြောင်းပြချက် ပေါ့။ အဲဒါကြောင့် ရွှေကို ၂၈ သိန်းအောက်ပဲရောင်းရမယ်လို့ သတ်မှတ်လိုက်တာ‌ ဖြစ်နိုင်ပါတယ်။ ပြောင်းလဲလိုက်တာကတော့ အရင်တုန်းက သတ်မှတ်ထားတဲ့ ငွေလဲနှုန်းထားနဲ့ မဟုတ်တော့ဘဲ ပြင်ပပေါက်စျေး လက်ရှိ ငွေလဲနှုန်းအတိုင်း သတ်မှတ်ပေးလိုက်တဲ့ အတွက် ၂,၇၉၀,၀၀၀ ဖြစ်သွားတယ်လို့ ထင်ပါတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီလက်ထက်မှာ ရွှေစျေးနဲ့ ဒေါ်လာ စျေးတွေကို ကိန်းဂဏန်းတစ်ခု တရားဝင် သတ်မှတ်ထားပေမဲ့ ပြင်ပစျေးကွက်ထဲမှာတော့ စစ်ကောင်စီ သတ်မှတ်တဲ့ စျေးနဲ့ အရောင်းအဝယ် ပြုလုပ်လို့မရတာကြောင့် သတ်မှတ်စျေးထက် ပိုပေးရတဲ့ ပြင်ပ ပေါက်စျေးတွေနဲ့ပဲ အရောင်းအဝယ်ဖြစ်နေကြတာလည်း တွေ့ရပါတယ်။

ဝက်လက်မှာ ကာကွယ်ရေးအဖွဲ့ ဝင် ၁၉ ဦးကို NUG လက်အောက် ကာကွယ်ရေးအဖွဲ့က ဖမ်းဆီး စစ်ဆေး ၃ ဦးကို ပြန်လွှတ်ပေး

ဝက်လက်

ဓာတ်ပုံ ရင်းမြစ်, GZ Special Task Force Facebook

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ (Wetlet GZ Special Task Force) အဖွဲ့ဝင် ၁၉ ဦးကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ကစပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေး၊ ပြည်သူ့ကာကွယ်ရေး ၊ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ရွှေဘို ခရိုင် တပ်ရင်း ၂ တို့က ပူးပေါင်းဖမ်းဆီးသွားပြီး စစ်ဆေးနေတယ်လို့ ‌ဝက်လက် ဒေသကာကွယ်ရေး အဖွဲ့ဝင်တချို့ထံက သိရပါတယ်။

"ဝက်လက်မြို့နယ်ထဲက ကျေးရွာ တစ်ရွာမှာ ကျေးရွာ ပကဖ တာဝန်ခံတစ်ယောက် အပစ်ခံရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဖမ်းသွားတာပဲ။ ၁၉ ဦး ကို ဖမ်းသွားတာ။ အခု ၃ ဦးတော့ ပြန်လွှတ်ပြီ။ ၁၆ ဦး ဆက်ဖမ်းထားဆဲပဲ။ ဘယ်သူတွေ စစ်ဆေးနေလဲတော့ မသိရဘူး။ ကျွန်တော့်ကိုလည်း မပြောဘူး" လို့ (Wetlet GZ Special Task Force) တာဝန်ခံက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ၁၉ ဦးထဲမှာ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၃ ဦးပါဝင်ပြီး သူတို့ထဲက အမျိုးသမီး ၂ ဦးနဲ့ အမျိုးသားတစ်ဦး စုစုပေါင်း ၃ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က အပစ်ခံခဲ့ရတဲ့ ကျေးရွာ ပကဖ တာဝန်ခံ ကတော့ ခြေ ထောက်ကို သေနတ်ထိမှန်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး ဘယ်အဖွဲ့ က ပစ်ခတ်တာလည်း အခုချိန်အထိ မသိရသေးဘူးလို့ ဆိုပါတယ်။

မြေပြင်မှာတော့ ပီဒီအက်အဖွဲ့တချို့ကြား တခြား ပြဿနာအနည်းငယ် ရှိတဲ့အပြင် အရင်က ဆက်စပ် အကြောင်းအရာတွေကြောင့် အခုလို ဖမ်းဆီး ခံထားရတာဖြစ်တယ်လို့ မြေပြင် အခြေအနေ သိရှိသူတွေက ဆိုကြပါတယ်။

(Wetlet GZ Special Task Force) ကတာဝန်ခံကတော့ ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်လို့ ပြောပါတယ်။

ပြန်လွတ်လာသူ သုံးဦးရဲ့ ပြောပြချက်အရ ဖမ်းဆီးခံရစဥ်မှာ ရိုက်နှက်ခံရတာ ရှိခဲ့ပြီး ခေါ် ဆောင်သွားကတည်းကလည်း လက်ထိတ် ခတ်ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

ကျန် ၁၆ ဦးကိုတော့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နေ့လယ်ပိုင်းအချိန်အထိ ပြန်လည် လွှတ်ပေးတာ မရှိသေးဘူးလို့ လည်း သိရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းထဲက NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးကတော့ " ပြစ်မှု တစ်ခုခုရှိလို့ စစ်ဆေးမယ်ဆိုရင် လူ့အခွင့်အရေး၊ စည်းကမ်းတွေနဲ့အညီ ပြုလုပ်ဖို့တော့ အထက်က မှာကြားထားတာရှိပါတယ်။ " လို့ ပြောပါတယ်။

ဖမ်းဆီးသွားတဲ့ အကြောင်းအရာနဲ့ ဖမ်းဆီးထားသူတွေရဲ့အခြေအနေကိုသိရဖို့ ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေး၊ ပြည်သူ့ကာကွယ်ရေး ၊ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ရွှေဘို ခရိုင် တပ်ရင်း ၂ တို့ထံ ဘီဘီစီက ဆက်သွယ်ဖို့ကြိုးစားပေမဲ့ အဆက်အသွယ်မရရှိသေးပါဘူး။

ရွှေဘိုခရိုင်ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေး(ရဲတပ်ဖွဲ့) ကတော့ ဝက်လက် ပြည်သူ့လုံခြုံရေး (ရဲတပ်ဖွဲ့) ကတော့ ဖမ်းဆီးထားတာမှန်ကန်ကြောင်း၊ ဆားတောင်ရွာက LPDF ခေါင်းဆောင် ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး ကာယကံရှင်မိသားစုက လာရောက်တိုင်ကြားတာကြောင့် စုံစမ်းဖို့ ဖမ်းဆီးထားတာဖြစ်ပြီး ၁၆ ဦးကိုဖမ်းဆီးထားတာ ဟုတ်မဟုတ်မေးမြန်းစဥ်မှာ ဖမ်းဆီးထားသူ အရေအတွက်ကိုတော့ အတည်မပြုပေးနိုင်ကြောင်းနဲ့ ရဲလုပ်ငန်းအရ မသင်္ကာလို့ ဖမ်းဆီး ထိန်းသိမ်း မေးမြန်းတာဖြစ်ပြီး ရိုက်နှက်စစ်ဆေးတာ မရှိပါဘူးလို့ ဘီဘီစီကို ငြင်းဆိုပါတယ်။

သံတောင်မြို့မှာ လူနေအိမ် ၈ လုံး မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, Screengrab

ကရင်ပြည်နယ်၊ သံတောင်မြို့မှာ စစ်ကောင်စီတပ်နဲ့ သံတောင် ပီဒီအက်ဖ်(ပြည်သူ့ကာကွယ်ရေးတပ်)တို့ တိုက်ပွဲဖြစ်အပြီး စစ်ကောင်စီတပ်က နေအိမ် ၈ လုံးကို မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲဟာ မနေ့ ဖေဖော်ဝါရီလ ၂၁ ရက် မနက်ပိုင်းမှာ သံတောင်မြို့၊ ရပ်ကွက် ၅ ထဲမှာဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးရှိတယ်လို့ သံတောင်ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကနေ သိရပါတယ်။ ‘’ စစ်တပ်ဘက်က ၅ ဦး သေဆုံးတယ်။ အလောင်းတွေကို သူတို့ ဘာသာပြန်သယ်သွားတယ်။ ကျွန်တော်တို့ ရှင်းလင်းရေးလုပ်တော့ သွေးကွက်တွေကို ရေဆေးချထားတာနဲ့ သဲတွေနဲ့ ဖုံးထားတာတွေလုပ်သွားတယ်။ တိုက်ပွဲ အပြီးမှာ နေအိမ်တွေကို မီးရှို့သွားတာပါ။ စုစုပေါင်း အင်အား ၂၀ လောက်ပါတဲ့အဖွဲ့နဲ့ ထိတွေ့ တိုက် ပွဲဖြစ်ခဲ့တာ’’ လို့ သံတောင် ပီဒီအက်ဖ်ဘက်က ပြောပါတယ်။

သံတောင်မြို့ ၁၃ မိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကုန်ပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးန့ ပစ်ခတ်ခဲ့ တာတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြပြီး မြို့တွင်းမှာ လူ မရှိ သလောက် ဖြစ်နေတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း သံတောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်ကောင်စီတပ်ကို ပြောက်ကျားတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ မြေပြင် အခြေအနေ သိရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

လိပ်သိုမြို့ရဲစခန်းနဲ့ အုပ်ချုပ်ရေးရုံးတွေ တိုက်ခိုက်ခံရ

ဒါ့အပြင် သံတောင်ကြီးခရိုင်၊ လိပ်သိုမြို့က လိပ်သိုရဲစခန်းနဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဖေဖော်ဝါရီ ၂၁ ရက် မနက် ၅ နာရီကျော်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ၃၅၀၂ က တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်တာကြောင့် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး လိပ်သိုမြို့ ၆၀၃ အမြောက်တပ်က ပစ်ကူတိုက်ခိုက်တာတွေရှိခဲ့တယ်လို့လည်းပြောပါတယ်။

တိုက်ပွဲအတွင်း ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေက လူနေရပ်ကွက်တွေထဲ ကျရောက်တာကြောင့် အသက် ၈ နှစ်အရွယ် ကလေး နှစ်ယောက် ထိခိုက်ဒဏ်ရာရပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ သံတောင်မြို့တွင်းက အခြေအနေနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အီလက်ထရောနစ်မဲပေးစနစ်ရဲ့ အားသာချက်တွေကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြော

ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အီလက်ထရောနစ်မဲပေးစနစ် (Myanmar Electronic Voting Machine) (MEVM) နဲ့ မဲပေးပါက ပယ်မဲဖြစ်ပေါ်တာ၊ မဲလက်မှတ်ပျောက်ဆုံးတာစတာတွေဖြစ်ပေါ်မှာ မဟုတ်လို့ ဆန္ဒမဲတွေ လေလွင့်ဆုံးရှုံးတာကို ကာကွယ်နိုင်မယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဒီစနစ်အသုံးပြုမှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ဗိုက်ဘာဂရုထဲ မေးမြန်းချက်နဲ့ပတ်သက်လို့ ကော်မရှင်က အခုလို ဖြေကြားကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဒါ့အပြင် မဲမသမာမှုပြုလုပ်နိုင်မှာ မဟုတ်ဘဲ ဆန္ဒမဲ ပေးပြီးတာနဲ့ ရလဒ်တွေကို အချိန်အား၊ လူအင်အားတွေသုံးပြီးရေတွက်နေစရာမလိုဘဲ တပြိုင်နက် ထုတ်ပြန်နိုင်မယ်လို့လည်း ကော်မရှင်က ဆိုပါတယ်။

ဒါ့အပြင် မဲလက်မှတ်ရိုက်နှိပ်ဖို့အတွက်လည်း ကုန်ကျစရိတ်သက်သာနိုင်ပြီး မဲရုံပေါင်း ၄ သောင်းကျော်၊ လွတ်တော် ၃ ရပ်နဲ့ တိုင်းရင်းသားမဲဆန္ဒနယ်တွေအတွက် မဲပုံး၊ ဆန္ဒပြတံဆိပ်တုံး၊ ဆာလာအိတ်စတဲ့ မဲရုံသုံးပစ္စည်းတွေ ဝယ်ယူရတဲ့ စရိတ်တွေ ကြီးမြင့်တာမို့ MEVM ဆောင်ရွက်မယ်ဆိုရင် ကနဦးစရိတ်သာရှိပြီး နောင်ဆက်လက် အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။

စစ်ကောင်စီက ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ်သုံးသွားမယ်လို့ ထုတ်ဖော်ပြောကြားထားပြီး ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ကြောင်းထုတ်ပြန်ထားသလို အမေရိကန်အပါအဝင် နိုင်ငံတကာအစိုးရတချို့ကလည်း ကန့်ကွက်ထားပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ သူတို့မှာ တရားဝင်မှုမရှိကြောင်းလည်း ဒီဖေဖော်ဝါရီလဆန်းပိုင်းတုန်းက ဘီဘီစီ အင်္ဂလိပ်ပိုင်းနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားထားပါတယ်။

နိမိတ်မကောင်းလို့ ဆိုပြီး ကန်ပိုက်တီမြို့ကို စစ်ကောင်စီနာမည်ပြောင်း

ကချင်

ဓာတ်ပုံ ရင်းမြစ်, MOI

နိမိတ်မကောင်းလို့ ဆိုပြီး ကန်ပိုက်တီမြို့ကို စစ်ကောင်စီနာမည်ပြောင်း

ကချင်ပြည်နယ်ထဲက တရုတ်နယ်စပ်မြို့ ‘’ကန်ပိုက်တီ’’ မြို့ကို “ကံပိုင်တည်” မြို့လို့ စစ်ကောင်စီက ဒီလထဲမှာ အမည်ပြောင်းလဲ လိုက်ပါတယ်။

‘ကန်ပိုက်တီ’ မြို့ ဟာ တရုတ်ဘာသာနဲ့ ကန်းပိုင်တီ’၊ ‘ကန်း=ခြောက်သွေ့ခြင်း၊ ပိုင်= ပျက်စီးခြင်း၊ တီ=နေရာ’ လို့ အဓိပ္ပာယ်ရတယ် လို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။

မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း အရ ‘ကံ=ကံကောင်းခြင်း၊ ပိုင်= ပြည်ထောင်စုကပိုင်ဆိုင်ခြင်း၊ တည်=တည်ငြိမ်ခြင်း၊ တည်တံ့ ခြင်း၊ တည်ရှိခြင်း’ ကို ယူပြီး ‘ကံပိုင်တည်’ လို့ စစ်ကောင်စီက အမည်ပြောင်းလိုက်တာပါ။

ဝိုင်းမော်မြို့ နယ်ထဲက အဲဒီမြို့မှာမြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းလည်း တည်ရှိပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၆၅၃၄ ပေ မှာ တည်ရှိတဲ့ ကန်ပိုက်တီ မြို့ ဟာ ၂၀၁၁ ခုနှစ်မှာ ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စုသုံးစု၊ ကျေးရွာ ၃၀ တို့နဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေနဲ့ ဟိန္ဒူတွေကို ပြန်ခေါ်ဖို့ စစ်ကောင်စီ ဘာ‌ပြောလဲ

ရိုဟင်ဂျာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၇ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေနဲ့ ဟိန္ဒူတွေကို ပြန်ခေါ်ဖို့ စီစဥ်နေတယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။ ပြန်ခေါ်မယ့် အရေအတွက်နဲ့ အချိန်ကိုစစ်ကောင်စီက အတိအကျမပြောသေးပေမဲ့ ရိုဟင်ဂျာတစ်ထောင်ဝန်းကျင်နဲ့ ဟိန္ဒူတွေပါဝင်မယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ပြန်လည်ခေါ်ယူရေးအစီအစဥ်တွေအတွက် စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ သက်သက်ခိုင် နဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်တို့ ဒီလ ပထမ အပါတ်က ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ကြပါတယ်။

ပြန်လည်ခေါ်ယူရေးအစီအစဥ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက " တစ်ဖက်နိုင်ငံကို ရှောင်တိမ်းသွားတဲ့ ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီး ပိတ်ပင်ထားတာတွေ မရှိဘူး။ ကျွန်တော်တို့နဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ပတ်သက်ပြီး သဘော တူညီချက် နှစ်ကြိမ်ရှိခဲ့တယ်။ ဘယ်လို စည်းမျဉ်းစည်းကမ်းတွေနဲ့ လက်ခံမယ်ဆိုတာကို နှစ်နိုင်ငံ သဘော တူညီခဲ့တာ။ အဲဒီ နှစ်နိုင်ငံ သဘောတူညီချက်တွေ အတိုင်းပဲ ကျွန်တော်တို့က ရပ်တည်လျက် ရှိတယ်။ ပြန်လည် လက်ခံ ရေး လုပ်ငန်းစဉ်တွေ နဲ့ပတ်သက်ပြီး ဒီသဘောတူညီချက်အပေါ်မှာ လိုက်နာတဲ့ ဖော်ဆောင်တဲ့ လုပ်ငန်းစဉ် မှန်သမျှကို ကျွန်တော်တို့ လုပ်ဆောင်လျက် ရှိပါတယ် " လို့ ‌ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လည်ခေါ်ယူမယ့် ဒုက္ခသည်တွေကို ကနဦးအနေနဲ့ မူရင်းနေရပ်ကိုပြန်လည်မပို့ဆောင်ဘဲ နိုင်ငံတကာအလှူရှင်တွေနဲ့ ပူးပေါင်းလှူဒါန်းထားတဲ့ ပြန်လည်လက်ခံရေး စခန်းတွေမှာပဲ နေရာချထားမယ် လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်စခန်းတွေမှာ ရောက်နေတဲ့ ရိုဟင်ဂျာနဲ့ ဟိန္ဒူတွေကတော့ ဖေဖော်ဝါရီလကုန်မှာ ပြန်လည်ခေါ်ယူရေးအစီအစဥ်စတင်မယ့်သတင်းကို ကြားနေပေမဲ့ တာဝန်ရှိသူတွေက တရားဝင်လာမပြောသေးဘူးလို့ လည်း သိရပါတယ်။

ကော့ဇက်ဘဇားမှာရှိတဲ့ ကုတုပါလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတစ်ဦးကတော့" သဘောတူညီချက်တွေရှိကြတာပဲ။ ဒါပေမဲ့ လက်တွေ့ကျတော့ ဘာမှ ဖြစ်မလာဘူး။ အခုလည်း ဒီပုံစံပဲ "လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တုန်းကလည်း စစ်ကောင်စီ ဝန်ကြီး ဒေါက်တာ သက်သက်ခိုင် နဲ့ စစ်ကောင်စီဝင် တချို့ ရခိုင်ပြည်နယ် မောင်တောမြို့ကို သွားရောက်ပြီး ရိုဟင်ဂျာတွေကို နေရပ်ပြန်ခေါ်ရေး ကြိုးပမ်းခဲ့ကြပေမဲ့ အခုအချိန်အထိ ပြန်မခေါ်နိုင်ခဲ့ပါဘူး။ ရိုဟင်ဂျာဒုက္ခသည်တွေကတော့ စစ်ကောင်စီက အခုလိုစီစဥ်လာတာဟာ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုထားတဲ့ အမှု အတွက် ကြိုးပမ်းချက်တစ်ခုအနေနဲ့ စစ်ကောင်စီဘက်က ဆောင်ရွက်လာတာလို့ ပြောဆိုနေကြပါတယ်။

KNU တပ်မဟာ ၄ နယ်မြေထဲမှာ KNLA နဲ့ KTLA တိုက်ပွဲဖြစ်

သိမ်းဆည်းမိခဲ့တယ်လို့ဆိုတဲ့ KTLA တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်နဲ့အသုံးအဆောင်ပစ္စည်းတွေ

ဓာတ်ပုံ ရင်းမြစ်, Salween Press

ဓာတ်ပုံ ပုံစာ, သိမ်းဆည်းမိခဲ့တယ်လို့ဆိုတဲ့ KTLA တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်နဲ့အသုံးအဆောင်ပစ္စည်းတွေ

KTLA တပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူရဲ့ မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ ၄ နယ်မြေထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နဲ့ သော်သူးလေတပ် (KTLA) တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ခဲ့ပြီး KTLA တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတယ်လို့ သိရပါတယ်။

''ဗိုလ်ဒါးဒါး ဦးဆောင်တဲ့ စစ်ကြောင်းက KTLA တပ်ဖွဲ့ဝင်တွေက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အင်အား ၅၀ လောက်နဲ့ စခန်းကုန်းကို ဝင်တိုက်ခဲ့တာပါ။ သေနတ် ၅ လက်နဲ့ ပစ္စည်းတချို့ ပါသွားတယ်။ တင်းမာမှုကတော့ ဆက်ရှိနေတုန်းပဲလို့ ပြောလို့ရတယ်'' လို့ ကော်သူးလေတပ်၊ တပ်ရင်း ၁ နဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲဟာ ထားတယ်- ထီးခီးလမ်းပိုင်းအတွင်းထဲက KNLA ရော၊ KTLA အဖွဲ့ပါ ထိန်းချုပ်ထားတဲ့ကျေးရွာ တစ်ရွာမှာ ဖေဖော်ဝါရီလ ၂၀ ရက် မနက်တုန်းက ဖြစ်ခဲ့တာလို့ သိရပါတယ်။

ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့- KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ကော်သူးလေတပ်-KTLA ကို ပြီးခဲ့တဲ့နှစ်၊ ဇွန်လမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

KNU ဗဟိုဘက်ကတော့ အဲဒီလို တပ်ထူထောင်တာကို အစောပိုင်းကတည်းက ကန့်ကွက်ကြောင်း စာထုတ်ပြန်ထားပါတယ်။

ဒီကြားထဲမှာ တပ်မဟာ ၄ နယ်မြေထဲက အခုလို ကရင်တပ်တွေအချင်းချင်းကြား အငြင်းပွားမှုကို ဝင်ရောက်ထိန်းသိမ်းပေးဖို့ သက်ဆိုင်ရာဒေသခံတွေက KNU ဗဟိုကို တိုက်တွန်းတောင်းဆိုထားတာတွေလည်းရှိနေပါတယ်။

KNU ဗဟိုဘက်ကတော့ တပ်မဟာ ၄ နယ်မြေမှာ ဖြစ်ပွားနေတဲ့ KNLA နဲ့ KTLA တပ်ဖွဲ့ကြား ထိတွေ့ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး မှတ်ချက်တစုံတရာပေးဖို့ အစောပိုင်းကတည်းက ငြင်းဆိုထားပါတယ်။

မင်းကွန်းမှာ ခရီးသွားတွေနဲ့ စျေးသည်တွေကြား အဆင်မပြေမှုတွေ ဖြစ်နေ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းတုန်းက မင်းကွန်းဒေသကို လာရောက်တဲ့ ဧည့်သည်တချို့ကို ပစ္စည်းရောင်းဖို့ ကြိုးစားရာကနေ မြစ်ဆိပ်မှာ စကားများရန်ဖြစ်ခဲ့ကြတာ တွေရှိခဲ့ပြီး ဆဲဆိုအော်ဟစ် တာတွေ ရှိလို့ ဒေသပုံရိပ်ကို ထိခိုက်တဲ့အကြောင်းနဲ့ မသွားသင့်တဲ့နေရာဖြစ်ကြောင်း လူမှုကွန်ရက်မှာ မျှဝေရေးသားတာတွေရှိခဲ့ပါတယ်။

ဒီဖြစ်စဥ်ဖြစ်ပွားပြီးတဲ့နောက် မင်းကွန်းကိုသွားရောက်ခဲ့တဲ့ ဘုရားဖူးသူတွေကလည်း မင်းကွန်းဒေသမှာ သူတို့ကြုံတွေ့ခဲ့ရတဲ့အဆင်မပြေမှုတွေ ၊ စျေးသည်တွေရဲ့ အတင်းလိုက်ပါ စျေးရောင်းချမှုတွေနဲ့ စျေးမဝယ်သူတချို့ဆိုရင် ရန်စပြောဆိုမှုတွေကိုပါ ကြုံတွေ့ခဲ့ရတယ်လို့ သူတို့အတွေ့အကြုံတွေကို မျှဝေရေးသားလာကြတာတွေလည်း တွေ့လာရသလို အခုလို အပြုအမူတွေကို ကြပ်မတ်ထိန်းသိမ်းဖို့ ဂေါပကအဖွဲ့ကို တိုက်တွန်းတောင်းဆိုတာတွေလည်း အများအပြားထွက်ပေါ်လာခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဂေါပကအဖွဲ့နဲ့နီးစပ်သူ တစ်ဦးက “ဘုရားမှာဖြစ်တာ မဟုတ်ဘူး။ မြစ်ဆိပ်ကမ်းမှာ ဖြစ်တဲ့အတွက် ဂေါပကအနေနဲ့ ဝင်ရောက်ဖြေရှင်းဖို့ မသက်ဆိုင်ပါဘူး။ ဘုရားမှာ ဧည့်သည်တွေ ဈေးကပ်ရောင်းတာတွေ ရှိတဲ့အခါ ရှိပါတယ်။ ဒါကလဲ စားဝတ်နေရေး အဆင်မပြေလည်လို့ လိုက်ရောညီထွေမှု ရှိအောင် ငဲ့ညာသောအားဖြင့် ခွင့်လွှတ်ပေးနေရတာပါ” လို့ ပြောပါတယ်။

မင်းကွန်းဒေသရဲ့ အထင်ကရ နေရာတွေနဲ့ ဘုရားရင်ပြင်မှာ ပန်းတစ်ကုံး ဘယ်လောက်သာ ရောင်းရမယ်လို့သတ်မှတ်စျေးနှုန်းကပ်ထားကြေညာထားတာရှိပြီး တကယ်လို့ မတန်တဆဈေးနဲ့ ရောင်းချတာမျိုး၊ ဧည့်သည်က မကျေနပ်တဲ့အခါ ဘုရားဂေါပကကို တိုင်နိုင်တယ်ဆိုပြီး ဗီနိုင်း ကပ်ထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အခုလူမှုကွန်ရက်မှာထွက်ပေါ်နေတဲ့မင်းကွန်းဒေသက စျေးရောင်းချသူတွေရဲ့ အပြုအမှုနဲ့ပတ်သက်လို့ စျေးသည်တချို့ကတော့ငြင်းဆိုပါတယ်။

‘ဈေးသည်တွေကတော့ ပုတီးရောင်းသူက ပုတီး။ ယပ်တောင်ရောင်းသူက ယပ်တောင်ပေါ့။ အဲဒီလိုပစ္စည်းအမျိုးအစား မတူတဲ့သူက ဧည့်သည်ကို ကပ်ရောင်းရတာ။ အမျိုးအစားတူ ရောင်းတဲ့သူချည်းပဲ ဧည့်သည်ကိုကပ်ပြီး ရောင်းလို့မရဘူး။ ဥပမာ ယပ်တောင်ရောင်းသူ ပုတီးရောင်းသူ အဲဒီလို တစ်ယောက်တစ်မျိုးရောင်းတဲ့သူတွေကတော့ ဧည့်သည်နားကပ်ပြီးရောင်းတာ သုံးယောက်ဖြစ်ချင်လည်းဖြစ်မယ်။ ဒါပေမဲ့ လုပြီးရောင်းတာတော့ မရှိပါဘူး။ ပြောတဲ့ဈေးကို ပေးတဲ့ဈေးနဲ့ လိုက်ရောညီထွေရောင်းကြတာပါ။ နင်းကန် တွန်းထိုးပေး ပိုက်ဆံဘယ်လောက်ကျတယ် ဆိုပြီး ဇွတ်တောင်းတာတွေ မဟုတ်ပါဘူး”လို့ စျေးသည်တစ်ဦးက ပြောပါတယ်။

စျေးသည်တွေက ခုလိုငြင်းဆိုပေမဲ့ မင်းကွန်းဒေသကိုလာရောက်တဲ့ခရီးသည်တွေကို စျေးသည်တချို့က ပန်းတစ်စီး ကျပ် ၂ သောင်းကနေ သုံးသောင်း၊ အမွေးတိုင်နဲ့ဖယောင်းတိုင် တစ်ထုပ်ကို သောင်းဂဏန်းထိ တောင်းယူရောင်းချနေကြပြီး ရောင်းချပုံကလည်း ဧည့်သည်တွေလက်ထဲ ပစ္စည်းကို ထည့်ပေးလိုက်ပြီး ဘုရားက အပြန်မှာ ပန်းတစ်စီးနှစ်သောင်းကနေ သုံးသောင်းအထိ တောင်းယူနေကြတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေက ပြောထားကြပါတယ်။

ကိုဗစ်ဖြစ်ပြိးနောက်ပိုင်း ပြည်ပဧည့်သည်တွေ အဝင်မရှိသလို စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်းဧည့်သည်တွေသာ အလာများတဲ့ မင်းကွန်းဒေသမှာ စားဝတ်နေရေး အခက်ခဲကြောင့် ဈေးရောင်းသူတွေလဲ ပိုများလာပါတယ်။ အခုအခါမှာ ပြည်ပဧည့်သည်တွေ အနည်းငယ် လာရောက်တာတွေ ရှိလာပေမယ့် နိုင်ငံခြားသား ဧည့်ဝင်ကြေး ကောက်ယူတာတွေ မရှိသေးဘူးလို့ သိရပါတယ်။

ကန့်ဘလူမှာ သုံးရက်အတွင်း နေအိမ် နှစ်ရာကျော် မီးရှို့ဖျက်ဆီးခံရ

ကျွန်းလှ

ဓာတ်ပုံ ရင်းမြစ်, ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့

ဓာတ်ပုံ ပုံစာ, မြေမွန်ရွာမီးလောင်ပျက်စီးမှုမြင်ကွင်းများ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ မလည်တိုက်နယ်မှာရှိတဲ့ မြေမွန်ရွာ၊ တရော်ကိုင်းရွာ၊ ပေကုန်းတောင်ရွာနဲ့ ချောင်းကြားရွာတို့ကို စစ်ကောင်စီတပ်တွေနဲ့ အရပ်အခေါ် ပျူစောထီးအဖွဲ့တွေက ဖေဖော်ဝါရီ ၁၉ ရက်ကနေ ၂၁ အတွင်း ဝင်ရောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၂၄၈ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်လာပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ မြေမွန်ရွာကို စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း၃၆၉ ကနေ အင်အား၈၀ ခန့်က မီးရှို့ဖျက်ဆီးလို့ နေအိမ် ၂၁၈ လုံး မီးလောင်ပျက်ဆီးခဲ့တယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။

အဲဒီနောက် ၂၀ ရက်နေ့မှာလည်း တရော်ကိုင်းရွာကို စစ်ကြောင်းရောက်လာခဲ့တဲ့နောက် နေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး နောက်ထပ်နေအိမ်တစ်လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်မှာတော့ ကျွန်းလှမြို့ပေါ်က စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေနဲ့အတူ ကန့်ဘလူမြို့နယ် ပေကုန်း(တောင်)ရွာက ပျူစောထီးတို့က ကန့်ဘလူခရိုင်၊ပင့်သာတိုက်နယ်ရှိ ချောင်းကြားရွာကို တတိယအကြိမ် ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၂၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ချောင်းကြားရွာသည် အခုတစ်ကြိမ်နဲ့ဆိုရင် တတိယအကြိမ်မြောက်မီးရှို့ခံရတာဖြစ်ပြီး စုစုပေါင်းနေအိမ် ၅၉ လုံး ထိမီးလောင်ပျက်စီးထားတယ်လို့ သိရပါတယ်။

ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတွေ ခုလို စစ်ကြောင်းထိုးမီးရှို့ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောခွင့်ရ ဦးအေးလှိုင်ကို ဘီဘီစီက ဆက်သွယ်ပေမဲ့ဆက်သွယ်လို့မရသေးပါဘူး။

စစ်ကောင်စီကတော့ စစ်ကိုင်းတိုင်းအတွင်း KIA နဲ့ PDF တို့ ခိုအောင်းနေတာကြောင့် နယ်မြေရှင်းလင်းရေးပြုလုပ်လေ့ရှိကြောင်းနဲ့ ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမရှိကြောင်း ငြင်းဆိုထုတ်ပြန်လေ့ရှိထားပါတယ်။