ဇန်နဝါရီ ၆ ရက် ထိပ်တန်းသတင်းများ - လောက်ကိုင်မှာ လက်နက်ချတဲ့ ဗိုလ်မှူးချုပ် ၆ ယောက် လားရှိုးပြန်ရောက်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)မှာ ကိုးကန့်တပ် MNDAA နဲ့ မြောက်ပိုင်းမဟာမိတ်တွေ ကို လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ် ခြောက်ဦး လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဒီကနေ့ နေ့လည်ပိုင်းမှာ ပြန်ရောက်လာပြီ လို့ ဘီဘီစီ က စုံစမ်းသိရှိရပါတယ်။
‘’တန့်ယန်းကနေ ရဟတ်ယာဥ် နဲ့ သွားခေါ်လာတာ’’ လို့ ဘီဘီစီ ရဲ့ နေပြည်တော် သတင်းအရင်းအမြစ်က ပြောပါတယ်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ရဲ့ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေတ္တ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်အပါအဝင် ဗိုလ်မှူးချုပ် ခြောက်ဦးဟာ မနေ့ညက ဝ တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်း မှာ တစ်ည အိပ်ခဲ့ကြပါတယ်။
မြန်မာစစ်တပ်ဗိုလ်မှူးချုပ်တွေ ရဲ့ ပန်ဆန်းက ညစာစားပွဲ ပုံတွေက ပရိသတ်ကြားမှာ လူပြောများခဲ့ပါတယ်။
ကွတ်ခိုင်မှာ တိုက်ပွဲပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay New Agency
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က အရေးကြီးဗျူဟာကုန်းကိုရဖို့ စစ်ကောင်စီတပ်တွေနဲ့ တအာင်းတပ် (TNLA) ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကြား လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
“လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်နေတာ၊ ကျွန်တော်တို့ ၅ ရပ်ကွက်က နှစ်ဖက်ကြားထဲရောက်နေတာ” လို့ သူက ပြောပါတယ်။
ကွတ်ခိုင်၊ ရပ်ကွက် (၅) အပေါ်ဘက်က စေတီကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို အောက်ဘက် ရပ်ကွက် (၃) အနီးမှာ တပ်စွဲထားတဲ့ TNLA နဲ့ မဟာမိတ်တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေသလို စေတီကုန်းပေါ် စစ်တပ်စခန်းဘက်ကလည်း လက်နက်ကြီးတွေနဲ့ ခုခံတိုက်ခိုက်နေတာလို့ သူက ဆက်ပြောပါတယ်။
“စေတီကုန်းကို TNLA တွေက အရမ်းလိုချင်နေတာ ဒီဟာရမှ စစ်တပ်အထိုင်ချထားတဲ့ ပင်မဗျူဟာကုန်းကို ဆက်တိုက်လို့ရမှာ”လို့ သူက ရှင်းပြပါတယ်။
အမြှောက်တပ်အပါအဝင် တပ် စခန်း ၅ ခုနဲ့ အထိုင်ချဖွဲ့စည်းထားတဲ့ ကွတ်ခိုင်မြို့ရဲ့ စစ်တပ်ပင်မဗျူဟာကုန်းကတော့ ရပ်ကွက် (၁) နဲ့ ရပ်ကွက် (၂) အနီးမှာ အခြေစိုက်ထားပြီး အဲဒီဗျူဟာကုန်းကနေ ကွတ်ခိုင်တစ်မြို့လုံးကို ထိန်းချုပ်ထားနိုင်တုန်းပဲလို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
လက်ရှိကွတ်ခိုင်တစ်မြို့လုံးမှာ ဖုန်းလိုင်းတွေပြတ်တောက်နေပြီး စစ်တပ်ထုတ် MEC ဖုန်းလိုင်းအမျိုးအစားတစ်ခုသာ သုံးလို့ရနေတာ ဖြစ်ပါတယ်။
မြို့ပေါ်က ဒေသခံအားလုံးနီးပါး စစ်ဘေးရှောင်နေကြရပြီး အိမ်စောင့်လောက်သာ ကျန်တော့တယ်လို့ မြို့ခံတစ်ဦးရဲ့အပြောအရ သိရပါတယ်။
ဒီရက်ပိုင်းအတွင်းမှာပဲ နမ့်ဖတ်ကာရွာဘက်မှာ ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ စစ်တပ်ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၅ ရက်နေ့မှာ ဒေသခံ ၄ ဦးသေဆုံးထားတယ်လို့ ဒေသအခြေစိုက်မီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။
ဆောထိ(ရွှေကျင်)မှာ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦးသေဆုံး ၊ ၁၆ ဦးဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, KNU
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေ၊ ဆောထိ(ရွှေကျင်)မြို့ထဲက ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ၅ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ၂ ရက်အတွင်း အရပ်သား ၄ ဦးသေဆုံးပြီး ၁၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်လာပါတယ်။
သေဆုံးသွားတဲ့သူ ၄ ဦးထဲမှာ ကလေး ၁၈ နှစ်အောက်အရွယ် တစ်ဦးပါဝင်သလို ထိခိုက်ဒဏ်ရာရတဲ့သူ ၁၆ ဦးထဲမှာလည်း ၁၀ နှစ်အောက် ကလေးငယ် ၂ ဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ဇန်နဝါရီ ၄ ရက်နဲ့ ၅ ရက်တို့မှာ စစ်ကောင်စီတပ်ရဲ့ ညောင်လေးပင်အခြေစိုက်နဲ့ ပိန်းဇလုပ်အခြေစိုက်တပ်တွေကနေ ဆောထိဘက်က ရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး ရေဖြူကန်ကျေးရွာက အသုဘနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
ဆောထိမြို့အနီးမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးကလည်း နှစ်သစ်ကူးပြီးကတည်းက လက်နက်ကြီးနဲ့ပစ်တာတွေ ပိုပြီးပြင်းထန်လာတယ်လို့ ဘီဘီစီကိုပြောပါတယ်။
“၁ ရက်နေ့ မနက် ၈ နာရီလောက်တည်းက ပစ်တာ ပိုပိုစိပ်လာတယ်။ ညဘက်တွေဆို ပိုဆိုးတယ်”လို့ ဒေသခံက ပြောပါတယ်။
ရွှေကျင်မြို့အနီးက ပုစွန်မြောင်းကျေးရွာအခြေစိုက် စစ်တပ်ကနေ ညောင်ပင်ကြီးရွာဟောင်းဘက်ကို ဒရုန်နဲ့တိုက်ခိုက်တာတွေရှိသလို စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ-၂၀) ကနေ ဝိုင်သစ်ဆိပ်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ KNU က ကြေညာထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ဆောထိမြို့က လက်နက်ကြီးပစ်ခတ်မှုနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။








