အမေရိကန်သမ္မတကတော်ဟောင်း ရိုစလင်းကာတာ အသက် ၉၆ နှစ်အရွယ်မှာ ကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, EPA
အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာရဲ့ဇနီး သမ္မတကတော်ဟောင်း ရိုစလင်း ကာတာဟာ အသက် ၉၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။
ရိုစလင်း ကာတာဟာ ဘေးမှာမိသားတွေခြံရံလို့ ညင်ညင်သာသာပဲ ဆုံးပါးသွားတာလို့ သူတို့ဇနီးမောင်နှံ ထူထောင်ထားတဲ့ ကာတာစင်တာက အတည်ပြုပြောဆိုပါတယ်။
သောကြာနေ့တုန်းကတော့ ရိုစလင်းကာတာဟာ ဂျော်ဂျီယာပြည်နယ်မှာ အသက် ၉၉ နှစ်အရွယ် ခင်ပွန်းဖြစ်သူနဲ့ အတူအချိန်ကုန်ဆုံးနေတုန်း နာတာရှည်ရောဂါကု ဆေးရုံကို သွားခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အဲဒီဆေးရုံဟာ သမ္မတဟောင်း ဂျင်မီကာတာ ဖေဖော်ဝါရီလကတည်းကရောက်နေခဲ့တဲ့ ဆေးရုံဖြစ်ပါတယ်။
မစ္စစ် ကာတာဟာ မေလမှာ ဦးနှောက်မှတ်ဉာဏ်ယိုယွင်းမှုကို ကုသခဲ့ရပါတယ်။
အမေရိကန်သမ္မတဇနီးမောင်နှံတွေထဲ လက်ထပ်သက်တမ်းအရှည်ဆုံးနဲ့ ပထမဆုံးစုံတွဲဖြစ်လာတဲ့ ကာတာမောင်နှံဟာ ဇူလိုင်လမှာ မင်္ဂလာ သက်တမ်း ၇၇ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
‘‘ကျွန်တော် စွမ်းနိုင်သမျှအရာအားလုံးဟာ ရိုစလင်းလည်း ထပ်တူကြိုးစားခဲ့တာကြောင့် ရခဲ့တာပါ’’ လို့ မစ္စတာ ကာတာက အဲဒီတုန်းက ထုတ်ပြန်ပြောဆိုပါတယ်။
‘‘လိုအပ်တဲ့အခါတိုင်းမှာ ကျွန်တော့်ကို ဉာဏ်နဲ့ယှဥ်နဲ့လမ်းညွှန်မှုနဲ့ အင်အားတွေကို သူကပဲ ပေးခဲ့တာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရိုစလင်းရှိနေသမျှကာလပတ်လုံး ကျွန်တော့်ကို ချစ်နေမယ့်သူ အားပေးနေမယ့်သူတစ်ယောက်ရှိနေဦးမယ်ဆိုတာ ကျွန်တော်သိခဲ့တယ်’’

ဓာတ်ပုံ ရင်းမြစ်, Jimmy Carter Library

ဓာတ်ပုံ ရင်းမြစ်, Jimmy Carter Library
မစ္စစ်ကာတာကို အယ်လင်နော ရိုစလင်း စမစ်အဖြစ် ၁၉၂၇ ခုနှစ်၊ သြဂုတ်လမှာ မွေးဖွားခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ခင်ပွန်းဖြစ်သူက ပထမဆုံး ဂျော်ဂျီယာပြည်နယ်အထက်လွှတ်တော်အမတ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး အဲဒီနောက် အမေရိကန်သမ္မတဖြစ်လာတဲ့ထိ ၁၉၆၀ ပြည့်နှစ်တွေမှာ နိုင်ငံရေးလောကထဲ စတင်ဝင်ရောက်ကတည်းက မစ္စစ်ကာတာဟာ စိတ်ကျန်းမာရေး အသိပညာတိုးမြှင့်ရေးကို တစိုက်မတ်မတ်လုပ်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ကျန်းမာရေးနဲ့ပတ်သက်လာတဲ့အခါ အပြုသဘောမဆောင်တတ်တဲ့လူတွေရဲ့အမြင်ကိုလည်း ပြောင်းလဲအောင် အားထုတ်ခဲ့ပါတယ်။
ဂျော်ဂျီယာပြည်နယ်အုပ်ချုပ်ရေးမှူးကတော်ဖြစ်တဲ့အခါ စိတ်ကျန်းမာရေးချို့တဲ့သူတွေကိုပေးတဲ့ ဝန်ဆောင်မှု တိုးတက်ရေး အုပ်ချုပ်ရေးမှူးကော်မရှင်မှာအဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် သမ္မတကတော် ဖြစ်တဲ့အခါမှာလည်း ဒေသန္တရစိတ်ကျန်းမာရေးစင်တာတွေကို ရန်ပုံငွေရရှိရေးကူညီနိုင်ခဲ့တဲ့ ၁၉၈၀ ပြည့်နှစ် အက်ဥပဒေတစ်ခုပေါ်လာရေး အရွေ့ဖြစ်စေခဲ့တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ သမ္မတရဲ့ကော်မရှင်မှာ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်လာပါတယ်။
သမ္မတရာထူးကုန်ဆုံးတဲ့အခါမှာလည်း ကာတာဇနီးမောင်နှံဟာ ၁၉၈၂ ခုနှစ်မှာ ကာတာစင်တာကို ထူထောင်ခဲ့ပြီး ကလေးငယ်ကာကွယ်ဆေးထိုးလုပ်ငန်း၊ စိတ်ကျန်းမာရေးနဲ့ တခြားလူသားချင်းစာနာမှု အလုပ်တွေ လုပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
မြန်မာပြည်မှာတော့ ကာတာစင်တာ ကို ၂၀၁၃ ခုနှစ်မှာ စတင်ဖွင့်ခဲ့ပြီး ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ပွင့်လင်းမြင်သာမှုရှိ မရှိစောင့်ကြည့်လေ့လာ ကူညီအားပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ရိုစလင်းကာတာဟာ ၂၀၁၃ ခုနှစ်မှာ ခင်ပွန်းသည်ဖြစ်သူနဲ့အတူ ရန်ကုန်နဲ့နေပြည်တော်ကို သွားရောက်ခဲ့ပြီး အဲဒီတုန်းက သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ ဝန်ကြီးအချို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အပါအဝင် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူအချို့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
အဲဒီခရီးစဥ်အပြီး ကာတာစင်တာက ထုတ်ပြန်တဲ့ ခရီးစဥ်နဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်မှာတော့ လက်ရှိ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး ‘‘သူက ငယ်သေးပြီး လွှတ်တော်နှစ်ရပ်မှာ အမတ် ၂၅ ရာခိုင်နှုန်းကို နာမည်စာရင်းပေးနိုင်တာ အပါအဝင် ကြီးမားတဲ့အာဏာရှိတဲ့ဒုတိယ သမ္မတရာထူးရှိနေတယ်’’ လို့ အကဲဖြတ်ပြောဆိုခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒါ့အပြင် မြန်မာက ကာတာစင်တာဟာ အဲဒီကာလကနေ မြန်မာပြည်တွင်းမှာ စစ်အာဏာမသိမ်းခင်ကာလအထိ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ အမျိုးသမီးတွေပါဝင်ရေးအတွက် မြန်မာအမျိုးသမီးအဖွဲ့ချုပ်နဲ့အတူ ဆောင်ရွက်တာတွေရှိခဲ့ပါတယ်။
အိမ်ယာလိုအပ်တဲ့မိသားစုဝင်တွေအတွက် နေအိမ်တွေကူဆောက်ပေးတဲ့ Habitat for Humanity အဖွဲ့မှာ အခရာကျတဲ့အခန်းကဏ္ဍတွေမှာပါဝင်ခဲ့ပါတယ်။
၂၀၀၂ ခုနှစ်မှာ မစ္စတာ ကာတာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရတဲ့အခါ သူတို့ဇနီးမောင်နှံဟာ လူသားချင်းစာနာမှုအကူအညီလုပ်ဆောင်ချက်တွေအတွက် အသိအမှတ်ပြုခံခဲ့ရပါတယ်။
အမေရိကန်ရုပ်သံကွန်ရက် C-SPAN နဲ့ ၂၀၁၃ ခုနှစ်မှာပြုလုပ်တဲ့ အင်တာဗျူးမှာတော့ မစ္စစ် ကာတာက ‘‘သမ္မတကတော်ဟောင်းဆိုတာထက်ပိုပြီး ကျွန်မတို့ရဲ့လုပ်ဆောင်ချက်အမွေကျန်ရစ်ခဲ့ဖို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကာတာစင်တာဟာ ကျွန်မတို့ဘဝတွေနဲ့ ခိုင်မာတဲ့ဘဝအစိတ်အပိုင်းတွေဖြစ်လို့ပါပဲ’’ လို့ ပြောခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
‘‘ပြီးတော့ ကျွန်မတို့ ဆောင်ပုဒ်က ငြိမ်းချမ်းရေးကို ဆင်နွှဲမယ်၊ ရောဂါဘယကို တိုက်ဖျက်မယ်၊ မျှော်လင့်ချက်ကို တည်ဆောက်မယ်။ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ပြဿနာတွေအတွက် ကျွန်မ အတိုင်းအတာတစ်ခုအထိ ကူညီနိုင်ဖို့ မျှော်လင့်တယ်။ စိတ်ကျန်းမာရေးခံစားနေရသူတွေရဲ့ဘဝ နည်းနည်း တိုးတက်သွားအောင်ပဲ ဖြစ်ဖြစ် ကူညီနိုင်ဖို့ မျှော်လင့်တယ်’’
လက်ရှိတာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ မစ္စစ်ကာတာဟာ ‘’နိုင်ငံထဲမှာရော၊ ကမ္ဘာမှာပါ အားကျအတုယူရတဲ့သူအဖြစ် သူ့လမ်း သူဖောက်ခဲ့သူ’’ လို့ အောက်မေ့တသပြောဆိုပါတယ်။
‘‘ကျေးဇူးသိတတ်တဲ့နိုင်ငံကိုယ်စားအပြင် ရိုစလင်း ကာတာကြောင့် ဘဝတွေ ပိုတိုးတက်၊ ကြီးပွား၊ တောက်ပြောင်သွားခဲ့ကြတဲ့ မရေတွက်နိုင်တဲ့လူတွေနဲ့ အတူကာတာမိသားစုတစ်ခုလုံးကို ဝမ်းနည်းမေတ္တာ ပေးပို့ပါတယ်’’ လို့ မစ္စတာဘိုင်ဒန်က လူမှုကွန်ရက် X(အရင်ကတွစ်တာ)မှာ ရေးသားပြောဆိုပါတယ်။
အမေရိကန်သမ္မတကတော်ဟောင်း မီရှဲလ် အိုဘားမားကလည်း ‘‘ကျွန်မတို့ မိသားစု အိမ်ဖြူတော်မှာရှိချိန်တုန်းက ဆိုရင် ရိုစလင်းဟာ မကြာခဏဆိုသလို နေ့လည်စာ အတူလာစားပေးပြီး အကြံဉာဏ်ကောင်းတွေ ပေးတတ်ပါတယ်။ အမြဲတမ်းကို ကူညီတတ်တဲ့လက်တစ်စုံဖြစ်ခဲ့သူပါ’’ လို့ ပြောပါတယ်။
‘‘သမ္မတ ကတော်တစ်ယောက်ရဲ့ အခန်းကဏ္ဍဘယ်လိုဆိုတာမျိုး သူက ကျွန်မကို သတိချပ်စေခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့အားပေးကူညီတတ်တဲ့စိတ်ဓာတ်ကျေးဇူးကို အောက်မေ့တသနေမှာပါ’’
သမ္မတဟောင်းဂျော့ ဒဗလျူ ဘုရှ်နဲ့ သမ္မတကတော်ဟောင်း လောရာဘုရှ် တို့ကလည်း မစ္စစ်ကာတာဟာ ‘‘သိက္ခာပြည့်ဝပြီး ကြံ့ခိုင်တဲ့သူ’’ လို့ ပြောပါတယ်။
‘‘ရိုစလင်းဟာ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး လူတွေမြင်တဲ့အမြင်ကို အပြောင်းအလဲဖြစ်အောင် အလုပ်နဲ့ သက်သေပြခဲ့တဲ့အမွေကို ချန်ထားခဲ့ပါပြီ’’ လု့ သူတို့ ထုတ်ပြန်ချက်မှာ အောက်မေ့တသ ရေးသားပြောဆိုထားပါတယ်။








