နိုဝင်ဘာ ၁၅ ရက် ထိပ်တန်းသတင်းများ - မတ္တရာမှာ တိုက်ပွဲပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, Mandalay People's Defence Force
စစ်တပ်က လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရဲ့အရှေ့ဘက်ခြမ်းမှာ တအာင်းတပ်(TNLA)၊ မန္တလေးနဲ့ မတ္တရာ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ၃ ရက်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဘီဘီစီကသိရပါတယ်။
နိုဝင်ဘာလ ၁၃၊ ၁၄ နဲ့ ၁၅ ရက်မှာဖြစ်တဲ့ ၃ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒေသခံ ပျူစောထီးခေါင်းဆောင်တစ်ဦး သေဆုံးပြီး ထိခိုက်ကျဆုံးမှုများတယ်လို့လည်း မန္တလေး PDF ဘက်ကလည်း ပြီးခဲ့တဲ့နာရီပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲဟာ ညီနောင် မဟာမိတ် သုံးဖွဲ့က ပြုလုပ်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ‘’တောင်သမန်စစ်ဆင်ရေး’’ နာမည်နဲ့တိုက်ခိုက်တာလို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းနဲ့အကြိမ်ကြိမ်တိုက်ခိုက်တဲ့အထိ ပြင်းထန်တဲ့ အဲဒီတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ဒေသခံတွေကတော့ စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်ထဲက ကင်းရွာအနီးက တောင်ရိုးကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာလို့ ဘီဘီစီကိုပြောပါတယ်။
“ဒီမနက်အထိ ကင်းရွာဘက်ကို လေယာဉ် နှစ်ခေါက်ပတ်ပြီး လာပစ်တယ်။ မနေ့ညကလည်း သုံးကြိမ်ပစ်တယ်။ လေယာဥ်လာရင် ဝေါကနဲ အသံကြားရတယ်။ ပြီးရင် အုန်းဆိုပြီး ကြားရတာပဲ။ တိုက်ပွဲစဖြစ်တဲ့နောက်ရက်ကနေ အခုထိနေ့တိုင်းပစ်နေတာ။ သေတဲ့လူတွေရှိတယ်ကြားတယ်”လို့ မတ္တရာ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ မတ္တရာမြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံထောင်နဲ့ချီဟာလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
လွိုင်ကော်တက္ကသိုလ်ဝင်းထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချ

ဓာတ်ပုံ ရင်းမြစ်, Karenni Nationalities Defense Force - KNDF
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
Non-CDM ပညာရေးဝန်ထမ်း ၁၇၀ ကျော်ကိုကယ်ထုတ်ထားတယ်လို့ KNDFပြော
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်၃၈ ဦးက ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ဆီမှာလက်နက်ချအညံ့ခံတယ်လို့ KNDFက ဒီကနေ့မှာ ဓာတ်ပုံတွေနဲ့ သတင်းထုတ်ပြန်ပြောဆိုပါတယ်။
KNDF ဘက်ကအပြောအရ လွိုင်ကော်တက္ကသိုလ်ထဲမှာ တပ်စွဲထားတဲ့ တပ်မ(၆၆)လက်အောက်ခံ ခမရ (၄၂၅) နဲ့ ခမရ (၆) တပ်ရင်းတို့ကို အပြီးသတ်ချေမှုန်းတဲ့နောက် နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင်တွေက လက်နက်ချအညံ့ခံခဲ့လို့ လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။
လက်ရှိမှာ KNDF စစ်ဖက်ဆိုင်ရာအက်ဥပဒေနဲ့ သုံ့ပန်းဆိုင်ရာမူဝါဒများအတိုင်း လက်နက်ချသူတွေကို ခံစားခွင့်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးပြီးထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။
တချိန်တည်းမှာပဲ တက္ကသိုလ်ထဲမှာရှိတဲ့ ဌာနအသီးသီးက စစ်ကောင်စီလက်အောက်ခံ Non-CDM ပညာရေးဝန်ထမ်း ၁၇၀ ကျော်ကိုလည်း KNDF ဘက်ကကယ်ထုတ်ခဲ့ပြီး လက်ရှိမှာ စစ်ဆေးမေးမြန်းနေတာနဲ့ အတူ လုံခြုံတဲ့နေရာ ရွှေ့ပြောင်းပေးထားတယ်လို့ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက မနေ့ နိုဝင်ဘာ ၁၄ ရက်က ဘီဘီစီကို အတည်ပြုပြောဆိုထားပါတယ်။
Non-CDM ဝန်ထမ်းတွေအတွက် ချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပေမဲ့ ကရင်နီ ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ(IEC) ဘက်က အသေးစိတ်ကို ပြန်လည်ထုတ်ပြန်သွားမယ်လို့ ခွန်းဘီထူးက ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကရင်နီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေက ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးဖို့ကြိုးစားတာကြောင့် လွိုင်ကော်တက္ကသိုလ်က ပညာရေးဝန်ထမ်းတွေကို ကယ်ထုတ်ဖို့လုပ်ဆောင်ခဲ့ပြီး မနေ့ နိုဝင်ဘာ ၁၄ ရက်က ဝန်ထမ်း ၂၇ ဦး ပြန်လည်လွတ်မြောက်လာတယ်လို့ ပြောဆိုထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦး အိန္ဒိယစစ်တပ်မှာ ထိန်းသိမ်းခံထားရ

ဓာတ်ပုံ ရင်းမြစ်, Zalen
အိန္ဒိယ-မြန်မာနယ်စပ်အနီး ရိဒ်ခေါဒါရ်မြို့က စစ်ကောင်စီတပ်စခန်းနှစ်ခုကို ချင်းအမျိုးသားတပ်ဦး (CNF) ကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ဟာ အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခဲ့ကြတယ်လို့ မီဇိုရမ်ပြည်နယ်၊ချမ်းဖိုင်ခရိုင်က အကြီးတန်းရဲအရာရှိတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
အိန္ဒိယဘက်ကို ထွက်ပြေးတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦးဟာ အိန္ဒိယရဲ့ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့ဆီမှာ လက်နက်ချခဲ့တာကြောင့် အဲဒီလူတွေကို အာသံရိုင်ဖယ်(အိန္ဒိယစစ်တပ်)ရဲ့ ထိန်းသိမ်းရေးစခန်းကို ပို့ထားတယ်လို့ ရဲအရာရှိက ပြောပါတယ်။
တစ်ဖက်မှာလည်း ထိန်းသိမ်းခံထားရတဲ့ ၄၃ ဦးထဲက ၃၉ ဦးကို အိန္ဒိယနိုင်ငံ မဏိပူရမြို့ရဲ့ နယ်စပ်ဖြတ်ကျော်ဂိတ်ကနေ စစ်ကောင်စီဆီကို ပြန်ပြီးလွှဲပြောင်းပေးခဲ့တယ်လို့ မီဇိုရမ်အစိုးရက အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးကိုကိုးကားပြီး ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ ရိဒ်ခေါဒါရ်ကတိုက်ပွဲကြောင့် ဒေသခံ စစ်ဘေးရှောင် ၅,၀၀၀ကျော်ဟာ ရိဒ်ခေါဒါရ်မြို့နဲ့ သိပ်မဝေးတဲ့ အိန္ဒိယရဲ့ နယ်စပ်မြို့ ဇိုခေါ့သာဘက်မှာ ခိုလှုံနေတယ်လို့ သိရပါတယ်။ အဲဒီဘက်မှာတော့ ပစ်ခတ်တာတွေမရှိဘူးလို့ အကြီးတန်းရဲအရာရှိက ဘီဘီစီကိုဖြေပါတယ်။
အိန္ဒိယအစိုးရရဲ့ စစ်တမ်းထုတ်ပြန်ချက်တွေကို အိန္ဒိယသတင်းဌာန (The Press Trust of India) ကနေ ကိုးကား ဖော်ပြတာကတော့ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသား အရေအတွက်က သုံးသောင်းနဲ့အထက်ရှိတယ်လို့ ပြောပါတယ်။
စစ်ပွဲတွေစတင်ခဲ့တဲ့ ၂၀၂၁ ကတည်းက ပထမဆုံး မီဇိုရမ်ပြည်နယ်ကို ခိုလှုံလာတဲ့လူအုပ်စုထဲမှာ စစ်ကောင်စီဘက်က ဘက်ပြောင်းခိုလှုံကြတဲ့ ရဲနဲ့ စစ်သားတွေပါဝင်တယ်လို့ PTI က ဖော်ပြပါတယ်။
ဟိုပန်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် မြို့ခံတွေ စစ်ရှောင်

ဓာတ်ပုံ ရင်းမြစ်, Sai Tun Lon Hopang
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့ကို မြောက်ပိုင်းမဟာမိတ်တပ်တွေ ရဲ့ ဒရုန်းတိုက်ခိုက်မှုအပြီးမှာ မြို့ခံတွေဟာ မြို့ကို တဖြည်းဖြည်းစွန့်ခွာနေကြပြီလို့ ဒေသခံတွေထံက သိရပါတယ်။
ဟိုပန်မြို့ စေတီကုန်းမှာ စစ်ကောင်စီတပ်တွေ ရှိနေတယ်ဆိုတဲ့သတင်းကြောင့် MNDAA က နိုဝင်ဘာ ၁၃ ရက် ညမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီး ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါဟာ ၁၀၂၇ စစ်ဆင်ရေး ပထမနေ့မှာ နမ့်တိမ်တံတား ကို ဗုံးခွဲပြီးနောက် စစ်ကောင်စီလက်အောက်မှာရှိနေတဲ့ ဝ တိုင်း နယ်မြေအစိတ်အပိုင်းကို မြောက်ပိုင်းမဟာမိတ်တပ်တွေရဲ့ တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ်တွေလက်ထဲ စစ်ကောင်စီရဲ့ ကွမ်းလုံဗျူဟာ ကျရောက်ပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေ ဟိုပန်ကို လာရောက်ခိုလှုံခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီရဟတ်ယာဉ်တွေလည်း ဟိုပန်ကို ဆင်းသက်နေလို့ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်ကြောင့် ဟိုပန်မြို့ခံတွေ မြို့ကို တစ်စတစ်စ စွန့်ခွာနေကြပါတယ်။
စစ်ကောင်စီတပ်တွေရှိနေတဲ့ ဟိုပန်မြို့မှာ ဌာနဆိုင်ရာအတော်များများလည်း မရှိတော့ဘဲ ရုံးတွေလည်း ပိတ်ထားလိုက်ပြီ လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ခံအများစုကတော့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ ထိန်းချုပ်နယ်မြေ နမ့်တစ် နဲ့ မိုင်းလားကို ရွှေ့ပြောင်းနေကြတာဖြစ်ပါတယ်။
ဟိုပန်ဒေသမှာ ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ နဲ့ ခြူးရွှေပန်ကောက် တိုက်ပွဲတွေ ပြီးကတည်းက နှစ်ပေါင်း ၄၀ ကျော် တိုက်ပွဲကြီးကြီးမားမား မဖြစ်ခဲ့တာ ဖြစ်ပါတယ်။








